ချစ်စရာ မုန်းစရာ အေဗီတာ အပိုင်း ( ၃ ) By Spring Flowers
အကြောင်းကတော့ အစိုးရသစ်ဟာ အေဗီတာကို အာဂျင်တီးနား မြေပေါ်မှာ မထားရဲလို့ပါဘဲ ။ အေဗီတာရှိမယ့်နေရာဟာ မလွဲမသွေ လူထုစည်းဝေးရာ နေရာတစ်ခု ဖြစ်လာမယ်။ ပေရွန်းကို ထောက်ခံသူတွေရဲ့ တွေ့ဆုံရာ နေရာဖြစ်လာမယ် ။ ဒါကြောင့် အီတလီကို တိတ်တဆိတ်သယ်သွားပြီး သာမန်သင်္ချိုင်းတစ်ခုမှာ မြုပ်ထားခဲ့တာပါ ။ ဒီလိုနဲ့ အေဗီတာရဲ့ အလောင်းဟာ မီလန်မှာ ၁၆ နှစ်ကြာ လူမသိသူမသိ ရှိခဲ့တယ်။ ၁၉၅၅ ကနေ ၁၉၇၁ အတွင်းမှာ ပေရွန်း၊ အေဗီတာတို့နဲ့ ပတ်သက်တာအကုန်လုံးကို စစ်အစိုးရသစ်က တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့တယ်။ ဓါတ်ပုံဆောင်ထားဖို့ မပြောနဲ့ သူတို့ နာမည်ကို တောင် မပြောရ။ ဒါပေမယ့် အေဗီတာရဲ့ လွှမ်းမိုးမှုဟာ ဆုံးခန်းမတိုင်ခဲ့ပါ။ အေဗီတာဆုံးပြီးတဲ့နောက် ရောမမြို့က ပုပ်ရဟန်းမင်းဆီကို စာတွေ တဖွဲဖွဲရောက်လာသတဲ့ ။ အေဗီတာကို သူတော်စင် Saint အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတဲ့ စာတွေ ။ Saint အဖြစ် သတ်မှတ်ခြင်း မခံရပေမယ့် အာဂျင်တီနားတ၀ှမ်းမှာ ယနေ့အထိ အေဗီတာအတွက် ရည်စူးပြီးလုပ်တဲ့ ဆုတောင်းပွဲတွေရှိနေပါသေးတယ် ။ သူ့ပုံကို အိမ်ခေါင်းရင်ခန်းမှ...