Burma Chronicles Review

Burma Chronicles ဆိုတဲ့ စာအုပ်ကို တလောတုန်းက ခဏခဏ ကြားဘူးလိုက်သေးတယ် ။ ထင်မိတာ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ မြန်မာနိုင်ငံသား မဟုတ်တဲ့သူတယောက်က ရေးထားတဲ့ ဆောင်းပါး တပုဒ်ပဲလို့ ထင်မိတာ ။

တနေ့က စာကြည့်တိုက်သွားရင်း ကျမမွှေနေတဲ့ ရှေ့တည့်တည့်မှာ ဒီစာအုပ်လေးရှိနေတယ် ။ တအံ့တသြနဲ့ လှန်လျော ကြည့်လိုက်မိမှ ကာတွန်းလိုရေးထားတဲ့ graphic novel တအုပ်မှန်းသိလိုက်ရတယ် ။

ငှားသာငှားလာခဲ့တယ် ကျမကြားဘူးထားတဲ့ Burma Chronicles စာအုပ်လို့ မထင်ဘူး ။ ကာတွန်းဆိုတော့ အမြန်လဲဖတ်လို့ရမယ် ဆိုပြီး စာမဖတ်တာကြာတဲ့ကျမ ငှားလာခဲ့တယ် ။

 အိမ်ရောက်တော့ ဂူးဂဲလ်ကြည့်လိုက်တော့ ဒီတအုပ်ပဲ မှန်တယ် ။ ကျမကြားဘူးတာလဲ ဒီစာအုပ်ပဲ ။

ဖတ်ကြည့်လိုက်တဲ့ ပထမစာမျက်နှာတွေမှာပဲ အရမ်းကို သဘောကျသွားတယ် ။

 မြန်မာပြည်မှာ ကာတွန်းကောင်းကောင်းမဖတ်ရတာ ကြာနေပြီ ။ ကျမက ကာတွန်းပရိတ်သတ် စစ်စစ် တယောက်ပါ ။ ကျမငယ်ငယ်က ဖေဖေတို့က အိမ်မှာ စာပေဖြန့်ချိရေးလုပ်ဘူးတော့ ငယ်ကတည်းက စာတွေ အများကြီးဖတ်ခဲ့ရတယ် ။ သူငယ်ချင်းတွေ စာမဖတ်ခင်ထဲကပေါ့ ။

 ကျောင်းတတ်တော့ ဥပဒေ ဘာသာရပ်ယူမိထဲက စာကို အများကြီး မဖတ်ချင်တော့ပဲ ရွေးပဲဖတ်ခဲ့တယ် ။ လိုတိုရှင်းတွေ ထိမိတဲ့စာတွေပဲ ကြိုက်တော့တယ် ။ ကျန်တာတွေကို ကျမ သဘောမကျတော့ဘူး ။ အချစ်ဝတ္ထုတွေ ကဗျာတွေကို ဆိုရင် ဖတ်လို့ကို မရတော့ဘူး ။ ကျမက လူတွေရဲ့ အတ္တကိုမြင်အောင်ကြည့်တတ်လာခဲ့တယ် ။ ရေးလိုက်တဲ့ စာတွေထဲမှာ ယူစရာ ဘာတကွက်မှ မပါပဲ အတ္တကို အရောင်ဆိုး ခံစားချက်ကို ရှေ့တန်းတင်တဲ့စာတွေ ကျမ မဖတ်တော့ဘူး ။

 facebook မှာဆိုရင် သိသာတယ် ။ တရားစာတွေရေးပြီး တရားမရှိတဲ့သူတွေ ၊ အချစ်အကြောင်းရေးပြီးမေတ္တာခေါင်းပါးနေတဲ့သူတွေ ၊ မုန်းနေတဲ့ဟာကို စကားလုံးတွေ လှည့်ပတ်သုံးပြီး အရောင်ခြယ် လူမြင်ကောင်းအောင် မုန်းတတ်တဲ့သူတွေဆီကို ကျမ မသွားတော့ဘူး ။

သူတို့သဘာဝ မို့ သူတို့ အလုပ်ပေါ့ ။

ချစ်တဲ့နေရာမှာလဲဆရာကြီး မုန်းတဲ့နေရာမှာလဲဆရာကြီး သိတတ်နားလည်တဲ့ နေရာမှာလဲဆရာကြီး ဆိုရင် မဖတ်တော့ဘူး ။ :D

ဒါကတော့ ကျမရဲ့ right ပေါ့နော် ။ ဘေးရောက်ချင်လဲ ရောက်ပါစေ ။

လုံးနေတဲ့ ကမ္ဘာကြီးမှာ ဘေးအစွန်းဆိုတာ မရှိပါဘူး ။ အသိုင်းအဝိုင်းတွေကလဲ အများကြီး ။ ဒီအသိုင်းအဝိုင်းမှာ မဆန့်ရင် ဆန့်တဲ အသိုင်းအဝိုင်းတွေအများကြီးရှိပါတယ် ။ ဒီဘက်က ဝေးသွားရင် တခြားဘက်က နီးသွားမှာပါ ။

