ပိုလာဘာလီ - Mont Batur + Lake Batur + Besakish temple + Nusa Dua

 ဟော်တယ် ဘူဖေး မနက်စာ

တိုးရ်ဂိုက် ချီလီ မနက် ၈နာရီလာမယ် ဆိုတော့ မနက်စောစောထ ဟော်တယ်က ကျွေးတဲ့ နိုင်ငံတကာ ဘူဖေးကိုဆင်းစားကြတယ် .. ။ ထုံးစံ အတိုင်းပေါ့ ဒေသစာတွေဖြစ်တဲ့ အင်ဒိုနီးရှားစာ စင်ကာပူစာ မလေးစာ တို့အပြင် တရုတ်စာ အနေနဲ့ ကြာဆံကြော်ခေါက်ဆွဲကြော် ဆန်ပြုတ် ဘိုစာ အနေနဲ့ ham မျိုးစုံ cheese မျိုးစုံ cereal မျိုးစုံ နဲ့ ကော်ဖီ လဘက်ရည် မုန့် အမျိုးမျိုး အအေး သစ်သီး ကြက်ဥ အမျိုးစုံ တို့ရတာ ပေါ့ ။

ကိုယ်ကတော့ ဒေသစာကို ပဲရွေးပြီးစားတယ် ပသျှူးထမင်းကြော်လိုမျိုး ဟာနဲ့ ဟင်းတွေပေါ့ ။ ဟင်းတွေကတော့ မကြိုက်ဘူး အပေါ့တွေပဲ ချက်ထားတာ ဆိုတော့ ထမင်းကြော်နဲ့ ငြုပ်သီးထောင်း မျိုးစုံကိုပဲ ယူစားတယ် ။ စပလင်နဲ့ နှမ်းဆီနဲ့ ငြုပ်သီးနဲ့ ထောင်းထားတဲ့ အထောင်းလေးကြိုက်တယ် ။ ပြီးတော့ ဟိုဟာ နည်းနည်း ဒီဟာ နည်းနည်း မြည်းတာပေါ့ ။ အင်ဒိုနီးရှား ကော်ဖီကို အထင်ကြီး ပြီး သောက်တာ မကောင်းဘူး ကျဲတောက်ကြီး ။ နောက်နေ့ကျတော့ ကာပူချီနိုနဲ့ လက်တေး ပဲ သောက်တော့တယ် ။ မုန့်တွေ အကုန် ကြိုက်တယ်  ။ အသီးဖျော်ရည် အစစ်တွေတော့ ရတယ် ။ အဲတာ ကြိုက်တယ် ။



Kintamani and Mont Batur


ဒီနေ့ ဘာလီကျွန်း မြောက်ပိုင်းမှာ ရှိတဲ့ ရေအိုင်ကြီးနဲ့ မီးတောင်ရယ်ကို လှမ်းမြင်ရတဲ့ ကင်တာမာနိ Kintamani ဆိုတဲ့ တောင်စခမ်းလေးတခုရယ်  နောက်ထက် အမြင့်ဆုံးတောင်ကြီး Mont Batur  ရှိတဲ့ နေရာရယ်  ပြီးတော့ လမ်းခုလတ်မှာ ရှိတဲ့ မယ်တော်ဘုရားကျောင်း  Besakih  ဘဆစ်ခ် ( Mother temple လို့ ပြောတယ် ) ဆီရယ် သွားမယ် ။ လမ်းမှာ ပါတိတ်စက်ရုံကို လိုက်ပို့မယ်လို့ ပြောတယ် ။ အပြန်မှာ ရိုမန်တစ် ဒင်နာ ကို သွားကြမယ်တဲ့ ။

 ကင်တာမာနိ ဆိုတာ အောက်က ပုံထဲက အဖြူရောင် နယ်နိမိတ်နဲ့ပြထားတဲ့ ဒေသလေးကိုပြောတာ။



ဂိုက် ချီလီ

ဘုရားကျောင်းတွေသွားရင် sarong လို့ခေါ်တဲ့ လုံချည် ဝတ်ရမှာလား ဆိုတော့ နိုးပရော်ဘလန်တဲ့ ။ အဲတာ နဲ့ ဘောင်းဘီတိုနဲ့ ပဲ ထွက်လာတာပေါ့ ။အရှည် ပြန်မလဲတော့ဘူး ။

မနက်ခင်း ၉ နာရီလောက်ကျတော့ ခရီးစပါပြီ သူခေါ်လာတဲ့ ကားလေးက ဗင်ကားလေး ဒရိုင်ဘာက မန်းတေး လို့ခေါ်တယ် ။ သဘောကောင်းတယ် ။ သူတို့က မေးတယ် မြန်မာလားတဲ့ ဟုတ်တယ်လို့ ။ သူတို့ကလဲ မွတ်စလင်မဟုတ်ပါဘူးတဲ့ :P ။ ဘာလီတကျွန်းလုံးမှာ နေသူတွေကို ဘာလီလူမျိုးလို့ခေါ်ပြီး ဘာလီစကားပဲပြောတယ် ဟန္ဒို ဘာသာ ကိုးကွယ်ကြတယ်တဲ့ ။ သူက အဲလိုပြောတော့ စိတ်ထဲမှာ နဲနဲတော့ ရှင်းသွားတယ် ။ ငါ့ကို သတ်မှာ မဟုတ်တော့ဘူးလို့ :D ။

