ပိုလာဘာလီ ( Discovery Spa + Turtle Island +Bye Bye )

ဒီနေ့ မနက်စောစောထပြီး ဟော်တယ်က ကျွေးတဲ့ မနက်စာ စားပြီးရင် Spa သွားလုပ်မလို့။ မနေ့က ပြန်လာတော့ လမ်းမှာ သမီးက ရှူးပေါက်ချင်တယ် ဆိုတော့ ချီလီက Spa ဆိုင်တခုကိုလိုက်ပို့တယ် ။ ဆိုင်က တော်တော် လူများတယ် နှိပ်တာတွေ ဘာတွေ ကောင်းလို့နေမှာ ပေါ့ ။ ဒါပေမယ့် ကိုယ်က အိမ်သာဘက်ကို ထွက်ခဲ့တော့ စိုစိစိနဲ့ခြောက်သွေ့မှု မရှိဘူး ။ အဲတာနဲ့ ချီလီကို Spa ပို့ခိုင်းရင် အဲဒီဆိုင်ကြီးကို ပို့ပေးမှာ ကြောက်လို့ ဟော်တယ်က Spa မှာပဲ လုပ်မလို့ ရွေးလိုက်တယ် ။ သူအတွက် ကော်မရှင် ရတာတော့ ကိုယ်လဲ သဘောကျပါတယ်  ။ ဒါပေမယ့် အရည်ချင်းမရှိတဲ့ ဆားဗစ်တွေ ထိုးထည့်လာရင် မကြိုက်ဘူးလေ ။

ရှူးပေါက်တုန်းက ဝင်တဲ့ ဆိုင် အိမ်သာ

ဒါပေမယ့် သမီးကို ပင်လယ်ဘက်ကို ဆင်းပြီး လမ်းလျှောက်ခရုကောက်မယ်လို့ပြောထားတော့ မနက် ၆နာရီထပြီး ကမန်းကတန်းလိုက်ပို့ပေးသေးတယ် ။ အဲဒီက အပြန်မှ ရေချိုးပြီး မနက်စာစားကြမှာ ။ သမီးကပင်လယ်ပြင်ကျယ်ကြီး မမြင်ဘူးတော့ သူခရုလေးတွေကောက်ချင်တာကို တကောက်ကောက်လိုက်ပြီး လမ်းတော်တော် လျှောက်ဖြစ်လိုက်ကြသေးတယ် ။ ပင်လယ်က တော်တော်ဝေးဝေးရောက်တဲ့ အထိ တိမ်တိမ်လေး ။ ချောင်းသာလို ရေတိမ်လေး ။

ဘာလီရောက်ထဲက ဝတ်ချင်နေတဲ့ ဂါဝန်တို့ ဖိနပ်ပါးတို့ ဦးထုတ်တို့ ပြန်မယ်ဆိုမှပဲဝတ်ရတော့တယ်  :P



ဘာလီမှာ ကူတာဘိခ်ျမှာ တည်းမယ် ဆိုရင်ကတော့ ဒီဟော်တယ်ကို အပြည့်အဝ ညွှန်းပါတယ် ။ ဈေးလဲ မဆိုးဘူး ။ ဆားဗစ်လဲ ကောင်းတယ်  ။ အစားသောက်လဲ ကောင်းတယ် ။ ကမ်းခြေရော ရေကူးကန်ရော အရမ်းမိုက်တယ် ။ ကိုယ်က မကူးပေမယ့် ကြည့်လို့ လှတာပေါ့နော် ။ နည်းနည်းတော့ ဟောင်းတယ် ။ ဒါပေမယ့် မဆိုးဘူးသန့်တယ် ။ ကမ်းခြေနဲ့ အနီးဆုံး ကူတာ လမ်းမကြီးကလဲ အစည်ကားဆုံး ။ ရှာဖွေတတ်ရင် ဆိုင်ကယ်ငှားဘို့တွေ ။ စားသောက်ဆိုင်ကောင်းကောင်းတွေလဲ အများကြီးပဲ ။ ဘာလီကတော့ တခေါက်နဲ့ မနှံ့ပါဘူး ။ အနောက်မြောက်ဘက်တွေဆို လင်းပိုင်တွေ ရှိတဲ့ ကမ်းခြေ ရှိတယ် ။ နော်ကတခေါက်ပေါ့နော် ။