ခုပြောချင်တာကတော့ သိပ်သိပ်ကို သဘောကျမိတဲ့ ရုတ်တရက်ဆို မျက်စေ့ရှမ်းသွားနိုင်တဲ့ ကိုယ်တို့ အသိုင်းအဝိုင်းမှာ ရှိတဲ့ "ဟန်" လေးတွေကို သူမြင်တတ်သွားတာလေးတွေကို အရမ်းသဘောကျလို့ပါ ။ စကရင်ရှော့ က ဖုန်းနဲ့ရိုက်တာ မို့လို့ သိပ်တော့မလှဘူး ။ ဒါပေမယ့် အဓိက က အဓိက ပါပဲနော် ။

 စာရေးဆရာကတော့ ကနေဒီယန်းလူမျိုး Guy Delisle ဖြစ်ပါတယ် ။ သူဟာ သူ့ရဲ့ အမျိုးသမီး မြန်မာပြည်မှာလာရောက်ပြီး နယ်စည်းမခြားဆရာဝန်များ အဖွဲ့မှာ နှစ်အပိုင်းခြားနဲ့ လာရောက်တာဝန် ထမ်းဆောင်သူနဲ့ အတူ သားငယ်လေး လူးဝစ်စ် ကို ထိမ်းကျောင်းရင်း လိုက်ပါလာရောက် နေထိုင်တဲ့သူပါ ။

 မြန်မာပြည်မှာကြုံရတဲ့ မပြည့်စုံတဲ့ အရာတွေကို လှောင်ပြောင်ကဲ့ရဲ့ချင်တဲ့ စိတ်မပါပဲ သူ့အမြင်ကို ရိုးရိုးလေးရေးသွားတာကိုတွေ့ရမှာပါ ။ ပူလောင်လှတဲ့ ရာသီဥတုကိုတောင် တွေ့ကြုံရခဲတဲ့ အရာလို ခံစားရင်း ကာတွန်းလေးတွေ ဖန်တီးတတ်တဲ့ အပျော်တန်းမဟုတ်တဲ့ ပရော်ဖက်ရှင်နယ် ကာတွန်းနစ်စ် တယောက်ဖြစ်ပါတယ် ။

သူဖန်တီးခဲ့တဲ့ Shenzhen , Pyongyang နဲ့ Jerusalem ဆိုတဲ့ ရုပ်ပြကာတွန်းတွေကိုလဲ စာကြည့်တိုက်မှာ ကျမရှာဖတ်ဦးမယ် ။သေချာပေါက် စိတ်ဝင်စားစရာတွေ နဲ့ ပြည့်နေမှာ သေချာတယ် ။ သူ့အကြောင်းကိုသိချင်လို့ လိုက်ရှာတော့ သူဟာ ၄၈ နှစ်အရွယ် လူရွယ်လူလတ်တယောက်ဖြစ်ပါတယ် ။

 Guy-Delisle facebook  ဒါကတော့ သူ့ရဲ့ ဖေ့စဘွတ်ပါ ။ up to date ဖြစ်ချင်ရင်တော့ like လုပ်ထားနိုင်ပါကြောင်း ။။။။



စာအုပ်အဖုံးလေးကိုကြည့်လိုက်တာနဲ့ ပေါ့ပါးတဲ့ အမြင်ဆိုတာ ပေါ်လွင်တယ်




ကလေးငယ်တွေ အတွက် အန္တရာယ် မကင်းတဲ့ ပါဝါပွိုင့်တွေ ။ မီးနီရောင်က ကလေးကို စပ်စုစိတ်ဖြစ်ပေါ်စေတယ် ခလုတ်ကို ဖွင့်ပိတ်လုပ်ရင်း ဆော့ချင်စိတ်ကို ဖြစ်ပေါ်စေတယ် ။ အပေါက်တွေက ကလေးလက်ချောင်းအရွယ်လောက်အထိ ကျယ်တယ် ။ မြန်မာပြည်က မိဘတွေက အဲလောက်ထိ ကလေးရဲ့ အန္တရာယ်ကို ဂရုမပြုကြပါဘူး ။



မြန်မာပြည်က ဆင်ဆာစနစ် စာရွက်တွေ ဖြဲထုတ်ခံရတဲ့ ခေတ်ကို သူမီခဲ့တယ် ။



စီးတီးမတ်မှာဈေးဝယ်တော့ ဈေးလာဝယ်တဲ့သူထက် ဝန်ထမ်းအရေအတွက်အရမ်းများတာ  ကူညီဖို့ထက် ပစ္စည်းစောင့်ဘို့ ရည်ရွယ်ချက်မှန်းသိသာနေတယ်


တခုခုမေးချင်ရင် အကူညီတော့ရပါတယ် ။ ဒါပေမယ့် အလွန်တရာ ရိုးကျိုးတဲ့ ပုံစံက ဝန်ဆောင်မှု ဆိုတဲ့ အနှစ်သာရကို ပျက်စေပါတယ်တဲ့ ။

တနေ့မှာ စီးတီမတ်မှာ ထပ်ကာ တလဲလဲ ဖွင့်နေတဲ့ သီချင်းကြောင့် စိတ်အနှောင့်ယှက်ဖြစ်ခဲ့ရပြီး နောက်မှ သဘောပေါက်တာက အဆိုရှင်ဟာ အစားသောက်ပျက်တဲ့ ရောဂါနဲ့ သေခဲ့တာမို့ ဒီသီချင်းဟာ good choice မဖြစ်ခဲ့တာလဲ သိခဲ့ရပါတယ် ။ ဒါက အဓိက မကျပေမယ့် ဒီသီချင်း ထပ်တလဲလဲ ဖြစ်တာကြောင့် စိတ်အနှောင့်ယှက်ဖြစ်ပြီး အပြင်ခဏ ထွက်ခဲ့ရပါတယ်







