ရှင်ဇိုအဘေရဲ့ Abenomics အကြောင်း တစေ့တစောင်း By Spring Flowers
September 15, 2013 at 8:30am

( ပုံကြီး ကြည့်ပြီး လန့်သွားပြီလား ...ဟဲဟဲ ။ လူရှိန်အောင် ပါ )
- အာဏာရနိုင်ငံရေးသမားတွေ ၊ ၀န်ကြီးချုပ် စတာတွေဟာ စီးပွားရေးပေါ်လစီသစ်တွေကို ဖော်ဆောင်လေ့ရှိကြတယ် ။ ( အင်း....စကတည်းက ပျင်းစရာတော့ ကောင်းပြီနဲ့ တူပါတယ် .....ဘာတွေ ပြောမလို့လဲ မသိဘူး ....၀ါး ။ ) နာမည်ကြီးနိုင်ငံရေးသမားများ ဖော်ဆောင်တဲ့ ပေါ်လစီတွေဟာ ကောင်းသည် ဖြစ်စေ ဆိုးသည်ဖြစ်စေ သူတို့နာမည်တွေနဲ့ ပူးတွဲပြီး ကျန်နေလေ့ ရှိတတ်တယ် ။ ဥပမာ သမ္မတကလင်တန် ဖော်ဆောင်ခဲ့တဲ့ economics ပေါ်လစီတွေကို Clintonomics လို့ သမုတ်ကြပါတယ် ။ မာဂရက်သက်ချာရဲ့ free market အခြေခံပေါ်လစီတွေကိုတော့ Thatcherite policies လို့ ခေါ်ရုံတင်မကဘဲ ၀ါဒတစ်ခု အနေနဲ့ Thatcherisim လို့တောင် အမည်တွင်ကျန်ခဲ့သတဲ့ ။ အာဂမိန်းမနော် ......ကိုယ့်နာမည်ကြီးနဲ့ -ism တစ်ခုကျန်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီး တဲ့.....ဘာမှတ်တုန်း ။ သက်ချာနဲ့ သိပ်ကို အတိုင်အဖောက်ညီခဲ့တဲ့ အမေရိကန်သမ္မ ရော်နယ်ရေဂင်ရဲ့ မူဝါဒတွေကိုကျတော့ Regonomics လို့ သမုတ်ကြပြန်ပါတယ် ။ အခုတခါ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေက ဂျပန်ကို စီးပွားရေးအကြပ်အတည်းထဲက ဆွဲထုတ်ရာမှာ သုံးနေတဲ့ ပေါ်လစီတွေကိုကျတော့ Abenomics ပါတဲ့ ။ ဒီတော့ ဇာတ်လိုက်ကလေး '' အဘေ Abe '' က နိပွန်းပြည်ကြီးကို ကယ်တင်ဖို့ ဘာတွေ ကြံစည်မင်းလုပ်နေသလဲဆိုတာ တစွန်းတစ စပ်စုကြရအောင် ။

- '' အဘေ Abe '' က ဘာကို ရည်မှန်းထားလဲ ဆိုတော့ အနှစ် (၂၀) လောက် '' တန့်'' နေတဲ့ ဂျပန်ရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဖို့ တဲ့ ။ တန့်နေတယ် ဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဂျပန်တွေမှာ ဈေးမ၀ယ်ချင်ကြတဲ့ ရောဂါထနေတယ် ၊ ဈေးဝယ်မယ် ဆိုရင် လက်တွန့်နေကြတယ် ။ နောက်လည်း ဈေးတွေ ကျဦးမှာဘဲ ဆိုတဲ့ အတွေးကြီးက လူတိုင်းမှာ စွဲကပ်နေတော့ ၀ယ်လိုအားတွေ ကျ ၊ ဒီတော့ ဈေးကွက်က အရှိန်အဟုန်နဲ့ ကောင်းကောင်းမလည် ပတ်နိုင် ၊ မလည်ပတ်နိုင်တော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက လက်တွန့် ၊ ရင်းနှီးမယ့်လူတွေ လက်တွန့်တော့ ဈေးကွက်ကြီးက ခြောက်သွေ့နဲ့ ဂျာအေးကို သူ့အမေရိုက်နေတာ အနှစ် (၂၀ ) လောက်ရှိပြီ ဆိုဘဲ ။ ဒီတော့ ဈေးကွက်ကို '' ဆွ '' ဖို့ ဗျူဟာတွေ ချရတော့တာတာပေါ့ ...ပြောတော့လွယ်လိုက်တာအေ ။ ဈေးကွက် ဆိုတာဂျီးကို ဘယ်လို ဆွမှာလဲ လင်းစမ်းပါဦး ။
- ဟုတ်ကဲ့....'' အဘေ '' က ပေါ်လစီ သုံးခု ချလိုက်တယ် ။ အဲဒီ ပေါ်လစီသုံးခုကို ဘေးကနေ စောင့်ကြည့်ဘုတော...အဲလေ ....ဝေဖန်သူတွေက သူ့နာမည်ကို အစွဲပြုပြီး Abenomics လို့ ခေါ်တယ် ။ Abenomics ရဲ့ အဲဒီ ပေါ်လစီ သုံးခုကိုတော့ Three arrows လို့ တင်စားကြတယ် ။ လာထား.....မြှားသုံးချောင်းနဲ့ ဇာတ်လိုက်ကလေးက ဘာကို ချိန်ထားသလဲ ကြည့်လိုက်ရအောင် ။