စားသောက်ကြပြီးတော့ စားသောက်ဆိုင်က မန်နေဂျာလေးတွေ စားပွဲထိုးလေးတွေနဲ့ ခင်နေကြတော့ သူတို့ကို နှုတ်ဆက်ပြီး  Spa ဘက်ကို သွားတော့ ဘွတ်ကင်ပြည့်နေတယ် ၁၁နာရီခွဲမှ ရမယ် လို့ပြောတယ် ။

ချက်ချင်းရမယ်မှတ်တာ ။ ဒီလိုမှန်းသိရင် စောလာပြီး ဘွတ်ကင်လုပ်ပါတယ် ။ တို့တွေက ဒီနေ့ check up လုပ်မှာ ၁၂ နာရီ ဆိုတော့ အရင် check up လုပ်ပြီးလာမှ ရမယ် ။ locker တွေရှိလို့ ပစ္စည်းတွေ ယူလာပြီး သိမ်းထားလို့ရတယ် ။

 နှိပ်တဲ့ အချိန်ကတနာရီကြာမှာ ။ ချီလီနဲ့ ၉ နာရီ ချိန်းထားပေမယ့် သူ့ကို နေ့လည်စာစားပြီးမှ လာခိုင်းလိုက်တယ် ။ ၁၂ နာရီလောက်ပေါ့ ။

ဘူဖေးမှာ စန္ဒယားတီးတဲ့ ကောင်လေး လက်တဘက်ထဲနဲ့ တီးပြီး သမီးကို ဖက်ထားတာ




မနက်စားပြီးတဲ့ အချိန်မှာ အချိန်လေးပိုနေသေးတော့ မနက်ဒီရေကို ဓာတ်ပုံသွားရိုက်ရင်း သမီးကိုပြတာ စောစောတုန်းက သောင်ပြင်ကြီး ဒီရေအောက်မှာ ပျောက်သွားပြီ

အချိန်အားလေးနည်းနည်းရှိသေးတော့ ဟော်တယ် ပတ်ဝန်းကျင် တဝိုက်ကို လျှောက်သွားကြည့်ကြတယ် ။ ကလေးကစားကွင်းမှာ သွားကစား ။ ဓာတ်ပုံတွေရိုက် ပြီးတော့ အခန်းပြန် ပစ္စည်းတွေသိမ်း ပြီး Spa ကို သွားလိုက်တယ် ။

မိန်းမ တွေဘက်က တနေရာ ယောက်ကျားတွေဘက်ကတနေရာ ။ သမီးကလဲ Package ထဲမှာ သူပါတော့ မာမီနဲ့ တခန်း တူတူလိုက်လာတယ် ။ သူကတော့နှိပ်လို့မရဘူး ။ ခြေသည်းလက်သည်း ဒါမှ မဟုတ် မျက်နှာကို ချောကလက်နဲ့ ပေါင်းမှာ ။ မီးကတော့ ချောကလက်ကိုရွေးတာပေါ့ ။ သူ့ကို ခြေသည်းလက်သည်းပေးမဆိုးသေးဘူးလေ ။ ကောင်တာကနေ အထဲ ဝင်ပြီး locker သော့ပေးပြီးခေါ်သွားတော့မှ ဒီတခါလဲ ငါရွေးတာ မှန်သွားပြီလို့ ကျေနပ်သွားပြန်ရော ။