အရီချင်ဆုံးကတော့ အိမ်က အဲကွန်းတွေပါပဲ မီးအားကျချိန်မှာ အဲကွန်းရှေ့ လေလေးလိုချင်လို့ မျှော်ပြီးရပ်ခဲ့ရတာကို တောင် သတိရလာတဲ့ အတွက် ရီပစ်လိုက်မိပါတယ်။



လူကုံထန် ရပ်ကွက်က ၃ ထပ်အိမ်တလုံးရဲ့ အချိုးအစား မပြေပြစ်တဲ့ ဗိသုကာက ရန်ကုန်မှာတော့ လှတယ် ထင်ရပေမယ့် ဘယ်ဒီဇိုင်းကို ကိုယ်စားပြုမှန်း မသိရလောက်အောင် ရောစပ်မွှေနေပါတယ် ။ ကျဉ်းမြောင်းလှတဲ့ ၃ထပ် ။ ကြွေပြားသေးသေးလေးတွေ ကပ်ထားတဲ့ အပြင်နံရံ ။ အပြာရောင်ပလပ်စတစ် ကြွေပြားခေါင်မိုး ။ အပြာရောင် ရောင်ပြန်ပါတဲ့ ပြူတင်းပေါက်မှန်များ ။ အိမ်ပတ်ပတ်လည်က ဘေလ်ကွန်နီများ နဲ့ ဂရိစတိုင် တိုင်လုံးရှည်ကြီးများဖြစ်ပါတယ် ။ Nevueau Riche ဆိုတာ အဆင့်တန်းနိမ့်တဲ့ ချမ်းသာမှုလို့ ခေါ်ဆိုတဲ့ ဘန်းစကားပါ ။ မျိုးလိုက်ရိုးလိုက်ချမ်းသာ တာ မဟုတ်ပဲ ခုမှ ကောက်ကာငင်ကာချမ်းသာပြီး သူဌေးပုံပေါက်တယ် လို့ဆိုလိုတာပါ ။ လှအောင်ဆင်ပေမယ့် အထာ မသိဘူးလို့လဲ ပြောလို့ရပါတယ် ။





အထဲဒီဇိုင်းကလဲ သူ့အတွက်ထူးဆန်းနေပါတယ် ။ အဓိကကတော့ အထာ မကျတာပါ ။ အထပ်နှစ်ထပ်ကြားထဲမှာ ဧည့်ခန်းတွေ့လိုက်ရတာ ရူးနေတဲ့ ဗိသုကာဆရာရဲ့ အလှည့်ကို ခံလိုက်ရတယ်လို့ ထင်သွားပါတယ် ။ ခြုံပြောရရင် ဒေသရဲ့ ရာသီဥတုနဲ့ မလိုက်ဖက်တဲ့ လေဝင်လေထွက်မကောင်းတဲ့ ဒီဇိုင်းတွေဖြစ်နေပြီးတော့  ၂မိနစ်တခါ မီးအားကျတဲ့ ပုံစံနဲ့ ဒီအိမ်ထဲမှာ နေရင် ကင်ထားသလိုနေမှာပဲလို ပြောချင်တာပါ ။ အိမ်ငှားခတွေ မတရားယူနေတဲ့ ရန်ကုန်မြို့က လုံးချင်းအိမ်တွေ ရှက်ဖွယ်ပါ ။



ဒီမြို့မှာ လူတွေ လမ်းလျှောက်ဘို့လုံလောက်တဲ့ နေရာ လမ်းဘေး ပလက်ဖောင်းထားလေ့မရှိဘူးတဲ့ ။



အိမ်ထိမ်း ကိုအေးရဲ့ ပါးစပ်အတွင်းက သွားများကို သရုပ်ဖော်ပုံ



အိမ်နီးခြင်းထဲမှာ သားလေးလူးဝစ်စ် ကို အမြဲပြုံးပြပြီး ထွက်ထွက်လာပြီး ဟယ်လိုကို မြန်မာလိုသင်ပေးတတ်တဲ့ အဘိုးကြီးတယောက်ရှိတယ် ။



ဒါပေမယ့် သားလေး မပါရင် သူ့ကို လုံးဝ မမြင်ချင်ယောင်ဆောင်နေတယ်တဲ့ ရှက်တောင်ရှက်သွားတယ်တဲ့ ကျမအော်ရီမိတယ် ။ ဟုတ်တယ် သူပြောတဲ့ အတိုင်းပဲ ။ မြန်မာပြည်က လူကြီးပိုင်းအန်ကယ်ကြီးတွေ ဘယ်လိုဖြစ်တာလဲ မသိဘူး ။ တမျိုးကြီးတွေ ။ ခဏခဏ ကြုံဘူးတယ် ။ မိသားစုခြင်းတူတူကို တယောက်ကိုပဲခေါ်တယ် နောက်တယောက်ကို အသိအမှတ်မပြုတတ်ဘူး ။ အဲတာ ဆိုးဝါးစွာ ခွဲခြားတာပေါ့နော် ။