- Abenomics ရဲ့ '' မြှားသုံးချောင်း '' လို့ ခေါ်ကြတဲ့ ပေါ်လစီသုံးခုကတော့
(၂) fiscal stimulus ( ဈေးကွက်ထဲ ငွေတွေ ရိုက်သွင်းပြီး ၀ယ်လိုအားကို ''ဆွ'' ခြင်း )
(၃) structural reforms ( အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲမှု ) .....အဲဒီ မြှားသုံးခုနဲ့ တို့ဇာတ်လိုက်ကလေး အဘေက ဂျပန်ရဲ့ စီးပွားရေးကို ကယ်တင်မယ် ဆိုဘဲ ။

( 1 ) Monetary Policy ဆိုတာ ဘာကြီးတုန်း
- ဘာကြီးမှ မဟုတ်ပါဘူးအေ ။ ဘဏ်မှာ ငွေအပ်ဖူးတယ် မဟုတ်လား ။ မြန်မာပြည်မှာ တချို့တွေဆို ဟိုးအရင်ကတည်းက ဘဏ်မှာ ငွေတွေ နင်းကန်အပ် ၊ အတိုးတွေ ထိုင်ထုတ်ပြီး အလုပ်မလုပ်ဘဲ နေနိုင်ကြတယ်လေ ။ အတိုးကလည်း ဘယ်မှာမှ မရတဲ့ ၁၃ ရာခိုင်နှုန်းတောင် မဟုတ်လား ။ အခုတော့ လျှော့ချဖို့ ပြင်နေပြီ ဆိုတော့ တချို့လည်း ချိတ်တွေ ညစ်နေကြတယ် တဲ့ ( အတိုးလေးနဲ့ ငြိမ့်လာတာကိုးလို့ ....ဟင့်..ခုတော့ ) ။
- အဲလို ဗဟိုဘဏ်ကနေ အတိုးတွေကို တိုးလိုက် လျှော့လိုက် လုပ်တာဟာ Monetary Policy ဆိုတာကြီးထဲ ပါတာပေါ့ ။ တနည်းအားဖြင့် ပြောရရင် ဗဟိုဘဏ်ကနေ ဈေးကွက်ထဲမှာ ရှိမယ့် ငွေပမာဏကို ထိန်းချုပ်ထားတာ တဲ့ ။
- စီးပွားရေးဆိုတာကြီးရဲ့ သဘောက သင်္ချာလို ဖော်မြူလာ ၊ အီကွေးရှင်းတွေ အတိအကျချရုံနဲ့ တိတိကျကျ အဖြေမထွက်တတ်ဘူး လို့ ကြားဖူးတယ် အေ့ ။ တသမတ်တည်း မနေဘူးပေါ့အေ ။ ဘာလို့လည်းဆိုတော့ လူတွေရဲ့ mindset တွေ trend တွေကို ထည့်စဉ်းစားရသေးတယ် လေ ။ အတွင်း အပြင်နိုင်ငံရေးအခြေအနေနဲ့လည်း ဆိုင်သေးတယ် တဲ့ ။ အဲဒီတော့ အစိုးရတွေမှာလည်း ဟိုလိုဒီလို နည်းအမျိုးမျိုးနဲ့ ဈေးကွက်ကို ဘယ်လို ထိန်းမလဲဆိုတာ အချိန်နဲ့အမျှ ဦးနှောက်စားနေရတာပေါ့ ။
- တိုတိုပြောရရင်တော့ ဗဟိုဘဏ်ကြီးက အတိုးနှုန်းကို မြှင့်လိုက် လျှော့လိုက် ကစားပြီး ကိုယ်လိုချင်တဲ့ ရလာဘ်ကို ဖော်တာဟာ Monetary Policy လို့ ပြောရင် မမှားဘူးပေါ့ ယောက်မရယ် ။ ဥပမာအားဖြင့် ဘဏ်တိုးနှုန်းတွေ မြင့်နေရင် လူတွေက ပိုက်ဆံတွေကို ဘဏ်မှာအပ်ပြီး အတိုးတွေ ထိုင်ထုတ်နေမှာပေါ့ ။ ဒါဆိုရင် ငွေတွေက ဘဏ်မှာ ပိုများနေပြီး ဈေးကွက်ထဲမှာ ၀ယ်လိုအားကျမယ် ။ အတိုးကို မက်နေတော့ တော်ရုံတန်ရုံ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ လက်တွန့်ကြမယ် ။ ဒီတော့ တိုင်းပြည်ရဲ့ စီးပွားရေး အဆောက်အဦးကြီးက ကြာရင် ဒွတ်ခ မရောက်ဖူးလား လို့ ။
- ဒီတော့ ၀ယ်လိုအားကို တက်အောင်လုပ်ချင်ရင် ဘဏ်တိုးနှုန်းကို လျှော့လိုက်ရတယ် တဲ့ ။ ဒီလိုဆို ဘဏ်မှာ ပိုက်ဆံအပ်ပြီး အတိုးထိုင်ထုတ်နေမယ့် လူတွေ နည်းသွားမယ်လေ ။ ဆက်ပြီး တွေးကြည့်လိုက်ပေါ့ အေရယ် ....ဘဏ်ကနေ ပိုက်ဆံချေးရတာ အတိုးနည်းနည်းဘဲ ပေးရတယ်ဆိုရင် ချေးချင်သူတွေ မများလာဘူးလား ။ ဒီတော့ အတိုးနှုန်းနည်းနည်းနဲ့ ပိုက်ဆံချေးပြီး စီးပွားရေးလှုပ်ငန်းသစ်တွေကို လုပ်လာကြမယ် ။ ဈေးကွက်ထဲမှာ ငွေကြေးသုံးစွဲမှု ပိုများလာမယ် ။ ဒီတော့ တန့်နေတဲ့ စီးပွားရေးတွေ ပြန်လည် ပတ်လာမယ် ။ အဲဒါကြီးကို ( Expansionary Monetary Policy ) လို့ ခေါ်တယ်အေ့.....တံတွေးစင်သွားရင် ခွေးလွှတ်နော် ။