အဓိက က အနံ့အသက် ၊ ခြောက်သွေ့မှု ၊ ကျယ်ပြန့်ပြီး ငြိမ်သက်အေးချမ်းမှု ။ Spa ဆိုတာ ဒီလိုမှ မလုပ်နိုင်ရင် မလုပ်တာပဲကောင်းတယ် ။ အသကုန် နှိပ်ချင်တဲ့သူတွေကတော့ အနှိပ်ခန်းသွားပေါ့နော် ။ မွှေးပြီး အေးနေတာပဲ ။ အခန်းတွေကလဲအကျယ်ကြီးတွေ အရမ်းသန့်တယ် ။ အနှိပ်ခန်းထဲ မဝင်ခင် အထဲဘက်မှာ Sauna ခန်းတွေ ။ နားနေစရာ ဆိုဖာတွေ နဲ့ ပန်းချီကားလှလှလေးတွေ ရှိတယ် ။ ရေတစက် ဖုန်တမျှင်မှ မရှိပြောင်လက်နေတာပဲ ။ ဂျင်းလဘက်ရည် လာချပေးတယ် နွေးနွေးလေး ။ သမီးကိုလဲ ပေးတယ် ။


ရေချိုးခန်း
 သမီးကို ပေးဝတ်တဲ့ စပန့်ဂါဝန်လေး သမီးက ကြိုက်လို့ ပျော့အေးအေးလေးဆိုတော့ ဒါပေမယ့် မဝယ်ပေးခဲ့ရဘူး ။
နောက်ဘက်ထဲဝင်ဝင်ခြင်း

Locker တွေ က အကျယ်ကြီးတွေ
လော့ကာတွေထဲမှာ လဲ ခရီဆောင်အိပ် တွေ ထားဘို့နေရာ အရေးကြီးပစ္စည်းတွေထားဘို့ နေရာ အပြင် တခါသုံး ပင်တီလေးတွေ အိပ်ပိတ်ပြီးထားပေးတယ် ။ မျက်နှာ သုတ်ပုဝါ အကြီး တထည် ။ ဝတ်ရုံတထည် လဲပါတယ် ။ ဖိနပ်ပါးလေးလဲပါတယ် ။


မဲမဲ လုံးလေးက ဝတ်ပြီးသား ပင်တီ ပစ်ခဲ့ဘို့

အထဲမှာ အကျယ်ကြီးပဲ
ဝင်ဝင်ခြင်း အဲဒီခုံလေးမှာ ခြေထောက်ကို ကျောက်ခဲပူလေးတွေ စိမ်ထားတဲ့ ရေနဲ့ စိမ်ခိုင်းပြီးရေဆေးပေး နဲနဲ နှိပ်ပေးတယ်

သမီးနဲ့ ကိုယ်နဲ့ အတွက် တခန်း
အလှပြင်ဘို့နေရာ

Sauna

ကောင်မလေး နှစ်ယောက် သမီးတယောက် ကိုယ်တယောက်ပေါ့ တကိုယ်လုံးချွတ်ခိုင်းပေမယ့် သူမမြင်ရအောင် ကာပေးထားတယ် ပြီးတော့ စောင်နဲ့ တန်းဖုံးပေးတယ် ။ ပင်တီလေးတော့ဝတ်ထားရတာပေါ့ ။ ဆီမွှေးလေးလိမ်းပြီး နှိပ်ပေးတာ ။ စူးရှ နာကျင် ကြမ်းတမ်းတာတွေ မပါဘူး ။ တကယ့်ကို Relax ပဲ အိပ်ပျော်မှန်းမသိပျော်သွားသေးတယ် ။ သမီးကိုလဲ ချောကလက် အရည်တွေ မျက်နှာမှာ လိမ်းပေးနေတယ် ။ နဲနဲပါးပါးလဲ ကလေးကို နှိပ်ပေးသေးတယ် ။ သူ့ကြည့်ပြီး အရမ်းရီချင်တယ် ။ ဓာတ်ပုံ မရိုက်လိုက်ရဘူး ။ နှိပ်ပြီးသွားချိန်မှာ ပေါ့ပါးသွားတာ တကယ်ပဲ ။ အရမ်းပဒန်းနှိပ်ခံချင်သူတွေကတော့ ကြိုက်ချင်မှ ကြိုက်မှာ ကိုယ်ကတော့ အဲလောက်လေးပဲ ကြိုက်တယ် ။ အဓိကက နှိပ်ပြီး အသားတွေ မနာနေဘူး ။