တိုက်ခန်းတွေရဲ့ ဓလေ့



လှေခါးထောင့်တွေမှာ ရှိတဲ့ ကွမ်းတံတွေးတွေနဲ့ အမှိုက်ပုံးများ ။ သူက ပိုးလောက်လန်းတောင် ရှာကြည့်ခဲ့သေးတယ် ။ တွေ့တယ်တဲ့ ။




အိမ်ဖော်မလေးရဲ့ he နဲ့ she နဲ့ မကွဲပြားတာ တခါတလေ ကျမတို့လဲ တူတူပဲ ဟိဟိ ။



ဒါကတော့ ပုဂံကို သွားလည်တုန်းကတဲ့ လေယာဉ်ပျံပေါ်က ပုံလေးတွေပါ ။ ရှေ့ခန်းမှာ ထိုင်ဘို့ ကပ်ပတိန်က ဖိတ်တယ်တဲ့ ။ ဘိုမို့လို့ မျက်နှာ လုပ်တာနေမယ် ။ ကပ်ပတိန်မှန်ရင် ဘယ်နိုင်ငံက ပဲ ဖြစ်ဖြစ် ငကြွားတွေ နေမယ် ။ MH 370 ကိုတောင် သတိရမိသေး :P



သူလို ဖော်ရိမ်နာတယောက်အတွက် ခရီးသွားထောက်ခံစာ ယူရပုံ အဆင့်ဆင့် ယူရပုံ ။


pirated DVDs တွေကိုတွေ့တော့ဝမ်းသာအားရ နောက်ဆုံးရုံတင်နေတဲ့ ကားတောင်ရတယ်တဲ့ ။ အိမ်ရောက်တော့ဖွင့်ကြည့်တော့မှ ရုပ်ရှင်ရုံထဲမှာ ဟမ်းဖုန်းနဲ့ ခိုးရိုက်ထားတာတွေ ဖြစ်နေတယ် ။




စာမှန်သမျှ အပြင်မရောက်ခင် ဆင်ဆာ ဖြတ်ခံထိတယ် ။



ဟိုတုန်းက မဂ္ဂဇင်းတွေစာအုပ်တွေကို ဖတ်ရင် ဆင်ဆာထိတဲ့ နေရာတွေကို ငွေမင်ရောင်တွေ နဲ့ပိတ်ခံရတာ ကျမလဲ မှတ်မိတယ် ။ ကာတွန်းလို အရာတောင် ငွေမင်ရောင်အကွက်ကြီးတွေ လုပ်ခဲ့ကြတယ် ။ သပြေမဂ္ဂဇင်းဆိုရင် ခဏခဏ :D


သတင်းစာ လှန်လိုက်ရင် ပထမဆုံးစာမျက်နှာမှာ ပါတတ်တာက စီနီယာဂျင်နရယ် သန်းရွေရဲ့ စစ်တပ်ဟာဒီထက်ပိုပြီး အင်အားရှိဘို့ လိုကြောင်း ။ ဒုတိယ စာမျက်နှာမှာနိုင်ငံတကာ အကြောင်း  ။ ဒါပေမယ့် ဗုံးကွဲတာတွေ ရေကြီးတာတွေ ငလျင်လှုပ်တာတွေချည်းပဲ အားလုံး ၂မျက်နှာ ။ နောက်ပြီး ပြည်တွင်းသတင်းကဏ္ဍမှာ ဖြေးဖြေးနဲ့မှန်မှန် ချီတတ်နေတဲ့ အလုပ်ကြိုးစားတဲ့ တပ်မတော် ၊ အထက်အရာရှိများရဲ့ နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခြင်း ။ ၎င်းတို့ တက်ရောက်သော အခမ်းအနားများ ။



တချို့ အကြောင်းအရာတွေက ဘာမှ မဟုတ်ပေမယ့် အခမ်အနားတက်ရောက်တဲ့ စီနီယာ ဂျူနီယာ အရာရှိကြီးများအားလုံးရဲ့ စာရင်းများကို အပြည့်တွေ့နိုင်တဲ့ အကြောင်း ။


ရွေတောင်ကြားရပ်ကွက်မှာ နေထိုင်သူ ဗိုလ်ချုပ်ကြီးများရဲ့ အိမ်ကို အထဲ မမြင်ရအောင်ကာထားပုံနဲ့ လုံခြုံရေး ယူထားပုံတွေ ။ သတင်းထဲမှာ ကြေငြာပုံအရ တည်ငြိမ်အေးချမ်းသော ခေတ်မီ နိုင်ငံတော်ဆိုရင် ဘာလို့များကာထားတာလဲတဲ့ ။



သူက အဖြေထုပ်ထားပါတယ် စစ်ဘက်အရာရှိကြီးတွေကြောက်တာ ဒီနို်င်ငံတဝှမ်း ဘယ်သူမှ မရှိပါဘူး ။ သူတို့က အခြင်းခြင်းကိုပဲ ကြောက်တာပါတဲ့ :D ။ သတင်းစာဖတ်လို်က်ရင် ဘယ်ဝန်ကြီးကို ဘယ်ဝန်ကြီးက အကြောင်းမရှိပဲ အစားထိုးခန့်အပ်လိုက်တယ် ဆိုတာတွေ ခဏခဏ ဖတ်ရတယ် ။



မုန့်လက်ဆောင်းဝယ်သောက်တာ အရမ်းကောင်းတယ် ။ ခွက်ကို ဆေးတာမြင်လိုက်တော့ သူ စိတ်ညစ်သွားတယ် ။