- ဒါပေမယ့် အဲလို စီးပွားရေး ပြန်လည်ပတ်လာပြန်ရင်လည်း သတိထားရသေးတယ် တဲ့တော် ။ ၀ယ်လိုအားတွေများပြီး ဈေးတွေ စွတ်တက်လာရင် တခါ ဗဟိုဘဏ်က တခါ ၀င်ပြီး ထိန်းရပြန်သတဲ့ ။ ဘယ်လို ထိန်းသလဲဆိုတော့ အတိုးနှုန်းကို တက်လိုက်ရပြန်သတဲ့ ။
- တနည်းအားဖြင့် လူတွေ အသုံးကြမ်းလာရင် ကုန်ဈေးနှုန်းတွေ တက်လာမယ် မဟုတ်လား ။ လူတွေမှာ ဖြုန်းအားကောင်းလာရင် ဈေးကွက်မှာ ပစ္စည်းရှားလာတတ်ပြန်ရော တဲ့ ။ ဒါကြောင့် ကုန်းဈေးနှုန်းတက်နေတဲ့ တိုင်းပြည်တွေမှာ ဗဟိုဘဏ်တွေက အတိုးနှုန်းကို တက်ပစ်တတ်တာဟာ Inflation ကို ထိန်းတဲ့ နည်းတနည်းဆိုဘဲ ။ ဘိလပ်လိုတော့ ( Deflationary Monetary Policy ) တဲ့ ။

- ညည်းမှတ်မိတယ် မဟုတ်လား ........ ၂၀၀၇ က စပြီး ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဆိုတာကြီး စလာတော့ နိုင်ငံတွေ တော်တော်များများ စီးပွားကျပြီး တိုင်ပတ်နေကြတယ် ဆိုတာလေ ။ ဆင်လည်း ဆင့်အထွာ ဆိတ်လည်း ဆိတ်အထွာနဲ့ အားလုံး ခေါင်းကိုက်နေကြတာ အခုထိ ဆိုပါတော့ ။
- နိပွန်းပြည်ကြီးလည်း ဘယ်လွတ်ပါ့မလဲ ။ ဒါပေမယ့် ဂျပန်ဈေးကွက်ကြီး ထိုင်း နေတဲ့ ပြသာနာ ဖြစ်နေတာက ၂၀၀၇ မှာ စတာမဟုတ်ဘူး ၊ အနှစ် (၂၀) လောက်ကို ရှိပြီ လို့ အဘေ ကလေးက ငါ့ကို မနေ့က ရင်ဖွင့်သွားတယ် ။ အခုလို စီးပွားကျပ်ချိန်ဆိုတော့ သူ့ခမျာ တစ်ပူပေါ် နှစ်ပူဆင့်ပေါ့အေ ။
- ၁၉၉၀ နှစ်များမှာ ဂျပန်အိမ်ခြံမြေဈေးကွက် နင်းကန်တက်လာရာကနေ ဈေးကွက် ပြိုလဲ မှု ဆိုတာ ဖြစ်ခဲ့သတဲ့ ။ ဘာလို့လည်း ဆိုတော့ ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်းမှာ ဂျပု..အဲ...ဂျပန်တွေဟာ ငွေတွေ နင်းကန်စုကြသတဲ့ ။ အဲဒီတော့ ဘဏ်တွေမှာ ငွေတွေပေါလာပြီး ငွေချေးချင်တဲ့လူတွေအတွက် ကန့်သတ်ချက်တွေ နည်းလာတယ် ၊ ငွေချေးရတာ လွယ်လာတယ် ။ ဒီတော့ နင်းကန်ချေးကြတော့ကြပေါ့ ။
- ဒီကြားထဲမှာ ဂျပန်ယန်းငွေကလည်း တန်ဖိုးတွေတက်လာတော့ အိမ်ယာမြေတွေ အဆပေါင်း များစွာ ဈေးတက်လာတယ် ။ အဲသလို တကယ့်တန်ဖိုးထက် အဆပေါင်းများစွာ ဈေးတက်နေလာတာကို စီးပွားရေးမှာ Bubble လို့ ခေါ်တယ် ။ ပူပေါင်းလေးလိုပေါ့အေ ။ ကြာရှည်ခံမယ့် တိုးတက်ခြင်းမျိုး မဟုတ်ဘူးပေါ့ ။ ဈေးတွေ ထိန်းလို့မရအောင် မြောက်လွန်းလာတော့ ဗဟိုဘဏ်က ၀င်ထိန်းရတယ် ၊ ဘယ်လို ၀င်ထိန်းသလဲဆိုတော့ အတိုးနှုန်းကို မြှင့်လိုက်ရတယ် တဲ့ ။ လွယ်လွယ်ရနေတဲ့ ချေးငွေတွေကို ထိန်းလိုက်တဲ့သဘောပေါ့ ။ အဲဒီတော့ Market panic လို့ခေါ်တဲ့ ဈေးကွက်လန့်တာတွေ ဖြစ်ပြီး ဈေးတွေ ဗြုန်းဆို ပြုတ်ကျတော့တာဘဲ ။ အဲဒီ မြောက်တက်နေတဲ့ ဈေးကွက် ပြိုလဲတာကိုတော့ Bubble burst လို့ ခေါ်သတဲ့ ။ ပူပေါင်းကလေး ဖောက်ခနဲ ပေါက်သွားသလိုပေါ့အေ ။