လူကမွှေးနေတော့ ရေမချိုးလဲ ရတယ် ။ ပြီးတော့ ဆိုဖာပေါ်မှာ ထိုင်နေရင်း တခါ စပလင်ရေနွေးကြမ်းလေးလာချပေးတယ် ။ သမီးကိုလဲ ကွတ်ကီးလေးတွေချထားပေးတယ် ။ သူက အရင်ပြီးလို့ စောင့်နေတာ တယောက်ထဲ ။


နောက်တော့ Sauna ခန်းတွေကို သုံးလို့ ရလားမေးလိုက်တော့ ။ ဒီဟော်တယ်မှာ တည်းသူတွေပဲ သုံးလို့ရတယ် ။ အပြင်လူဆို မရဘူးတဲ့ ။ အဲတာနဲ့ ရေသွားချိုးပြီး Sauna ခန်းထဲမှာ ချွေးထုတ်တာ ။ ချွေးတွေ အများကြီးထွက်လာတယ် ။ ကောင်းသွားတာပဲ ။ ပြန်တောင် မပြန်ချင်တော့ဘူး ။ လူလဲ မွှေးပြီးပေါ့ပါးသွားတယ် ။

ပိုက်ဆံရှင်းပြီး ချီလီလဲရောက်ပြီ အတော်ပဲ ။ ခရီးထွက်ကြပြန်ပြီ ။ လိပ်ကျွန်းနဲ့ ပင်လယ်ရေအောက်က သန္တာကျောက်တန်းတွေ လိုက်ပြမယ်တဲ့ ။ အမယ်လေးစိတ်ထဲမှာ စနူကာဒိုက်ဗင်လားပေါ့ ။ ကြောက်နေတယ် ။ ခုပဲ လှတပတ မွှေးနေတာ ဘယ်လိုလုပ်ပင်လယ်ထဲ ငုတ်မလဲ ဆိုတော့ ။ ငုတ်တာမဟုတ်ဘူးတဲ့ ။ မော်တော်ဘုတ်နဲ့ သွားမှာတဲ့ ။ မော်တော်ဘုတ်ကြမ်းပြင်မှာ မှန်တတ်ထားတော့ အဲကနေ ကြည့်ရမှာ ရေမစိုဘူးတဲ့ ။

ပင်လယ်ပြင်ကြီးထဲ ထွက်မှာဆိုတော့ စိတ်က တထင့်ထင့်နဲ့ ဟင့် ကြောက်တယ် ။ :(


လှေဆိပ်
လှေဆိပ်ကို ရောက်တော့ လှေသမားတွေဆီက လှေငှားရတယ် ။ ထုံစံအတိုင်းဈေးဆစ်ရပြန်တယ် ။ Shit ပဲ ။ နောက်ဆုံး  S$100 နဲ့ တည့်သွားတယ် ။ နောက်တော့မှ ဘာလီ ရီဗျူးဆိုဒ်တွေ မှာဖတ်ကြည့်တော့မှ တချို့တွေ US$40 ထဲနဲ့ရတယ် ။ ခုမှ သိတယ်လေ ။

လှေကိုတော့ အသစ်ဆုံးပေး ညစ်ပတ်တာ လာမပေးနဲ့နော် မလိုက်ဘူးလို့ ပြောလိုက်တယ် ။ ဒီကမ်းခြေတခုလုံးမှာ လုပ်စရာတွေ အများကြီးရှိတယ် ။ Water Sports တွေ ။ Banana Boat ဆိုတာ စီးကြည့်သင့်တယ် ။ ကလေးနဲ့တော့ မကိုက်ဘူး ။ အရွယ်ရောက်တဲ့ သူတွေပဲ ကောင်းတယ် ။ အရမ်းကို မိုက်မှာ ။ မြင်ပဲမြင်ခဲ့ရတယ် ။ ဒါပေမယ့် အသားမည်းတူးပြီး ပြန်လာရမှာ :P ။

ပျော်စရာကြီးနော်
ဒါက နှစ်ယောက်ထဲ စီးရတာ လေထဲကို မြောက်ပါသွားလိမ့်မယ် ။ အရမ်းမိုက်တယ် ။