မိုးများတဲ့ အခါနဲ့ ရှုပ်ထွေးနေတဲ့ လမ်းမီးတိုင်များကတော့ some mad genius ပဲတဲ့ ။


မီတာခကို မဲမှောင်နေတဲ့ ရုံးကြီးဆီမှာ သွားဆောင်ကြတယ်တဲ့ :P ။


မသုံးတော့တဲ့ ဗိုလ်ချုပ်ခေါင်းပါတဲ့ ငါးကျပ်တန်လေး ပြန်အမ်းခံလိုက်ရတာ ကို ပြန်မလဲပဲ ဝမ်းသာအားရ သိမ်းလာခဲ့တယ် ။ မြန်မာလွတ်လပ်ရေးသူရဲကောင်းဖခင်၊ ငွေစက္ကူများရဲ့ စာမျက်နှာရှင်ကြီး ရဲ့ သမီးဟာ အကျဉ်းကျနေသော ထူးဆန်းတဲ့ နိုင်ငံပါတဲ့ ။ ကြည့်ကောင်းတဲ့ ဗိုလ်ချုပ်ပါ ။ သူနဲ့တူတဲ့သမီး အချောဆုံး ထင်ရှားကျော်ကြားသူ အလှဆုံးနိုဘယ်ဆုရှင်ပါတဲ့ ။


ငွေစက္ကူအသစ်တွေမှာတော့ ယုံတမ်းပုံပြင်လာ တိရိစ္ဆာန်များရဲ့ ပုံတွေ နေရာယူနေပြီတဲ့ ။


အယူသီးမှုတွေကို ဖယ်ထားလိုက်ရင် အသစ်ထုတ်တဲ့ ပိုက်ဆံများရဲ့ တန်ဘိုးတွေကလည်း ၄၅ ကျပ် ၁၅ကျပ် ၉၀ကျပ် ဖြစ်ပြီး သုံးစွဲသူတွေကို ခေါင်းချောင်ရင်ချောင် မချောင်ရင်လဲ သင်္ချာဝိဇ္ဖာ ဖြစ်အောင် လှလှပပလေး မောင်းသွင်းသွားမှာပါတဲ့။  (BTW ဝိဇ္ဖာ ဆိုတာ Wizard က ဆင်းသက်လာသလားဟင် )


လမ်းတိုင်းမှာ သည်းမခံနိုင်လောက်အောင် ဆူညံနေတဲ့ မီးစက်တွေ။



သူတို့ လမ်းလျှောက်ထွက်ရာ ကန်တော်ကြီး က ညောင်ပင်ကြီး တန်ခိုးထွားလာပုံ အဆင့်ဆင့် ။


သင်္ကြန်တွေ ရေမစိုအောင် လွတ်အောင်ရှောင်လာခဲ့ပြီး အိမ်ရောက်မှ အိမ်ဖော်က လောင်းလိုက်တာ ခံလိုက်ရပုံ ။


အမှိုက်သိမ်း အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေမယ့် အမှိုက်သိမ်းစနစ် ။


မော်တော်ပီကယ်ကို ဖြေရှင်းပုံ


မြန်မာပြည်ထွက်ရုပ်ပြစာအုပ်များရဲ့ နိုင်ငံခြားမှ ခိုးချထားသော ဇာတ်ကောင်များ ( သူက ရုပ်ပြကာတွန်းဆရာ ဆိုတော့ ရုပ်မြင်တာနဲ့ မှတ်မိနေတယ်) တယောက်တော့ အရမ်းလှတယ် တဲ့ ( သူက စောမင်းဝေပါ ကျမလဲအရမ်းကြိုက်တယ် )


အိမ်မှာ အင်တာနက်လိုင်းမကောင်းတဲ့အခါ အင်တာနက် ဆိုင်တွေမှာ အင်တာနက် သွားသုံးတော့ အရှေ့တိုင်းသား နိုင်ငံခြားသားတချို့ VOID အင်တာနက်ဖုန်းတွေ သုံးနေကြတာရယ် မြန်မာကလေးတွေ စစ်တိုက်ဂိမ်းတွေကို အွန်လိုင်းကနေ ဆော့နေကြတာရယ်တွေ့တယ် ။ ဆိုင်မှာ ထိုင်နေတဲ့ ဝန်ထမ်းကလဲ နက်ဝေါ့တ် နဲ့ ပတ်သတ်လို့ ဘာမေးမေး သိနေအောင်တော်တယ် ။ သူကလဲ ကော်နက်ရှင် ကောင်းတော့ surf လုပ်မယ်ဆိုပြီး ဂူးဂဲကို ဖွင့်လိုက်တော့ အရင်လူတွေ ရှာထားတဲ့ key words တွေက အံသြဘို့ ကောင်းနေတယ် :P ( ပုံကို အကျယ်ချဲကြည့်စေချင်တယ် ) ။


ဒီပုံကိုပါ


ရတနာရေနံ သိုက်ကနေ တိုတယ် ရေနံကုမ္မဏီက ထိုင်းကို တိုက်ရိုက် ပိုက်လိုင်းသွယ်ပြီးရောင်းတယ်တဲ့ ။