- Bubble burst ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုးရှိတာပေါ့အေ ။ နောက်မှဘဲ အဲ့အကြောင်းကို ဆက်ပြီး အာလူးဖုတ်တော့မယ် ။ ဒီမှာတော့ အဘေကလေးအကြောင်းကို မရောက်ဘဲနေမှာစိုးလို့ လိုရင်းတိုရှင်းဘဲ ပြောရအောင် ( တော်သေးတာပေါ့ ...လိုရင်းမို့လို့ ) ။
- အဲလို Bubble burst ဖြစ်ပြီး ဈေးတွေ ကျရာကနေ အလုပ်လက်မဲ့နှုန်း များလာပြီး ၀ယ်လို အားကျလာခဲ့တာ အခု မျက်မှောက်ကာလထိဘဲ တဲ့ ။ ကုန်ဈေးနှုန်းကျတော့ လူတွေက invest မလုပ်ကြ ၊ ဈေးဝယ်နည်းလာကြတယ် ။ ဈေးတွေ စွတ်ကျနေမှတော့ တစ်ခုခု ၀ယ်မယ် လုပ်တိုင်း '' ဟင်း....နောက်ဆို ဈေးက ဆက်ကျဦးမှာ ၊ ၀ယ်လို့ မဖြစ်သေးပါဘူး '' ဆိုတဲ့ စိတ်ကလေး ညည်းဆိုရင်ရော မ၀င်နိုင်ဘူးလား စဉ်းစားကြည့် ။ ငါတို့ အဘေက အခု ဒီပြသာနာတွေ ရှင်းရမှာ တဲ့တော့ ။

(၂) Stimulus ဆိုတာ ဘာလဲ
- အဘေက သူ့အကြံအစည်ကြီးရဲ့ ဒုတိယအဆင့်ကို လုပ်ဖို့ ငွေကြေးဖောင်းပွမှု ( Inflation ) ကို ၂ % ထိ တိုးလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် တဲ့ ။
- ဟင်....ကယ်တင်ပါမယ် ဆိုမှ ဘယ်နှယ် ငွေကြေးဖောင်းပွအောင် လုပ်ရတာလဲ လို့မထင်လိုက်နဲ့ဦး ။ သူ့ဗျူဟာက တမျိုးအေ့.... Inflation ဖြစ်အောင်လုပ်တယ်ဆိုတာ ဈေးကွက်ထဲမှာ ငွေစက္ကူတွေ ပေါပေါလောလော ဖြစ်အောင် လုပ်တာ မဟုတ်လား ။ ငွေတွေပွလာရင် ငွေတန်ဖိုးကျမယ်လေ ။ ဒါကြောင့် ယန်းငွေတွေကို အကန့်အသန့်မရှိ ( unlimited yen ) ထုတ်ဖို့ ခိုင်းလိုက်သတဲ့ ။
- ဒီလိုနဲ့ ၂၀၁၃ အစပိုင်းမှာ ဂျပန်ဗဟိုဘဏ်က ငွေစက္ကူတွေ နင်းကန်ရိုက်ထုတ်တော့တာပေါ့ ။ ပြီးရင် အဲ့ငွေတွေကို ဈေးကွက်ထဲကို ရိုက်သွင်းဖို့ အစီအစဉ်ချသတဲ့ ။ ရိုက်သွင်းတယ်ဆိုတာ တုတ်နဲ့ ရိုက်တာ မဟုတ်ဘူးနော် .......အဲ့ပိုက်ပိုက်တွေကို သုံးပြီး ဗဟိုဘဏ်က ပြည်တွင်းအစုရှယ်ရာတွေ ၊ မြေယာ စတာတွေကို လိုက်ဝယ်တာတာတဲ့တော် ။ ဒါမှမဟုတ်ရင်လည်း နည်းလမ်းတမျိုးမျိုး ရှာပြီး သုံးလိုက်တာကို ပြောတာ ။ အဓိကက အဲ့ငွေတွေ ဈေးကွက်ထဲရောက်ဖို့ဘဲ ။
- ဒီတော့ ဈေးကွက်ထဲကို အစိုးရငွေတွေ ဒလဟော ၀င်လာပြီး ထိုင်းနေတဲ့ ၀ယ်လိုအား ပြန်ကြွလာရော မဟုတ်လား ( ဟင်း....မဖြစ်လို့သာ နားထောင်နေရတယ် ၊ တစ်ယောက်တည်းနဲ့ ရှုပ်ယှက်ခတ်နေတာဘဲ ) ။ အဲလို မောင်းသွင်းတာကို stimulus လုပ်တယ်လို့ ခေါ်သတဲ့ ။ stimulate လုပ်တယ်ဆိုတာ လှုံဆော်တာကို ဆိုလိုတာ မဟုတ်လားအေ ။ ဒီတော့ stimulus ဆိုတာ ဈေးကွက်မှာ ၀ယ်အားတက်လာအောင် လှုံဆော်တာကို ပြောတာပေါ့ ။ ဒီထက် ကြီးကြီးကျယ်ကျယ်တွေ ပြောရရင်တော့ Quantitative Easing လို့လည်း ခေါ်သတဲ့ ။ ( စင်ပြန်ပြီ....တံတွေး ) ။