ဒါပေမယ့် အရင်ကတော့ ကားထဲကလက်က အပြင်ရောက်နေရင် ဓားနဲ့ လှမ်းခုတ်ပြီး နာရီကို ယူတယ်လို့ ကြားဘူးတာပဲ ။ ဟုတ်မဟုတ်တော့ မသိဘူးနော် ။ လောင်းလောင်းအဂိုးက ဖြစ်ပါလိမ့်မယ် ။ ကိုယ့်ချည်းပဲ ဆိုတော့ လူနည်းတော့ ကောင်းတယ် အဖွဲ့နဲ့ သွားရင် နည်းနည်း rush ဖြစ်မှာ စိုးတယ် ။ ခုတော့ အေးဆေးမှ အိပ်ယာထလို့ရတယ် ။ ဝင်ချင်တဲ့နေရာ ဝင်လို့ရတယ် ။ ပရိုက်ဗိတ် ဖြစ်တယ် ။

လမ်းက လိုရာခရီးကို ရောက်ဘို့ ဆိုရင် ဘာလီရှေ့ခြမ်းတခြမ်းလုံးကို တောင်ကနေ မြောက်ကို ကားဖြတ်စီးရမှာ ဆိုတော့ လမ်းမှာ ရွာတွေ အများကြီး ဖြတ်သွားရမှာ ။ ပထမဆုံး ပါတိတ်စက်ရုံကို လိုက်ပို့တယ် ။ အမှန်က အများကြီး ဝယ်မလို့ ။ ကိုယ်မကြိုက်ပေမယ့် ပေးချင်နေတဲ့ သူတွေ အများကြီးရှိတယ် ။ ကားပေါ်က ဆင်းဆင်းခြင်း မြင်ရတာ ပါတိတ်ကိုဘယ်လိုလုပ်တယ် ဆိုတာ အဆင့်ဆင့်ပြတဲ့ နေရာ ။ အမျီုးသမီး အမျိုးသားတွေ ဆင်တူတွေ ဝတ်ပြီး ပုံရေးနေကြတာပေါ့ ။





ဘေးနားမှာ ၂ထပ်အိမ်ကျယ် ကြီး ရှိတယ် ရောင်းတာတွေက အဲဒီမှာ ဆိုတော့ ဝင်သွားတဲ့ အခါ ။ ဝင်ဝင်ခြင်း လုံချည်အပုံကို ကြည့်တော့ ၂မီတာ တကွင်းကို US $ 60/ 70 တဲ့ ။ လှလဲ လုံးဝ မလှဘူး ငယ်ငယ်က မလေးရှားဆို့ ယိုးဒယားတို့ က လာတဲ့ ပါတိတ် အကြမ်းထည်တွေလောက်ရှိတယ် ။ ဝတ်လဲ မလှဘူး လက်ဆောင်ပေးရင် စိတ်တောင် ဆိုးကြမှာ ။ အခန်းကျယ်ကြီး တခုလုံး အများကြီး ရှိတဲ့ အထဲမှာ လိုက်ရှာတာ ဈေးသက်သာပြီး လှတာ တခုမှ မတွေ့ဘူး ။ အပေါ်ထပ်က ကျတော့ ပါတိတ်ပန်းချီတွေ အများကြီး ရှိတယ်  ။ လုံးဝ မလှလို့ ဝယ်မယ့် လက်တပြင်ပြင်ကို မနည်းရုတ်ပြီး ပြန်ထွက်လာခဲ့တယ် ။ ပထမတော့ ချီလီကို အားနာလို့ သူကော်မရှင်ရအောင် ဝယ်မလို့ပဲ လှလဲမလှဘူး ဒါကြောင့်ပါ ။ လျှော့ဈေးကလဲ 10% ပဲ လျှော့မယ် ဒီထက် မလျှော့ဘူးဆိုတော့ ဝယ်တော့ဘူး ။

ပါတိတ်အကြောင်း မသိတဲ့ နိုင်ငံက လာတာ ဟုတ်ဘူးလေ ငှဲငှဲ ။

အဲတာနဲ့ ဆက်ထွက်လာကြတော့ လမ်းမှာချီလီကို  အဲဆိုင်ကဈေးကြီးတယ်လို့ သက်သာတဲ့ ဆိုင် ပို့ပေးလို့ ပြောတော့ ခေါင်းတော့ ငြိမ့်တယ် ။ မပို့ပေးဘူး ။ ဒါပေမယ့် ကိုယ်ကလဲ တောင်ပေါ်တတ်ရင် နောက်ကျမှာ စိုးတာနဲ့ သိပ်စိတ်ထဲ မဝင်စားဘူး ။