ပင်လယ်ပြင်တခုလုံး စီးပွားရှာနေကြတာ အပြည့်ပဲ

ဒါမျိုးလဲ ရှိတယ်



လှေပေါ်တတ်တော့ အသက်ကယ် အကျီဝတ်ရတယ်
မမှားဘူးဆိုရင် မန်ဒါရာ တံတားကြီးရှိတဲ့ ဘက်ပဲထင်တယ် ရေသိပ်မနက်ဘူး ။ ဒါတောင် လူကြီး တရပ်စာတော့ကျော်မယ်ထင်တယ် ။ ငါးမိနစ်လောက်မောင်းတော့ တကယ့်ကမ်းနဲ့ အဝေးကြီးကို ရောက်လာတယ် ။ စိတ်ထဲမှာ အရမ်းကြောက်တာပဲ ။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ဘူး :(

သူများစက်လှေတွေကြည့်ပြီး ဟိုစက်လှေက အင်ဂျင်နှစ်လုံးပါတယ် ။ ငါတို့စက်လှေက တလုံးထဲလို့ မြင်လိုက်သေးတယ် ။ ပျားပန်းခတ်နေတဲ့ ဘနားနားဘုတ်တွေရော တခြားစက်လှေတွေရော ကြားထဲက ရှုပ်ယှက်ခတ်နေအောင် မောင်းတာ ။

နောက်တော့ ရောက်ပြီကြည့်ကြည့် ဆိုပြီးပေါင်မုန့် လေးငါးချပ်ပေးတယ် ။ ငါးတွေ ရောက်လာပြီ  လှေဘိုက်အောက်မှာ လိုက်လာပြီ ။ ဒါလေးဖဲ ဒါလေးဖဲ ။ ဒီငါးက အကုန်ပဲ ။ သန္တာကျောက်တန်းကရော ဆိုတော့ အဲမှာ ပဲ တူတူပဲ ။

ကတောက် နေနှင့်ဦးပေါ့ ဘာလီရယ် ။ အမှန်က ဘာမှ မတတ်နိုင်ပါဘူး ။ အဲတာလေးတောင် ဓာတ်ပုံထဲမှာ ပေါ်အောင် မနည်းရိုက်ခဲ့ရတာ ။ ပုံ၂၀လောက် ခုပဲ ဒလိပစ်ပြီ ။ ဘာမှ မထူးဆန်းဘူး ။ စိတ်ကူးထဲမှာတော့ နီမိုကာတွန်းကားထဲကလို ရောင်စုံသန္တာကျောက်တန်းတွေ ။ ခုတော့ အစိုးရလိုပဲ ဝါးတားတားလေး ။ :P


ယောင်လို့တောင် ယှဉ်မကြည့်နဲ့နော် ( ကြည့်ချင်လဲ ကြည့်ပါ မတားပါဘူး ခွစ် )
နောက်တော့ နောက်ထပ် ၁၀မိနစ်လောက် ဆက်မောင်းသေးတယ် ကျွန်းတွေကို ပတ်ပြီး ဒီဘက်ကတော့ သိပ်လူမများဘူး ကြိုကျားကြိုကျားပဲ ။ ရောက်ပါပြီ ။ တောက်တလွဲတွေ ။ ကျွန်းပေါ်မှာ လိပ်တွေ သဘာဝအတိုင်း သွားလာနေမယ် ။ ဥတွေ ဥမယ် ။ အကောင်လေးတွေ ပေါက်မယ် ။ အဲလိုထင်တာ ။

ပုံထဲမှာ မြင်ရတဲ့ အတိုင်း စုတ်ပြတ်နေတဲ့ တဲကြီးတွေထဲမှာ နံစော်နေတဲ့ လိပ်တွေကို ထည့်ထားပြီး လာသမျှလူကိုပြတာ ။ ဘယ်အကောင်လေးက ဘယ်နှစ်နှစ် ဆိုပြီး ။ စိတ်ပျက်လက်ပျက်နဲ့ လိုက်ကြည့်နေမိတယ် ။ လိပ်ကို ချီပြီးဓာတ်ပုံရိုက်ပေးမယ် ဆိုပြီးဇွတ်ရိုက်တယ် ။ ရိုက်ဟာ မရွေးဘူးလို့ ။