- အဲအဲ.....ငါပြောတာ ဘယ်ရောက်သွားပြီလဲ .....သြော် အင်း..... ဒီလိုနဲ့ ဇာတ်လိုက်ကလေး ရှင်ဇိုအဘေရဲ့ ပလန်တွေကို အကောင်အထည်ဖော်ဖို့ ဂျပန်ဗဟိုဘဏ်ဟာ ငွေကြေးဖောင်းပွအောင်လုပ်ရတော့တာပေါ့ ။ အဲလို လုပ်ဖို့ဘဲ ငွေတွေ ဘယ်လောက် သုံးသလဲ သိလား ။ ဂျပန် GDP ရဲ့ ၁၀ % လောက်ထိ နှစ်စဉ် သုံးမတဲ့ အေ့ ။ ဒါဟာ ဒေါ်လာ '' သန်း '' ထောင်ပေါင်း ၅၀၀ လောက်သော ငွေနဲ့ ညီသတဲ့ ( အင်း..... ဒေါ်လတွေ သန်း နဲ့ချီပြီး ပြောရတာ တော်တော် အရသာတွေ့နေပုံဘဲ......သူ့ဖြင့် တစ်ပြားတောင် မရှိဘဲနဲ့ )

- တစ်ယောက်တည်း ပြော ၊ တစ်ယောက်တည်း ထောက်ခံနေရာတာ အာခြောက်လိုက်တာအေ......ရေလေးဘာလေးလည်း တိုက်ပါဦး........ဂွပ် ..ဂွပ် ( ရေသောက်သံ )
- အင်း...ခုမှဘဲ ရင်ထဲအေးသွားတော့တယ် ...ညည်းကလည်း အင်းမလှုပ် အဲမလှုပ် ...ဟွန်း ။ ဒီတော့ ဆက်ရရင် အဲဒီလို ငွေဈေးကို ချပစ်တော့ ဂျပန်ယန်းဟာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ၂၅ % နီးပါး တန်ဖိုး ကျသွားရော တဲ့ ။ ညည်းစဉ်းစားကြည့်ပေါ့.....အဲလို ငွေဈေးကျတော့ ဂျပန်ပို့ကုန်တွေ ဈေးသက်သာမသွားဘူးလား ။ ငါပြောတာ ရှုပ်သွားပြီလား ။ ပို့ကုန်ဆိုတာ ကိုယ့်နိုင်ငံကနေ တခြားနိုင်ငံကို ပို့တဲ့ ကုန်မဟုတ်လား ။ နိုင်ငံခြားတိုင်းပြည်တွေက ဒေါ်လာလို နိုင်ငံခြားငွေတမျိုးမျိုးနဲ့ ကိုယ့်ဆီက ၀ယ်ကြရတာလေ ။ အဲလို ၀ယ်ဖို့ လိုကယ်မန်းနီးနဲ့ ဒေါ်လာ မလဲလှယ်ရဘူးလား ။ အဲလို လှဲလှယ်တဲ့အခါ ကိုယ့်တိုင်းပြည်က ငွေက တန်ဖိုးကျနေရင် ကိုယ့်ကုန်တွေ ဈေးသက်သာနေတာပေါ့ ။ ငါလည်း ဒီထက်ပိုမရှင်းတတ်တော့ဘူးအေ ။ မလည်လည်း လည်တယ်လို့ဘဲ မှတ်လိုက်ပြီ နော် ။
- အဲလို ကိုယ့်တိုင်းပြည်က ပို့ကုန်တွေ ဈေးချိုတော့ နိုင်ငံခြားတိုင်းပြည်တွေက ကိုယ့်ပစ္စည်းတွေကို ပိုဝယ်ကြရော မဟုတ်လား ။ ဒါဆို export လုပ်သူတွေ အဆင်ပြေတယ်လေ ။ အဘေက ပလန်က အဲလို export ကို မြှင့်ဖို့လည်း ပါတယ် တဲ့ဟ ။ သူ့အကြံကလည်း သိပ်ဆိုးပုံတော့ မရပါဘူးလေ ။ လုပ်ငန်းရှင်တွေ အမြတ်များရင် အလုပ်သမားတွေ လုပ်အားခ ပိုများနိုင်တယ် ။ အလုပ်ခွင်ထဲက facilities တွေအတွက် ပိုသုံးနိုင်မယ် မဟုတ်လား ။