လမ်းမှာ Polo ဆိုင်ကြီး တွေ့တယ် ။ ကားတွေလဲ အများကြီး ပဲ ရပ်ထားတယ် ။ တိုးရ်ကားကြီးတွေ ။ အဲဆိုင်ကို ဝင်ချင်တယ် ဆိုတော့ ဒရိုင်ဘာက နင်ဝင်ခြင်လားတဲ့ ဆိုပြီး ပြန်ကွေ့ပေးတယ် ။ ချီလီကတော့ ဘာမှ မပြောဘူး ။ ဆိုင်ထဲမှာ လူတွေအများကြီးပဲ ။ ဝင်ဝင်ခြင်း တရုပ်မလေးက ခေါ်သွားပြီး ရှင်းပြတယ် ပိုလို အစစ်က ဘယ်လို အတုက ဘယ်လိုပေါ့နော် ။ ပိုလို စစ်တယ် ဆိုရင်တော့ ဝယ်မယ်ပေါ့ ။ စလုံးမှာ ဆိုရင် ရာကျော်တယ်လေ ။ ဒီဇို်င်းတော့ အရမ်းကြီး မစုံပါဘူး ။ ကိုယ်က ချီလီကို ကော်မရှင်ရစေချင်တော့ ဝယ်မယ်လို့ စဉ်းစားပြီး လိုက်ရှာတာပေါ့ ။

လူတွေကလဲ အများကြီးပဲ ဝယ်နေကြပါတယ် ။ ဒါကြောင့် ကိုယ်လဲ တကယ်ဝတ်မှာ ပဲလေဆိုပြီး တယောက်တထည်စီလောက်တော့ ယူမလို့ လိုက်ရှာ လိုက်တယ် ။ အရောင်းစာရေးမ တချို့က သဘောကောင်းတယ် တယောက်တလေကတော့ အတော်ကြီးကို ဆိုးတယ် ။ ဝယ်တဲ့သူကို မျက်နှာထိ မျက်နှာ ထားနဲ့ ပြောနေတာ တွေ့တယ် ။ အဲတာ နဲ့ ရှပ်လက်တိုတထည် US$ 60 နဲ့ Pullover လက်တိုလေး တထည် US$ 70 နဲ့ ဝယ်လာခဲ့တယ် ။ ကိုယ်က စလုံးပိုက်ဆံပဲ ယူသွားတော့ စလုံးလိုပဲရှင်းရတယ် ။ သူတို့ပြောတဲ့ rate နဲ့ပဲ ရှင်းရတော့ 70 US တန်တဲ့ ဟာက စလုံး 90 လောက်ပေးလိုက်ရတယ် ။ ကလေးဝတ်က သမီးကြိုက်တဲ့ ပန်းရောင် မရှိလို့ မယူဘူး ။
ပိုက်ဆံရှင်းပြီးတော့ ကောင်တာကို ချီလီက ကော်မရှင်ကိစ္စ ပြောနေတာ တွေ့ရတယ် ။ :D


Handicraft villages

 ပြီးတော့ ခရီးဆက်ထွက်ကြတော့ လမ်းမှာ အရမ်းကို ဝင်ကြည့်ချင်တဲ့နေရာတွေ ရှိတယ် ။ ပထမဆုံးရွာက တရွာလုံးကျောက်ပန်းပုတွေ လုပ်တယ် ။ လမ်းတလျှောက် ချထားတဲ့ ဘုရားရုပ်တွေ အများကြီးမှ အများကြီး ပဲ ။ လှတာလဲ အရမ်းပဲ ။ ဆိုဒ်အကြီးကြီးတွေ စပြီး သေးသေးလေးတွေ ရှိတယ် ၊ ဘုရား ဦးခေါင်းတော်ကြီး တွေပဲ လဲ ရှိတယ် လမ်းဘေးမှာ တန်းစီပြီးချထားတော့ ဟိုတခါ အင်တာနက်မှာ တွေ့တဲ့ ကလပ်ထဲက ဆင်းတုတော်ကြီးကို လူတွေ ပတ်ပြီးကနေတာ မကြည့်ရက်လို့ ပိုက်ဆံစုပြီး ပိုင်ရှင်ဆီက တောင်းဝယ်တဲ့ မြန်မာကောင်လေးရယ် ။ စင်ကာပူ မြန်မာသံရုံးနားက Tangling Mall မှာ တင်ထားတဲ့ ကျောက်ရုပ်ဆင်းတုတော်တွေရယ်ကို မြင်ယောင်လိုက်မိတယ် ။



ဆင်းတုတော်တွေကြည့်ရင်း လက်ရာတွေကလဲ အရမ်းကောင်း ဒီလောက်များတာတွေ လမ်းဘေးချထားတာမြင်ရတဲ့အခါ အဲဒီဆင်းတုတော်တွေ အတွက် စိတ်ပူတဲ့သူတွေဈေးကြီးပေးပြီး စုဆောင်းတဲ့ ဝါသနာ ရှိသူတွေကို စိတ်ထဲမှာ တွေးနေမိတယ် :P ။  ဒီလောက်များတဲ့ ဆင်းတုတော်တွေတွေ့ရင် သူတို့ ဝယ်မှာလားဆိုတာ ။

နောက်ထက်တွေ့ရတာတွေက ပန်းခြံလိုနေရာ outdoor space လိုနေရာတွေ မှာ အလှဆင်တဲ့ ကျောက်နဲ့ လုပ်ထားတဲ့ မီးတိုင်တွေ  bath tub လိုမျိုး ကျောက်လုံးကြီး ကို ထွင်းထားတဲ့ ဒီဇိုင်းတွေ အလွန်မိုက်တဲ့ ဒီဇိုင်းတွေ အများကြီးပဲ ။ ရေကုးကန်ဘေးမှာ သုံးရတဲ့ supplies တွေဆို ရေလည်မိုက်တယ် ။ ဘာလီကပြန်လာပြီးထဲက အဲလက်ရာတွေ ကြည့်နိုင်မယ့် ဆိုဒ်တွေကို လိုက်ရှာကြည့်နေမိတာ နေ့တိုင်းပဲ ။