ဒီကြားထဲ ပြည်ကြီးက ဟာတွေ သိပ်စိတ်ပျက်ဘို့ကောင်းတယ် ။ ပိုက်ဆံပေးရတာ တန်အောင်ဆိုပြီး ဒီလောက်ညစ်ပတ်တဲ့ ကန်ထဲဆင်းပြီး ကမ္ဘာလိပ်ကိုဆွဲလှန်ပြီး ဓာတ်ပုံတွဲရိုက်တယ် ။ ကိုယ်တော့ လုံးဝပဲ ။

တိရိစ္ဆာန်ကို ညှင်းဆဲတာလောက် မုန်းတာ မရှိဘူး ။ အဲပုံတွေ ရိုက်ပြီး ဖဘ တင်မလို့ပဲဟာ ။ လုံးဝ ကန့်ကွက်တယ် ။ သူတို့ အတွက် ငရဲပဲ ။ ကိုင်ပါ မကြောက်ပါနဲ့ ဘေးက ထိန်းပေးမယ်တဲ့ ။ လုံးဝ မကြောက်ဘူး ။ သူတို့ ပင်ပန်းမှာပဲ စိတ်ပူတယ်လို့ ပြောပလိုက်မှ ပါးစပ်ပိတ်သွားတယ် ။



အဲဒီလိပ်ကြီးက သက်တမ်း ၇၅နှစ်ရှိပြီ လိပ်တကောင်ဖြစ်ဘို့ အကြာကြီး သူတို့ အဘိုးလောက်ရှိတယ် မစာနာဘူး

အကုန်လုံးကို တရားစွဲပစ်လိုက်ချင်တယ်

ကြည့်ရင်း စိတ်ပျက်လွန်းလို့
နောက်တော့ ဓာတ်ပုံရွေးပါတဲ့ မကြိုက်ရင်လဲ ရွေးပါတဲ့ ။ လိပ်တွေ အတွက်ရံပုံငွေပါတဲ့ ။ မသိရင်ခက်မယ် ။ သေရင်ချက်စားပစ်ပြီးနောက်တကောင်ဖမ်းပြီး ပြစားမှာ ။ သူတို့ဝမ်းရေးကိုတော့ သိပါတယ် ။ ဒါပေမယ့် မကြိုက်ဘူး ။ အရမ်းသနားတယ် ။ ဒါပေမယ့်ဓာတ်ပုံ ၃ ပုံရွေးပေးခဲ့ပါတယ် ။ စားကြပါစေ ။


ပြန်လာပြီ


လှေသမား



လေးနာရီလောက်ရှိပြီ လေယာဉ်က ည ၈နာရီမှာ ဆိုတော့ ညစာစားမလားတဲ့ မစားဘူး ရှော့ပင်ဆိုတော့ ဝင်ပို့ပါသေးတယ် သူ့ရဲ့ ဖောက်သယ်ဆိုင်တွေ တခုမှ မကြိုက်လို့ မဝယ်ဘူး ။ လမ်းရောက်မှာ Oakley ဆိုင်ကြီး အကြီးကြီးတွေ့တော့ မျက်မှန်ဝင်ကြည့်ရင်း ဘောင်းဘီတထည်ဝယ်ခဲ့တယ် ။ တန်တယ် ထင်တာပဲ မသိတော့ဘူး ။

အဲမျက်မှန်လေးက ရူးပီယား ၃သိန်းကျော်တယ် အစစ်တော့ အစစ်ပဲ မဝယ်ခဲ့ပါဘူး ပိုက်ကျံကုန်ပီ
ဈေးဝယ်ပြီးတော့ လေဆိပ်တန်းလစ်ရတာပဲ ညစာစားဘို့အချိန်မရှိတော့ဘူး လေဆိပ်ကို check in က နှစ်နာရီစောဝင်ရမှာတဲ့ ။ လေဆိပ်သွားရင်း သူတို့ နှစ်ယောက်ကို စင်ဒေါ်လာ ၅၀ ဆီမုန့်ဘိုးပေးခဲ့တယ် ။ ရူးပီယား ၄သိန်းလောက်ရှိတာပေါ့ ။ အရမ်းပျော်သွားပြီး လက်အုတ်ချီတာတွေဘာတွေ လုပ်တယ် ။ ကိုယ်လဲ သူတို့လက်ကလွတ်ဗြွတ်ပဲ ။