- ဒါပေမယ့် ဝေဖန်ရေးနဲ့ လေကန်ရေးလုပ်သူတွေကတော့ ဒီ plan ရဲ့ risk တွေကိုလည်း တင်ပြကြသတဲ့ ။ တကယ်လို့ ဈေးတွေ ပြန်တက်လာရင် တဖြည်းဖြည်းနဲ့ အတိုးနှုန်းကလည်း ပြန်တတ်လာမှာဘဲ ။ Bond လို့ ခေါ်တဲ့ ချေးငွေ လက်မှတ်တွေအတွက် အတိုးက မြင့်လာဦးမှာဘဲ ။ အဆိုးဆုံးအခြေအနေထိဖြစ်လာနိုင်တာကတော့ အဲဒီအကြွေးတွေကို ပေးဖို့ အစိုးရအနေနဲ့ ငွေစက္ကူတွေ ပိုရိုက်ထုတ်လာရပြန်ဦးမယ် ၊ ဒီတော့ တခါ ငွေဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ တက်ဦးမယ် ။ အစိုးရအနေနဲ့ အခွန်တိုးကောက်ရတာတွေ ၊ austerity measure လို့ ခေါ်တဲ့ ( လူမှုဖူလုံရေးအတွက်) သုံးတဲ့ စရိတ်တွေကို ဟိုဖြတ်ဒီဖြတ်လုပ်ရတာတွေ လုပ်ရပေဦးမယ် ၊ ဒါဆို တ၀ဲလည်လည်နဲ့ ဂျာအေးသူ့အမေရိုက်တဲ့ Vicious cycle ကြီး ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုတယ်အေ့ ။

- နောက်တစ်ခုက တန်ဖိုးကျ weak ဖြစ်လာတဲ့ ယန်းငွေပြသာနာပေါ့ ။ ငွေတန်ဖိုးကျလာတော့ သူများနိုင်ငံဆီက ၀ယ်ရတဲ့ import တွေအတွက် ဈေးမကြီးသွားဘူးလား ။ အထူးသဖြင့် ၂၀၁၁ စူနာမီနဲ့ ငလျင်ကိစ္စကတည်းက ပိတ်လိုက်ရတဲ့ ဂျပန် နူးကလီးယားစက်ရုံတွေကြောင့် ဂျပန်မှာ energy မလုံလောက်တဲ့ ပြသာနာဖြစ်နေသတဲ့ ။ ငါတို့ဆီမှာလိုတော့ ဘယ်အဆင့်မှီပါ့မလဲအေ ။ သူတို့ခမျာမယ် စွမ်းအင်တွေကို နိုင်ငံခြားက ပိုသွင်းနေရတယ်တဲ့ ...ကျွတ်ကျွတ် ။ တို့ဆီမှာလို ပိုလျှံလို့ ရောင်းတောင် ယူရပြီး ဖယောင်တိုင်ထွန်းနေရတဲ့ အဆင့်ဆိုတာ နည်းနည်းနောနောလားအေရယ် ။ ဒီတော့ ဂျပန်အနေနဲ့ အဲလို နိုင်ငံခြားက ၀ယ်သွင်းရတဲ့ ပစ္စည်းတွေအဖို့ ယန်းငွေ တန်ဖိုးကျနေရင် မကွိုင်ဘူးလားအေ ( တိဘူးလေ )

- ဒါနဲ့ မမေ့ခင် ပြောရဦးမယ် ။ stimulus လုပ်ပြီး ရိုက်သွင်းလိုက်တဲ့ငွေတွေကို infrastucture တွေ ဆောက်ရာမှာလည်း သုံးပြီး ဈေးကွက်ကို ဆွဦးမှာ တဲ့ ။ ဒီအတွက် သုံးဖို့ မှန်းထားတဲ့ ငွေကချည်း တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၁၄ billion တဲ့ အေ့ ။ billion ဆိုတာ သန်းတစ်ထောင် မဟုတ်လား ။ ဒေါ်လာ ၁၁၄ billion ဆိုတာ မြန်မာလို ဘယ်လောက်လဲ အုံးစားကြည့်စမ်းပါ ။ အဲဒီငွေတွေကို ကျောင်းတွေ လမ်းတွေ ငလျင်ဒဏ်ခံနိုင်အောင်သုံးတာတွေ ဆောက်ရာမှာ သုံးမယ်လို့ ဆိုတယ် ။ သိပ္ပံသုသေတနလုပ်တဲ့ နေရာနဲ့ အသစ်တဖန်ပြည်လည်သုံးလို့ရတဲ့ renewable energy တွေ ထုတ်ရာမှာလည်း သုံးမယ်လို့ ဆိုတယ် ။