ထပ်ဖြည့်ပြီးပြောချင်တာက ဒီလို ဒေသထွက် တောတောင်ထွက်အရင်းအမြစ်တွေကို အစိမ်းအတိုင်းကြီး Raw မရောင်းစားပဲ နဲ့ ဒေသက လူတွေလဲ ပညာရှင်ဖြစ် တကမ္ဘာလုံးမှာ ဘာလီပစ္စည်းလို့လဲ နာမည်ရအောင် လုပ်ကိုင်ခွင့် လွတ်လပ်ခွင့် ရတယ် ဆိုတာ သဘောပေါက်လိုက်မိတယ် ။ တို့ဆီက အတုံးလိုက်တွေ ရောင်းတော့ သူဌေးဖြစ်မြန်တာ ရောင်းခွင့် ရှိတဲ့ သူတွေပဲလေ ။ ကျန်တဲ့  လုပ်သားတွေ အားလုံးက လက်လုပ်လက်စား တွင်းတူး သစ်ခုတ်သမားဘဝက မတတ်တော့ဘူး ။တိုင်းပြည်လဲ ပြောင်တာ မြန်တယ် ။ ဘာလီမှာ သဘာဝ အရင်းမြစ်တွေကို ဖြုန်းတီးနေတာခြင်းတူတူပါပဲ ။ ဒါပေမယ့် တဘက်ကကြည့်ရင် ကွာလတီပိုင်းမှာ နာမည် တခု ရသွားတယ် ။

ဟော်တယ်လို Business complex လိုမျိုး အဆောက်အဦးအကြီးကြီးတွေ ဆောက်ရင် အဆောက်အဦး တခုလုံးစာ အတွက်လိုအပ်တဲ့ supplies အားလုံး ဘာလီကထွက်တာ ဆိုတော့ ဈေးသက်သာတာပေါ့

လက်ရာတွေက တကယ် အပြစ်အနာအဆာမရှိ flawless

ဒါတွေကို ကမ္ဘာ အရပ်ရပ်ကို သင်္ဘောကြီးတွေနဲ့ export လုပ်တာတဲ့ ကောင်းလိုက်တဲ့ လွတ်လပ်ခွင့်

ပေါ့သေးသေးသာဆိုရင် အကုန်ဝယ်ပီး သယ်လာခဲ့ချင်တယ်

စတိုင်လဲကျတယ် ဒါမျိုးတွေကို ဆိုင်တွေရှေ့မှာ အောတိုက်ချပြထားတာ

 တောင်ပေါ်တတ်ရမယ့်လမ်းက ဘယ်လောက်ကြာမယ် မသိတော့ ကားမရပ်ခိုင်းတော့ဘူး ။ နောက်နေ့မှ ပြန်လာကြည့်မယ် လို့ မှတ်ထားလိုက်တယ် ။
 ရွာတွေ အများကြီးလို့ ပြောပေမယ့် ရွာဆက် မပြတ်တော့ မသိဘူး ။ သူက ရှင်းပြမှ ။ နောက်တရွာက သစ်သားကို ထွင်းတဲ့ လက်မှု ပညာတွေ ရှိတဲ့နေရာ ရောက်ပြီ ဆိုတာ သိတယ် ။ သစ်သားကို ထွင်းတဲ့ ပညာမှာလဲ ဘာလီသားတွေအတော် အမြင် ရှိတယ် ။



ဘာလီမှာ Kuta Beach ရှိတဲ့ နေရာကတော့ မြို့ အဆန်ဆုံး ။ ကော်မာရှယ် အဆန်ဆုံးပဲတဲ့ ။ ကျန်တဲ့ မြောက်ပိုင်းနား ဘက်ကို ထွက်လိုက်တာနဲ့ ဘာလီရဲ့ သဘာဝ အရသာကို အများကြီးတွေ့ရတော့တာပဲ ။ မနက်ခင်းဖြစ်တော့ အိမ်တိုင်းရဲ့ ရှေ့မှာ ကောင်မလေးတွေ ပန်းပင် ပန်းခက်လေးတွေကို ဇကောလေးလိုလုပ်ပြီး ပန်းတွေ အစာတွေ အမွှေးတိုင်တွေကို ထည့်ပြီး ခြံရှေ့ မြေပြင်ပေါ်လာချကြတာ တွေ့တယ် ။ မေးကြည့်တော့ မနက်ခင်း တအိမ်လုံးစာအတွက် စားစရာ ချက်ပြီးရင် အရင်ဆုံး အစားအစာနဲ့ နတ်ကို အဲလို ပူဇော်တယ် လို့ ရှင်းပြတယ် ။ ဆန်းတေးမောင်းတဲ့ ကားခေါင်းခန်းမှာလဲ အဲတာမျိုးလေးတင်ထားတာတွေ့တယ် ။