လေဆိပ် အပြင် အပေါ်ထပ်

အောက်ထပ် arrival  မှာ Money Changer ရှိတယ်နော် ရုတ်တရက် လေဆိပ်ခွန်တွေ ဘာတွေပေးရရင် ရူးပီးယားပဲလက်ခံတယ် မလောက်လို့ သွားလဲလိုက်ရသေးတယ်

လေဆိပ်အိမ်သာက တတ်တတ်ချင်းလှေခါးထိပ်မှာ
check in မလုပ်ခင် အပြေး အလွှားစားတဲ့ လေဆိပ် arrival အောက်ထပ်က ဆိုင်လေးက လက်ရာ အရမ်းကောင်းတယ် ဘာလီအစာပိတ်ပဲ


ပြီးတော့အပေါ်ထပ်ပြန်တတ်ပြီး Check in ဝင်ပြီးတာနဲ့ အထဲရောက်တော့ လေယာဉ်ဆီကို သွားတဲ့ လမ်းတလျှောက်မှာ Shopping paradise ပုံစံမျိုးကွေ့ပတ်ပြီး ဆိုင်တွေကြားက လျှောက်ရတယ် ။ လေဆိပ်မှာတော့ တကယ့် Luxury တွေပစ္စည်းသန့်တွေပဲ အတော်စုံတယ် Brand တွေလဲ ။ ဝယ်ချင်ရင် ဈေးပေါမယ်ထင်တယ် ။ အဲဒီမှာ စတွေ့တာကတော့လူဝကော်ဖီ (သို့) လူပါးဝကော်ဖီပါ :D
ဈေးပေါမှပေါ ။


တွေ့တယ်နော် ၁၆ ဒေါ်လာတဲ့ မကျေနပ်တဲ့ကြားကကျေနပ်လိုက်သေးတယ် အဟီး
လေယာဉ်ပေါ်တတ်ကာနီးတော့ အောက်ထပ်ပြန်ဆင်းရသေးတယ် ။ ပူညံဘူဂွမ်နဲ့ ဘာပါလိမ့်မှတ်တယ် ။ အိုး။။။။။ ကယ်ရိုး....ဒါလင်အိုင်လဗ်ယူ ဆိုပြီးအော်ဆိုနေကြတာကိုး ။ တာ့တာတွေလဲ ပြနေသေးတယ် ။ လေဆိပ်ကဝန်ထမ်းတွေက နှုတ်ဆက်တာပေါ့လေ ။ အောက်မှာ လှေခါးနားမှာ ဘာလဲ မသိစစ်သေးတယ် ။ အဲနားမှာ စစ်နေတုန်း ကောင်မလေးက အိမ်းကို ခေါ်ပြီ ကပြန်ရော ။ လအိမ်းတော့ အကြိုက်တွေ့နေပြန်ပြီလေ ။


ကဲ သံဗုဒ္ဒေရွတ်လိုက်ဦးမယ် ညလေယာဉ်ကြီးနဲ့ ပြန်ရတာ အီးးးးး



ပြီးပါပြီ


သွားရည်လေးကူကျသွားပါဦး ။ ကိုယ်ကြိုက်တာတွေက ကိုယ်နဲ့ အဝေးကြီးမှာ ။ အော်ဘွဘွ။။။။ :P




