- ဒီနေရာမှာ မှတ်ထားဦး တော်ရေ ......ဂျပန်ရဲ့ လက်ရှိအကြွေးက ဘယ်လောက်ရှိသလဲဆိုတာ ။ တိုင်းပြည် GDP ရဲ့ ၂၄၀ % ရှိသတဲ့ ။ ဒါဟာ စက်မှုနိုင်ငံတွေထဲမှာ အမြင့်ဆုံး ပါဘဲ တဲ့ ။ အကြွေး ၂၄၀ % ဆိုတာ ဥပမာ တိုင်းပြည်ဝင်ငွေက တစ်ကျပ်ရှိနေရင် အဲ့တိုင်းပြည်မှတင်နေတဲ့ အကြွေးက ၂ ကျပ်ခွဲလောက် ရှိနေတာကို ပြောတာအေ့ ။ ဒီလောက် ဆိုရင် မြန်မာပြည်လာပြီး ရှင်ဇိုအဘေက အကြွေးလျှော်ပစ်တယ် ဘာညာဆိုတာ စာဖတ်သူကြီးကို ယုံကြည်လွန်းလို့ ဒါမှမဟုတ်လည်း ဘပြောင်ကို အားပေးချင်လို့ ဒါမှမဟုတ်လည်း ဒေါ်စုကို လေးစားလွန်းလို့ စတဲ့ ဘာညာသာရကာဟာ အာပလာတွေပါဆိုတာ သဘောပေါက်ရဲ့မဟုတ်လား ။ ဘယ်သူက အကျိုးမမြင်ဘဲ အပင်ရေလောင်းမှာတုန်းဟယ်.....ကိုယ့်ဖြင့် ဆပ်စရာအကြွေးတစ်ပုံရှိနေသားနဲ့ ။
- အဘေ ခမျာမလဲ သနားပါတယ်ဟယ် .......လုပ်သာလုပ်နေရတယ် ၊ ဝေဖန်သူတွေ အပြောကို ကျော့ကော့အောင် ခံစားနေရရှာ.......'' ဒီလို လုပ်နေတာဖြင့် ကြာလှပြီ လိုချင်တဲ့ ရလာဘ်လည်း မထွက်သေးဘူး'' လို့ ဆိုသူက ဆိုတယ် ။ '' ဒီပလန်ကြီးသာ အလုပ်မဖြစ်ရင် အပို သုံးမိတဲ့ ငွေနဲ့တင် တိုင်းပြည်အကြွေးဒီထက် နစ်မယ် '' လို့ သုံးသပ်သူက သုံးသပ်သတဲ့ ။


- (၃) Struttural Reforms ဆိုတာကရော ဘာလဲ
- ..............................................................
- အဲဒါက စိုက်ပျိုးရေး ၊ ကျန်းမာရေးနဲ့ စွမ်းအင် ကဏ္ဍတွေမှာ လုပ်မယ့် reform တွေလေ ။ ဒီ reform တွေအတွက် အသေးစိတ် စီမံကိန်းတွေ ချမှတ်ဖို့လိုသေးပေမယ့် စတော့ စနေပြီတဲ့ ။ ဒီမှာ အရေးကြီးတာ တစ်ခုရှိတယ် ......ဂျပန်က TTP ဆိုတဲ့ အဖွဲ့ထဲ ၀င်ဖို့ လုပ်နေတယ် အေ့ ။ TPP ဆိုတာ ဘာလဲဆိုတော့ နိုင်ငံ ( ၁၁ ) နိုင်ငံ ပါဝင်ဆွေးနွေးနေတဲ့ Trans-Pacific Partnership (TPP) လို့ ခေါ်တဲ့ လွတ်လပ်စွာကုန်သွယ်ရေး အဖွဲ့တဲ့ ။ အဲဒီအဖွဲ့မှာ ဂျပန်က သူပါ ပါချင်တယ်လို့ ကမ်းလှမ်းထားသတဲ့ ။
- အဲဒါကို ဂျပန်လယ်သမားတွေက စိုးရိမ်နေကြတယ်လေ ။ ဘာလို့လဲဆိုတော့ ဒီသဘောတူညီမှုရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာ အဆင်ပြေပြေနဲ့ ကုန်သွယ်နိုင်ရေး တဲ့ ။ ဟင်....ဒါများ ဘာမကောင်းတာလဲ ရှိလဲ လို့ ထင်နေပြီ မဟုတ်လား ။ ဒီလို အေရဲ့ ......Tariff ဆိုတဲ့ စကားကို ကြားဖူးတယ် မဟုတ်လား.....ကိုယ့်နိုင်ငံထဲ ၀င်လာတဲ့ နိုင်ငံခြားသွင်းကုန်တွေကို စည်းကျပ်ထားတဲ့ အခွန်လေ ။