ကိုယ့်အတွက် ထူးဆန်းတဲ့ အရာတွေ စိတ်ဝင်စားစရာတွေကတော့ အများကြီးပဲ ။

ဘာလီရဲ့ town skirt လို့ခေါ်တဲ့ မြို့ထဲက ထွက်လိုက်တာနဲ့ တကယ့် ဘာလီအနှစ်သာရတွေ အများကြီး မြင်ရတယ် ။ အိမ်တိုင်း အိမ်တိုင်းမှာ တံခါးပေါက်တွေနဲ့ ခြံပေါက်ဝတွေက အရမ်း လက်ရာ မြောက်တဲ့ တံခါးတွေ တတ်ဆင်ထားတယ် ။ တအိမ်နဲ့ တအိမ်လုံးဝ မတူဘူး ။ ဘာလီရဲ့ doors and gates ကို ဂူးဂဲလ်ရင်တောင် article တွေ အနေနဲ့ အများကြီးတွေ့ရတဲ့ အထိ လှတယ် ။ အဓိက အသုံးပြုတာကတော့ သစ်မာတွေ နဲ့ မီးတောင်ချော်ရည်ပူကျောက်မည်းကြီးတွေ ။ ခန့်ငြားပြီး အတော်လေးကို စိတ်ဝင်စားဘို့ကောင်းတယ် ။






ဘာလီက အိမ်နဲ့ ဂိတ်ပေါက်က ရှယ်တွေပေမယ့် အိမ်တွေကျတော့ ဂိတ်ရဲ့ ခန်းနားမှုနဲ့ မလိုက်ဘူး ။ သေးသေးလေးတွေ ။ တထပ်စီလောက်ပဲ ရှိတယ် ။ ၂ ထပ် ၃ထပ်အိမ် အလွန်ရှားတယ် ။ ဘာလီမှာ သဘာဝဘေးအန္တရာယ်တွေများတော့ ကြောက်လန့်နေရလို့နဲ့ တူတယ် ။ ခြံစောင့်နတ်ကို အရမ်းကိုးကွယ်ကြတယ် ။ ခြံဂိတ်ရဲ့ ဘယ်ဘက်ရော ညာဘက်ရောမှာ နတ်ဘုရားစောင့်တယ်ထင်တယ် ။ ဒါကြောင့်မို့ ခြံပေါက်ကို သေချာ တည်ဆောက်ကြတာ ။




 တလမ်းလုံး လမ်းထောင့်တွေမှာ တွေ့ရတဲ့ နတ်ရုပ်ကြီးတွေ ဘီလူးရုပ်ကြီးတွေလဲ လက်ရာ အရမ်းမြောက်တယ် ။ ကင်မရာ တချိန်ချိန်နဲ့ လိုက်ရိုက်ပေမယ့် ပုံကောင်းမထွက်ခဲ့ဘူး ။ ကားရပ်ခိုင်းရမှာ အားနာတာရော သူတို့ကလဲ ရပ်ပေးရမှာ စိုးလို့ ဘာလေသံမှ မဟဘူး ။ ကိုယ်ကပဲ လိုက်မေးရတယ် ။ ဘာအရုပ်လဲ ဆိုပြီးတော့ ။ ဒါတွေကတော့ ဂူးဂဲလ်ထားတာတွေပါ ။



လမ်းထောင်တွေမှာ ချထားတဲ့ အရုပ်တွေက တကယ့် အကြီးကြီးတွေ

 ပြီးတော့ တလမ်းလုံးနောက်တွေ့ရတာတွေကတော့  နတ်ကွန်းလိုမျိုး ခေါင်မိုးဆန်းဆန်းလေးတွေနဲ့ကျကျနနဆောက်ထားတဲ့ အရာလေးတွေ ။ ပထမတော့ ကိုယ်က ဘုရားကျောင်းတွေများလှချီလားလို့ထင်တာ နောက်တော့မှ အိမ်တိုင်းက သေဆုံးသွားတဲ့ ဘိုးဘွား ancestors တွေ ဆိုတာ သိရတယ် ။ အဲတာလေးတွေကလဲ အကုန်ထူးဆန်းပြီး စိတ်ဝင်စားဘို့ကောင်းတယ် ။ အိမ်တိုင်းမှာရှိတယ် ။



ပြီးတော့ သစ်သားပန်းပုရွာကိုကျော်တော့ တရွာလုံး ငွေပန်းတိမ်လုပ်တဲ့ လုပ်ငန်းတွေ ရှိတဲ့ရွာ ။ လက်ဝတ်လက်စား အပြင် ဘယ်လိုဟာတွေလုပ်လဲတော့ မသိဘူး ။ ဆိုင်ကြီးတွေက ကြီးမားလွန်းလို့ လမ်းဘေးကနေ မမြင်ရဘူး ။ ဒီပုံတွေက ဆိုင်ရဲ့ မျက်နှာစာတွေ ။ သူတို့ရောင်းတဲ့ ပစ္စည်းတွေ မမြင်ရဘူး ။ အထဲမှာ ။




နောက်တရွာကတော့အရိုးတွေ ကို ထွင်းတဲ့ ရွာ အဲတာ ကတော့ မှန်ဘီရိုလေးတွေထဲကနေ မြင်ရတယ် ။ လူခေါင်းတွေကို ပန်းကနုတ်တွေ ထွင်းတာတွေ တွေ့တယ် လှတော့လှတယ် ။ ဒါပေမယ့် အဲလို အရိုးတွေကို ဝယ်တဲ့ သူတွေ တော့ အံ့သြမိတယ် ။ လူဦးခေါင်းပုံတွေတော့ မတင်တော့ဘူးနော် :P