သေချာတာ တခုကတော့ ဒီပိုက်လိုင်းကို တည်ဆောက်ခဲ့ရသူတွေဟာ ဒီပိုက်လိုင်းလမ်းကြောင်းမလွတ်လို့ တရွာလုံးဖယ်ပေးခဲ့ရတဲ့ ရွာသားတွေပဲ ဖြစ်ပြီး အတင်းအကျပ်စေခိုင်းခံခဲ့ရတာကိုပဲ ။ ပေါ်တာဆွဲပြီး တအိမ်တယောက် လာကူခိုင်းတာပါ ။ မြန်မာစစ်တပ်က အဲလို လုပ်တာပါ ခုထိလဲ အဲလိုပဲတဲ့။



ကာတွန်းဆရာ တချို့နဲ့ ခင်တော့ တချို့ ကာတွန်းပုံတွေက တင်ပါးအလှကို အသားပေးထားတာတွေ့တော့ ဒီတိုင်းပြည်ရဲ့ ယဉ်ကျေးမှုနဲ့ လုံးဝ မအပ်စပ်တာ မြင်လိုက်ရတယ်တဲ့ ။



ဒါက သူ ဘန်ကောက်သွားလည်တုန်း မလုံလောက်တဲ့ မြန်မာပြည်က လျှပ်စစ်မီးကို ဝယ်ထားတဲ့ ထိုင်းက အခန်းတိုင်းတပ်ထားတဲ့ အဲကွန်းတွေရယ်နဲ့ ယှဉ်ပြီး သတိရနေတာပါ ။


သူ့အမျိုးသမီး တာဝန်ကျတဲ့ မြစ်ကြီးနားကို လိုက်တော့ ပြည်တွင်းပိုင်လေကြောင်းလိုင်းတလိုင်းပဲ ရှိတယ် သူကြားလိုက်ရတာ စိတ်မပူပါနဲ့ တနှစ်အတွင်းလုံးဝ မပျက်ကျသေးပါဘူးတဲ့ :D ။ သူအရမ်း လန့်သွားတယ် ။ အဲဒီအက်စီးဒင့်တုန်းက ကိုယ်တွေ့ကြုံသူတွေ ပြောပြနေတဲ့ ဇာတ်လမ်းတောင်ကြားလိုက်ရတော့ ရင်တုန်သွားတယ် ။ အဲမန်းဒလေးပဲ ဖြစ်ရမယ် :P



လေယာဉ် မထွက်ခင်မြင်လိုက်ရတာ ပိုးဟပ်တွေ ပြေးနေတဲ့နံရံ ၊ အအေးတိုက်တာ ညစ်ပတ်နေတဲ့ ခွက် ( မိန်းမက သူ့ကို ဆိတ်ပါတယ် ) ။ လေယာဉ်မှူး အခန်းထဲက တဝက်တပျက်ကာထားတဲ့ ခန်းဆီးကနေကြည့်လိုက်တော့ လေယာဉ်မှူးက ဆေးလိပ်တဖွားဖွား ရေဒီယိုလှိုင်း နှောင့်ယှက်မှုကို မမှုပဲ ရေဒီယိုက လွှင့်တဲ့ သီချင်းတွေ နားထောင်လို့ ။ လေယာဉ်မှူးရှေ့က မှန်ကတော့ ဘုရားပုံ တပုံကပ်ထားတယ် ။









ကချင်ပြည်ရောက်တော့ ကချင်ပြည်က မိန်းကလေးတွေက ပြည်မက မိန်းကလေးတွေလို နှုတ်မဆိတ်တတ်ဘူး စကားပေါတယ်တဲ့ မေးလိုက်ကြတာ စုံနေရောတဲ့ :D
 


သဘာဝ မကျဘူးလား ဒက်ထိပဲနော်... :D


ပြီးပါပြီ ရှင့် :D

Comments

  1. ကွက်တိဒက်ထိပဲနော်..... သိပ်ကောင်းတဲ့စာအုပ်လေးပဲ... ဖတ်ဖြစ်အောင်ကို ဖတ်ရမယ်..
    တို့တွေနဲ့ကွက်တိ ၂ချက်ရှိတယ်။ တခြားဟာတွေလည်း သတိပြုမိတယ်။ မီးစက်တို့ဘာတို့လိုမျိုးကျ သတိမပြုမိလို့မရ တွေ့နေတာပဲနော်။ ဗမာတွေကိုယ်တိုင်လည်း အနှောက်အယှက်အဖြစ် ခံစားရတယ်လေ။ ဒါပေမယ့် အခုပြောချင်တဲ့ ၂ ချက်က ဗမာတွေကိုယ်တိုင် အနှောက်အယှက်လို့ မမြင်တဲ့အချက်...။
    တခုက မီးပလပ်တွေ... ဒီမှာက တူးပင်အဝိုင်းပုံ ပလပ်တမျိုး ပဲရှိတယ်။ ဟိုမှာကအမျိုးစုံ၊ ၂ပင်၊ ၃ပင်၊ အပြား၊ အဝိုင်း၊ ပစ္စည်းတခုဝယ်လာပြီး မတူရင် ကြားကခံရသေးတယ်။ ရန်ကုန်အိမ်မှာကတော့ တမျိုးတော့တမျိုးတည်းပါပဲ ဒါပေမယ့် ပလပ်တွေက လှုပ်လီလှုပ်လဲ့ချောင်ရင်ချောင်...မချောင်ရင် ထိုးထည့်လို့မရ တအားကျပ်၊ ဝယ်သုံးတဲ့ စက်ပစ္စည်းတွေနဲ့ ပလပ်ပေါက်ပုံစံက မကိုက်တော့အမြဲ အဒပ်တာ သုံးရတယ်။ နောက်ပြီး ဒီမှာက ကလေးလက်ထိုးလို့မရအောင် အပေါက်ကိုပိတ်ထားတယ်။ ဟိုမှာကတော့ဒလဟောပဲ။ ပုံစံတွေကလည်း မျိုးစုံ၊ သည်မှာက တခုခု ထုတ်လုပ်ရင် အန္တရာယ်ကင်းမှုကို ဦးစားပေးစဉ်းစားထုတ်လုပ်တယ်။ ဟိုမှာကတော့ မစဉ်းစား..ပစ္စည်းကလည်း ဟိုနိုင်ငံသည်နိုင်ငံက ဗြောက်သောက်ဝင်... သူများနိုင်ငံက စံနဲ့ ထုတ်ထားတာကို ကိုယ်က အကုန်လိုက်လျောညီထွေ ဖြစ်အောင်သုံးနေရ။ စိတ်ပျက်စရာကြီး။ အိမ်ကမီးခလုပ်တွေ တခုမှ အသုံးမတည့်ကတည်းက သည်မှာနဲ့ နှိုုင်းပြီး စိတ်ကုန်နေတာ။ တခုတော့ရှိတယ်..နှိုုင်းစရာမြင်ဖူးမှသာလျှင်လည်း ပိုကောင်းတာ သိနို််င်မှာကိုး..။