- အဲဒီ Tariff ဆိုတာကြီးက အရေးကြီးမှကြီးဘဲ တဲ့ ။ ဘာလို့လည်း ဆိုရင် အဲ့ဒီအခွန်မှ မရှိရင် ပြည်တွင်းကို တခြားနိုင်ငံက ကုန်တွေ နင်းကန် ၀င်လာနိုင်တယ်လေ ။ ဥပမာပြောရရင်အေ ....အခု တရုတ်က solar panel တွေ နင်းကန် ဥရောပကို တင်သွင်းလာတယ် ။ တရုတ်ဈေးက အနောက်နိုင်ငံတွေက ထုတ်တဲ့ solar panel တွေနဲ့ ယှဉ်လိုက်ရင် ဈေးတွေက သိပ်ပေါနေတာပေါ့ ။ ဒီတော့ ဥရောပတိုင်းပြည်တွေက ထုတ်တဲ့ solar panel လုပ်ငန်းတွေကို ထိခိုက်လာနိုင်တယ် မဟုတ်လား ။ ဒီတော့ ကိုယ့်တိုင်းပြည်က လုပ်ငန်းတွေကို ကာကွယ်ပေးဖို့ရာ အခုဆိုရင် ဥရောပနိုင်ငံတွေက တရုတ် solar panel တွေ အပေါ်မှာ Tariff အများကြီး ကောက်ဖို့ လုပ်နေတယ်လေ ။ အဲဒါကို ဘောဂဗေဒမှာ Protectionism လို့ ခေါ်တယ် အေ့ ။ ပြည်ပသွင်းကုန်တွေပေါ်မှာ Tariff အခွန်ကြီးကြီးကောက်ပြီး မိမိတိုင်းပြည်ထဲက လုပ်ငန်းတွေကို ကာကွယ်ပေးထားပေါ့အေ ။


- ဂျပန်က အဲဒီ Protectionism ဆိုတာကို ကျင့်သုံးတယ် ။ အထူးသဖြင့် လယ်ယာကဏ္ဍမှာပေါ့ ။ အခု ရှင်ဇိုအဘေက အဲဒီ TPP ထဲကို ၀င်ချင်တယ် ဆိုတော့ TPP ရဲ့ မူကို ကျင့်သုံးရတော့မှာမယ် ။ TPP ရဲ့ ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံအချင်းချင်းကြားမှာ tariff တွေ လျှော့ချဖို့ ၊ ဖြစ်နိုင်ရင် tariff တွေ လုံးဝမကောက်ဖို့ ရည်ရွယ်ထားကြတယ် ။ ဒီလောက်ဆို ဂျပန် လယ်သမားတွေ ဘာကြောင့် ဒေါကီးနေသလဲ ဆိုတာ ရိပ်မိပြီ မဟုတ်လား ။ TPP Agreement သာ လုပ်ဖြစ်လို့ tariff ကို လျော့လိုက်ရင် စိုက်ပျိုးရေးကဏ္ဍအတွက် risk ရှိတယ် လေ ။ တခြားနိုင်ငံတွေက agricultural products တွေ ကိုယ့်နိုင်ငံထဲကို လှိမ့်ဝင်လာနိုင်တယ် မဟုတ်လား ။ ဂျပန် လယ်သမားတွေရဲ့ ၀င်ငွေကို ထိခိုက်စေနိုင်တယ် ။ သက်ကြီးပိုင်းလယ်သမားတွေဟာ အစိုးရရဲ့ ထောက်ပံ့မှုအပေါ် ဒီထက်ပိုမှီခိုလာရနိုင်တယ် ။ အစိုးရ ဘဏ္ဍာအတွက် ၀န်ပိနိုင်တာပေါ့ ။
- တချို့ကတော့ tariff တွေ လျော့ချလို့ အစားအသောက်ဈေးတွေကျရင် ကောင်းတယ် ။ ၀ယ်လိုအားတက်မယ် ။ ဒါပေမယ့် ဆင်းရဲချမ်းသာ ကွာဟချက် ကြီးလာနိုင်တယ် လို့ ဆိုပြန်တယ် ။
- ဘယ်လိုဘဲဖြစ်ဖြစ် ရှင်ဇိုအဘေ အခုလုပ်နေတဲ့ မူဝါဒတွေဟာ ဂျပန်သမိုင်းမှာ အတော်ကို ရဲတင်းတဲ့ မူဝါဒတွေ လို့ ပညာရှင်တွေက ဆိုသတဲ့ ။ အလုပ်ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရဦးမှာပေါ့ ....ငါတို့ကတော့ လေညာက အနေသာကြီးဘဲနော့ ။ အကြွေးကလေး ကျေသွားလို့ မိုးမမြင်လေမမြင် ၀မ်းသာပီတိ ဂွမ်းဆီထိနေချိန်မှာ ဂူကလေးတော့ မြင်အောင် သတိကလေး မူထားရမှာပေါ့ အေရယ် ....ဟုတ်ဖူးလား ။
..ဒီတစ်ပတ်အတွက် အာလူးဖုတ်ခြင်းကိစ္စ ဒီမှာတင်ဘဲ ပြီးပါဘီခင်ညာ..







Comments
Post a Comment