အဲလိုရွာစဉ်တွေ ကျော်ပြီး နောက်တွေ့ရတဲ့ ရွာငယ်လေးတွေကတော့ အတော်ငယ်တယ် ။ ဒါပေမယ့် အလမ်းလုံးစိမ်းစိုနေတာပဲ ။ ငယ်တုန်းက ပထဝီမှာ သင်ရတဲ့ အမြဲစိမ်းသစ်တော တွေ အများကြီးရှိတဲ့ နိုင်ငံမှန်း သိလို်က်ရတယ် ။ ဘယ်လောက်ထိအောင်စိမ်းလဲဆိုရင် ပေါက်သမျှ အပင်တွေဟာ တောတွေလိုဆက်တိုက်ဖြစ်နေပြီးတော့ လူနေအိမ်တွေက အဲလိုတောတွေကြားမှာ ဆောက်နေကြတာ ။ အိမ်နံရံတွေ မှာလဲ ရေညှိတွေ စိမ်းနေတယ် ။ အိမ်တွေကြားမှာလဲ လှေခါးထစ်တောင်ယာတွေ ရော ညှပ်နေတယ် ။

ဒီလိုစိုစိုစွတ်စွတ်ကြားထဲ နေဘို့တော့ မတွေးရဲပါဘူး ။ အကောင်ပလောင်တွေ အများကြီးနေမှာပဲ ။ :S
တလမ်းလုံး လမ်းတွေက ဆင်းလိုက်တတ်လိုက် နဲ့ တောင်ကုန်းလေးတွေ များတယ် ။ လမ်းကတော့ ကျဉ်းတယ် ။ ဒါပေမယ့် လမ်းကောင်းတယ် ။ ခေတ်မီတဲ့ လမ်းတွေပါပဲ ။ တလမ်းလုံး တဖြည်းဖြည်းနဲ့ အေးစိမ့်လာတယ် ။ Kintamani ကင်တာမာနိ နားရောက်တော့ လမ်းတွေက မြူတွေ ဝေ့နေတယ် ။ ပြောရမယ်ဆိုရင် ရေငွေ့တွေ အတော်အတန် ရှိတယ် ။ တိမ်လို့ ပြောရမှာ လား မြူလို့ပြောရမှာလား မသိဘူး ။

Kintamani




ကားလမ်းမပေါ်ကနေ ဆိုင်ကိုကျော်ပြီးလှမ်းမြင်ရတဲ့ မီးတောင်ဝ

စားနေကြသူတွေ

ပန်နိုရာမာ

lake Batur, Mont Batur နဲ့ Akgong Mountain

ဆိုင်တန်းတွေ ရှိတဲ့ လမ်း

တောင်ကြောကိုမေးတင်ဆောက်ထားတဲ့ စားသောက်ဆိုင်တွေ


ကန်ထဲက စီးပွားရေးများ

ကန်ဘေးမှာရော မီးတောင်ရင်းနား အထိ ရွာတွေ အများကြီးရှိတယ်

 ကင်တာမာနိကို ရောက်ပါပြီ ။ အဲနေရာက Batur ကန်ကြီးရယ် ကန်ကြီးဘေးက Batur တောင်ကြီးရယ် ပြီးတော့ အဲနားမှာ ရှိတဲ့ မီးတောင်တခုရယ်ကို ဆီးပြီးကြည့်လို့ရမယ့် အမြင့်စခန်းတခုပါ ။ အဲနေရာမှာ နေ့လည်စာ စားရင်းနဲ့ ရှူခင်းကြည့်လို့ရတယ် ။ အဲဒီတောင်ခါးပန်းတလျှောက်မှာ လမ်းလေးက ကျဉ်းကျဉ်းလေးနဲ့ ကျိုက်ထီရိုး ရင်ပြင်ကနေ စားသောက်ဆိုင်တန်းဘက်ကို ဆင်းတဲ့ လမ်းကလေးနဲ့ တူတယ် ။ လေတဟူးဟူးနဲ့ ကားတွေ တော့ မပြတ်ဘူး ။ တောင်ခါးပန်းပေါ်မေးတင်ပြီးဆောက်ထားတဲ့ ဆိုင်တွေ ရှိတယ် ။ ချီလီက အဲဒီထဲကမှ တဆိုင်မှာ ရွေးပေးတယ် ။ တောဘူဖေးလို့ပြောရမလား အဲလို တောင်ပေါ်ဆန်ဆန် အစားစာတွေ ရောင်းတယ် ။


ကြက်သားကို ဘာအရွက်တွေနဲ့ချက်ထားလဲမသိဘူး ပူလဲပူနံလဲနံတယ် ဒါပေမယ့် စားကောင်းတယ်




စားလို့လဲပြီးရော ချီလီက စားသောက်ဆိုင်က ဖွင့်ထားတဲ့ ပါတိတ်ဆိုင်လေးမှာ လုံချည်ဝယ်ခိုင်းတော့တာပဲ ။ ပြီးရင် ဆက်သွားရမယ့် မယ်တော် ဘုရားကျောင်း Besakih Temple က လုံချည်ဝတ်မှ ရမယ်လို့ ပြောပြန်တယ် ။ ဟိုတယ်က မထွက်ခင်တုန်းကကျတော့ ဝတ်စရာ မလိုဘူးတဲ့ ။ ခုမှ ကျတော့ မဝယ်လို့မရတော့ဘူးလေ ။ အဟား... အကြံကြီးတယ် ။ အဲတာနဲ့ လုံချည်နီနီရဲရဲတွေ မတန်မရာ ဈေးမတရား ဆစ်ပြီး ဝယ်ဝတ်ခဲ့ရတယ် ။