Comments

  1. လေဆိပ်ခွန်ကေ ပးရသေးတယ်နော်... အရင်က ထိုင်းလည်းအဲ့လိုပဲ..နောက်မှသာပြုတ်သွားတာ တော်ပါသေးရဲ့..
    လေဆိပ်ဆိုက်ရောက်အောက်ထပ်က ဆိုင်လေးမှာ စားတဲ့ ပုစွန်ကြက်သားခေါက်ဆွဲလား.. အဲ့ဒါလေး စားချင်တယ်..ကောင်းမယ့်ပုံပဲ..
    သူတို့ကမ်းခြေကတော့ ပစ္စည်းစုံတယ်နော်.. တို့တွေထက် တိုးရစ်ဇင်မှာ နှစ်ပေါင်းများစွာစောပြီး ရှေ့ရောက်နေတာဆိုတော့လေ..
    လိပ်တွေနဲ့လုပ်စားတာကြီးကတော့မမိုက်ပါဘူးနော်.. နေရာတကာဂိုက်ဆွယ်တိုင်း လိုက်မလုပ်ဖို့ မှတ်သားထားတယ် :D
    သစ်သားတွေ ကျောက်ပြားတွေ လက်မှုပစ္စည်းလေးတွေတော့ တွေ့ချင်မြင်ချင်တယ်
    ငါ့သူငယ်ချင်း spa မှာ ဇိမ်ကျရတာနဲ့ပဲ ခရီးစဉ်လေးက ပျော်နေပါပြီဟယ် ဟုတ်ဘူးလား

    ReplyDelete
    Replies
    1. သယ်ချင်းရေငယ်တုန်းကဆို မျက်နှာငယ်မှာ စိုးတာနဲ့ သူတို့ ပြောသမျှ အကုန်လိုက်လုပ်မှာ ခုတော့ နားလည်သွားလို့ တော်သေး။။ ဟုတ်တယ် အဲတာ Mee Reebus ခေါက်ဆွဲလို့ခေါ်တယ် ... စပါကတော့ ဈေးနှုန်းလဲ သင့်တယ် တခြားနိုင်ငံမှာ ဆို ဈေးကြီးတယ်လေ ဒါကြောင့် ရအောင် Try ခဲ့တာ

      Delete
  2. ဘာလီကော်ဖီရယ် စပလင်ကော်ဖီရယ် ဂျင်းဂျာတီးရယ် စပလင်အနံ့ အနှိပ်ဆီ နဲ့ လာဗင်ဒါအနံ့ အနှိပ်ဆီတိုု့ ဝယ်လာတယ် ။ ဘယ်လောက်လဲ ဆိုုတော့ ရူးပီးယား ၅သိန်းခွဲ ။ အားနာလိုု့ ဝယ်လာတာ ။ လုံုးးးးးးးးးးဝ မတန်ဘူးဆိုုတာ သဘောပေါက်တယ်ဟုုတ် ။

    US$ 70 လောက် ဆိုု စလုံုးမှာ ကမ္ဘာ့အကောင်းဆုံုး ကော်ဖီတောင်ဝယ်လိုု့ရတယ် ။

    လေဆိပ်မှာက တထုပ်တည်းကို ၁၆ ကျပ်ဆိုတော့ နင် ဟိုကော်ဖီခြံမှာ ဝယ်ခဲ့တာတွေက အားလုံးပေါင်းမှ ၃၀ လောက်ဆိုတော့ ပိုသက်သာတာပေါ့.. အဲဒီလိုလား???

    ReplyDelete
  3. ဟုတ်ဘူး သယ်ချင်း ဟိုမှာ ဝယ်ခဲ့တဲ့ ပစ္စည်းတွေကို စင်ကာပူမှာ ဝယ်ရင် အဲလောက် မရှိဘူးလေ ။။။။ လေဆိပ်မှာ လူဝကော်ဖီက ၁၆ ဒေါ်လာ ဆိုတာလဲ ဟိုမှာ ရောင်းတဲ့ ခွက်သေးသေးလေ တခွက် ရူးပီးယား ၅သောင်ူထက်ပိုတန်တယ်လေ အဲတာပြောတာ

    ReplyDelete
  4. ဘာလီအစာပိတ်လေးကစားချင်စရာလေး...

    ReplyDelete
    Replies
    1. စလုံးမှာ ရှိတယ် ဖော နင်လာရင် လိုက်ကျွေးမယ် :D

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်