    နောက်တခုက အိမ်ဆောက်ထားတာတွေ။ ပုံစံတွေက သူရေးထားတဲ့အတိုင်းစိတ်ပျက်စရာကြီး။ တိုင်လုံးတွေကို အပို ရှေ့ထုတ်ထားကြတယ်။ ခန်းနားတယ်ဆိုတဲ့သဘောပေါ့လေ။ ဒီလောက်ရုပ်ဆိုးတဲ့အပြင် အဲဒါကြီးတွေ ဆေးပြယ်တော့ အပိုဆေးသုတ်ရတာ ရှုပ်တာပေါ့။ တိုင်ကလည်းအတွန့်အတက်တွေနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ ဝရံတာပါလို့ အောက်ခံတိုင်ထည့်တာက ထားပါတော့။ တချို့က ဝရံတာ မပါဘဲ သက်သက်မယ့် တိုင်တွေကပ်ပြီး မလိုဘဲထည့်ထားတယ်။ မြင်ဖူးမှာပေါ့ ပြူတင်းပေါက် ဘေးတဘက်တချက်တွေမှာရော။ ဒီကိစ္စ တို့တွေအတင်းတုပ်နေတာကြာပြီ။ ကိုုယ်အိမ်ရှာတဲ့အချိန်ကျ အဲလို အသစ်တော့အသစ် ဒါပေမယ့် ဘာဒီဇိုင်းမှန်းမသိ ရှုပ်ယှက်ခတ်အောင် ဆောက်ထားတဲ့ အိမ်မျုးျိကြီးပါလာတဲ့မြေကို (အိမ်ဖိုးပါတွက်ပြီးတောင်းရင်တော့) မဝယ်ဘူးလို့။ ဖျက်ရတဲ့စာရင်းထဲ တခါတည်း ထည့်မှတ်ထားပြီး ကိုယ်ကတောင် ပြန်အမ်းခိုင်းလိုက်ဦးမယ်လို့။ မြေချည်း သတ်သတ် ဝယ်တာ အကောငး်ဆုံးလို့ ပြောထားကြတာ ကြာပြီ..။ အထဲဘက် ဒက်ကိုပြင်တဲ့အခါကျလည်းပဲ မျက်နှာကျက် ဂျပ်ဆင်ဘုတ်တွေဆင်တာလည်း အဲလိုပဲ အတွန့်အတက်တွေ အထပ်ထပ်ထည့်ပြီး ဆင်ကြတာ။ နောက်ပြီး ပရိဘောဂ ကျွန်းဆက်တီဆိုလည်း ကနုတ်အတွန့်တွေနဲ့။ တို့ဆို အိမ်သန့်ရှင်းရေး ကိုယ်တိုင်လုပ်ရတာဖြစ်တဲ့အတွက် အဲဒီတပေါက်ချင်း ဖုန်သုတ်ရမှာဖြစ်တဲ့အတွက် လုံးဝ ဝယ်ဖို့စိတ်မကူးဘူး။ အဲ့ဒီကနုတ်အတွန့်တွေထဲမှာ ဖုန်တွေမြင်ရင်သိပ်အသည်းယားတာ။

    ReplyDelete
    Replies
    1. ဟုတ်တယ် သူငယ်ချင်းရေ ငါဖတ်တော့ ငါနဲ့ တိုက်ဆိုင်တဲ့ အမြင်တွေ တွေ့တယ် နင်ဖတ်ရင် နင်နဲ့ တိုက်ဆိုင်တဲ့ အမြင်တွေ ထပ်တွေ့ရဦးမှာ ။ အဲဒီ တိုင်လုံးကြီးတွေက ကားရပ်လို့လဲ မရ ကွေ့လို့လဲ မရ နေရာပုတ်သတ်သတ် ဘာအကြောင်းနဲ့ ထည့်ထားမှန်းကို မသိဘူး ။
      အလုပ်သမားတွေ အများကြီးခန့်ထားတာလဲ ဘာမှ အကူအညီမရတဲ့ အပြင် သူတို့လမ်းလျှောက်နေရင်တောင်နောက်ကပိတ်နေလို့ မနဲစိတ်ရှည်ထားနေရတာ