ဆိုင်နဲ့ တည့်တည့်က မီးတောင်ကြီးက မသေသေးဘူး လေးကြိမ်ပေါက်ကွဲပြီးတဲ့နောက် နောက်ဆုံးအကြိမ်ပေါက်ကွဲတာ ၁၂ နှစ်ကျော်ပြီ ။ တတိယ အကြိမ်နဲ့ နောက်ဆုံး အကြိမ်ကလဲ ၁၀ နှစ်ပတ်ဝန်းကျင်ကွာတယ်ဆိုတော့ ပြန်လည်ပေါက်ကွဲ နိုင်ခြေ ရှိနေပြီ ။

ဒါပေမယ့် တောင်ခြေနားနီးနီး အထိ ရွာလေးတွေ ဆက်တိုက်ရှိတယ် ။ ဘေးနားက Batur ကန်ကြီးထဲမှာလဲ လည်ပတ်စရာတွေရော လုပ်ငန်းတွေပါ အများကြီးရှိတယ် ပြောတယ် ။ မီးတောင်ပေါက်ကွဲတဲ အချိန်တုန်းက ချော်ရည်ပူအောက်ရောက်ခဲ့ရတဲ့ နေရာတွေပေါ့ ။ ခုတော့ စည်ကားနေတာပဲ ။ tourist spot တခုပဲ ။ ဟော်တယ်တွေ လုပ်ငန်းတွေအများကြီးရှိတယ် ။ ဒီတခေါက်တော့ ကန်ထဲ မရောက်တော့ဘူး ။ နောက်တခေါက်ပေါ့ ။

တောင်ပေါ်က ပြန်ဆင်းလာပြီးနောက်တတောင် တတ်ကြမယ် ။ မယ်တော်ဘုရားကျောင်းရှိတဲ့ တောင်ခုလတ်ကိုပါ ။ အကုန်း( အဘိုးတောင် ) လို့ ခေါ်တယ် ။ Ahgong mountain တဲ့ ။ အမြင့်ဆုံးလို့တော့ပြောတယ် ။ အဲကိုသွားတဲ့ လမ်းက ကန်ကြီးနားအထိ ဆင်းရတယ် ။ လမ်းမှာ ၄၅ ဒီဂရီလောက်တော့ မတ်စောက်တယ် ။ ဒါပေမယ့် လမ်းက တတ်သွားမှန်း မသိလိုက်ဘူး ။ ကားတွေရော ဆိုင်ကယ်ရော မပြတ်ဘူး ။ ဘုရားကျောင်းကတော့ တောင်ရဲ့ တဝက်လောက်မှာ ရှိတယ် ။

ကန်ကြီးဘေးက ဖြတ်ရတော့ ရှုခင်းအရမ်းလှတယ် ။ နောက်တော့ ဘုရားကျောင်းကိုရောက်ပါပြီ ။ ၁၆ ရာစုနှစ်က ဘုရားကျောင်းဆိုတော့ အတော်ကြာပြီ ။ ချောရည်ပူကျောက်တွေနဲ့ ဆောက်တဲ့ အတွက် အမည်းရောင်တွေပေါ့ ။ တချို့ နေရာတွေကို ဟိန္ဒူဘာသာဝင်တွေ ဘုရာရှိခိုးတာက လွဲပြီး ပေးမဝင်ပါဘူး ။ ဒါပေမယ့် ဘုရားကျောင်းဘေးပတ်လည်က လမ်းတွေကနေ အထဲကို သေချာ လှမ်းကြည့်လို့ရတယ် ။

အဲဒီမှာ နေတဲ့ သူတွေလဲ အများကြီးပဲ တောင်ပေါ်သူတွေပေါ့ ။ ကလေးလေးတယောက်က ဘုရားကျောင်း ပို့စကဒ်တွေ ကို လာရောင်းတာ အင်္ဂလိပ်လို မပီတပီနဲ့ ချစ်စရာလေး ။ သမီးက ကြည့်ပြီးရီနေတယ် ။