      ကာတွန်းတွေမှာ အဲလို အသားပေးတဲ့ ပုံတွေဆွဲတာလဲ မကြိုက်ဘူး ။ ဆွဲချင်ရင်လဲ Rate တတ်လိုက် ။ ငါ ၁၁နှစ်သမီး အရွယ်တုန်းက ဝတ္ထုစာအုပ်မျက်နှာဖုံးမှာ ပုံဆွဲတဲ့( ငါထင်တာမမှားဘူးဆိုရင် ) မောင်မောင်လှမြင် နဲ့ မောင်မောင်သိုက်ဆွဲတဲ့ ပုံတွေက အမျိုးသမီးပုံတွေကို ကိုယ်လုံးတီးသာသာပေါ်မှာ အကြည်ရောင် အဝတ်သာသာလေး ဆွဲတာတွေ Nipples shade ပေါ်အောင်ဆွဲတာတွေကို ငါက ၁၁နှစ်သမီးဆိုတော့ မနှစ်မြို့ခဲ့ဘူး ။ လူကြီးတွေက ဘာဖြစ်လို့ အဲလိုဆွဲတာလဲ ဘာဖြစ်လို့ လူမြင်သူမြင်များတဲ့ စာအုပ်တွေမှာ မျက်နှာဖုံးတင်တာလဲလို့ မကျေနပ်ဖြစ်ခဲ့ဘူးတယ် ။ ငါပဲမှားလား သူတို့ပဲမှန်လားတော့ မသိဘူးနော် ။

      Delete
    2. တို့နိုင်ငံက လူနဲ့ လူရဲ့တန်ဘိုး well being ကိုတန်ဘိုးမထားတာလဲ ပြောချင်တာ ။ လူတွေ နားဘို့ နေရာ အရိပ် မရှိဘူး ။ လူတွ လမ်းလျှောက်ဘို့နေရာ မရှိဘူး ။ ကားတွေကြားဈေးသည်တွေကြားမီးစက်တွေကြားက ပလက်ဖောင်းအကျိုးတွေပေါ်က လျှောက်ရတယ် လမ်းကူးဘို့ နေရာမရှိဘူး လူတွေက လူနေရာကို မရှိတာ ။။။။ အဲဒီအစား ရေချမ်းစင်မှာ ဘုံသုံးတဲ့ ခွက်နဲ့ ရေချမ်းတည်တာကို ဗြဟ္မစိုလ်တရားကြီးမားသယောင် ဂုဏ်ယူနေကြတယ် ။။။ အဲဒီအစား တွေ့သမျှ လမ်းအပေါက်တွေကို တယောက်တလှည့်ဖာရင်တောင် ပြန်ကောင်းနေလောက်ပြီ ။။။။ ငါဆို ပြန်ရောက်ရင် အဲတာမျိုးတွေ လိုက်ရှာ လှူပေးတယ်။။ မြောင်းကူးတံတားမရှိတာတွေ လမ်းပေါက်နေတာတွေ ရေချမ်းစင်မလှူဘူး ရေသန့်ပဲလှူတယ်

      Delete
  2. နောက်တခုကျန်သေးလို့ အပြေးအလွှား လာပြောတာ...
    ဒီကမိတ်တွေတိုင်း တညီတညာတည်းပြောကြတာက နင်တို့နိုင်ငံက အမျိုးသမီးတွေက လှတယ်.. လှလှပပပြင်ဆင်ထားကြတယ်..ဒါပေမယ့်အမျိုးသားတွေက ပြင်ပြင်ဆင်ဆင် မရှိဘူး.. မလှဘူး..သွားတွေကလည်း ညစ်ပတ်တယ် တဲ့

    ReplyDelete
  3. ဝါးဟားဟား..... သူတို့က အဲတာတင်မကဘူး ဒီစာအုပ်ထဲမှာ ပါတဲ့ အန်ကယ်ကြီးတွေလို စိတ်ဓာတ်တွေကကို စောင်းနေတာဟ..... ဂုဏ်ခံချင်တာလား မာန်တတ်ချင်တာလားတော့ မသိဘူး

    ReplyDelete
    Replies
    1. အလွန်ကြီးမားတဲ့ မဟာဖိုဝါဒတွေရှိတယ်နော် ငါ့အမျိုးတွေက ထိပ်ဆုံး ဟီးဟီးးး

      Delete
  4. This comment has been removed by the author.

    ReplyDelete
  5. I like ur usage >> လုံးနေတဲ့ ကမ္ဘာကြီးမှာ ဘေးအစွန်းဆိုတာ မရှိပါဘူး ....

    ReplyDelete
  6. ဖတ်ချင်တယ်... လောလောဆယ်တော့ ၃ထပ်တိုက်ကြီးနဲ့ အထပ်၂ထပ်ကြားကဧည့် ခန်းရယ်ကမျက်စေ့ ထဲကမထွက်ဘူး :D

    ReplyDelete
    Replies
    1. အိမ်ဆောက်ရင် အာခီတတ်ကို သေချာရွေးနော် ဖော :D

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်