ကားရပ်တဲ့ နေရာကနေမြင်ရတဲ့ အဘိုးတောင်ထိပ်



ရေညှိတွေ

သက်ကယ်မိုးတွေ အထူကြီးမိုးတော့ နှစ်နှစ်ဆယ်လောက်နေမှ တခါပြန်မိုးပေးရတယ်

ဝင်ခွင့်မရှိတဲ့ ဘုရားကျောင်း အတွင်း

ဘုရားကျောင်းမိုးတဲ့ သက်ကယ်နဲ့ လူသာမာန်မိုးတဲ့ သက်ကယ် မတူရဘူးတဲ့ ကံမကောင်းဘူးတဲ့


ဟိုးဝေးဝေးက တောင်ခြေ


ထိန်းသိမ်းထားတာ တော်တယ်

သက်ကယ်တွေက အဆင့်ဆင့်နဲ့ အထူကြီးတွေ


ပြီးတော့ Kuta ဘက်ကို ပြန်လာကြတယ် ။ ဒီတခါတော့ ကားပေါ်မှာ ငိုက်လာတော့တယ် ကင်မလာတကိုင်ကိုင် မလုပ်နိုင်တော့ဘူး ။ ညကျရင် ရိုမန်တစ်ဒင်နာ ဆိုင်ကို လိုက်ပို့မယ် ပြောတယ် ။ ပြန်လာတဲ့ လမ်းမှာ အင်တာနက်က ကြည့်ထားတဲ့ မန်တာရာ Mandara ဆိုတဲ့ တံတား အသစ်ကြီး ဘက်က လိုက်ပို့ပေးတယ် ။ ဒါပေမယ့် မှောင်နေပြီ ။ ရေတိမ်ပိုင်းမှာ ဆောက်ထားပြီး ပြီးတာ မကြာသေးဘူး ။ အလယ်ခေါင်မှာ ၃ထပ်အထိဆောက်ထားတယ် ပင်လယ်ထဲကပဲ ရေတိမ်တဲ့နေရာ ကဖြတ်သွားတာ ။




ပုံထဲမှာ ကူတာကနေ အောက်ဘက်ဆင်းလာရင် ခြေထောက်လေးလိုဖြစ်နေတဲ့ ဘာလီကျွန်းရဲ့ တောင်ဘက် ကူတာတောင်ဘက်အရပ်ကို ဖြတ်လာတဲ့ မန်ဒါရာ တံတားကြီးကို မြင်ရလိမ့်မယ် ။ တကယ့် ဟော်တယ် ရှယ်ကြီးတွေ အသစ်ကြီးတွေက 5stars 6 stars hotelတွေက ခြေထောက်လေး ရှိတဲ့ တောင်ဘက်ကူတာ အရပ်မှာ ရှိတယ် ။

အဲဒီမှာ တံတား အဆုံးလောက်မှာ နူဆာဒွာ Nusa Dua ဆိုတဲ့ တံငါ ရွာလေးရှိတယ် ။ အဲဒီမှာ တံငါသည်တွေ ဖွင့်ထားတဲ့ ဖယောင်းတိုင်စားသောက်ဆိုင်လေးတွေ ကမ်းခြေမှာ ထိုင်စားလို့ ရတယ်တဲ့ ။ ဒါပေမယ့် ရောက်တဲ့ အချိန်မှာ အတော်မှောင်နေပြီ ။ အစားသောက်တွေက ကြည့်လိုက်ရင် စားချင်စရာကြီး ဒါပေမယ့် သွားမစားနဲ့နော် ။

ဟော်တယ်က ပေးတဲ့ ပန်းဖလက်ထဲမှာ အဲဒီဆိုင်ပုံလဲပါတယ် ။ တိုးဂိုက်က ခေါ်လို့ ရောက်သွားတာ ။ နောက်ဆို သူခေါ်တဲ့ ဆိုင်တွေ လုံးဝ မသွားဘူးလို့ ဆုံးဖြတ်လိုက်ပြီ ။ သူခေါ်သွားတဲ့ ဆိုင်တွေက ဘာလီ မှာ အညံ့ဆုံးနေရာတွေ ။ ရှော့ပင်လဲ တူတူပဲ ။ ကိုယ်သိလို့သွားချင်တဲ့ နေရာတွေ ကိုလုံးဝ မခေါ်သွားပေးဘူး နှာစေးနေတယ် ။ အင်ဒိုနီးရှားတွေ စိတ်အရမ်းပုတ်တယ် ။ ကြုံမှ ပဲပြောတော့မယ်  :D ။




ဆိုင်ထဲဝင်ဝင်ခြင်း အဲလိုဝတ်ထားတဲ့ ကောင်မလေး တယောက်က ပန်းပွင့်တွေ နားကြားထဲလာညှပ်ပေးတယ် ။

 ဒါက ကပြတဲ့ ကောင်မလေးတွေ ။
 အုန်းစိမ်းရည် မှာသောက်တာ မကောင်းဘူး မာလဲမာတယ် အုန်းသီးဂျယ်လီ မပါဘူး ပြီးတော့ အေးလဲ မအေးဘူး ။
 ဒါက ကမ်းခြေမှာ ရှိတဲ့ ဆိုင်တွေမှာ လိုက်တီးပြတဲ့ အဖွဲ့တွေ ပိုက်ဆံပေးရင်တီးပြတယ် ။ မဆိုးပါဘူး ကာလသားတွေလိုမျိုးပေါ့ ။ တို့ဝိုင်းကို ကေတီပယ်ရီရဲ့ roar  သီချင်း ဆိုပေးတယ် ။:P


 အစားစားတွေက မပူဘူး အရသာလဲ သိပ်မရှိဘူး ။



 မနည်းကုန်အောင်စားရတယ် ။ လွေးပလိုက်မလို့ပြင်ထားတာ စားလို့ မဝင်ဘူး ။ အများကြီးကျန်တယ် ။ ဈေးကလဲ မသေးဘူးနော် ။ စင်ဒေါ်လာ ၁၅၀ လောက်ကြတယ် ။ အင်ဒို ပိုက်ဆံနဲ့ ၁၅သိန်းဆိုလား :( ။
 ပင်လယ်ဘက်ကို မျက်နှာ မူထားပြီး ပင်လယ်ထဲက ငါးဖမ်းလှေတွေရယ် ဟိုဝေးဝေးက ဟော်တယ်တွေ ငါးဖမ်းသဘောင်္ကြီးတွေ Cruse တွေ မမြင်ရတော့ဘူး မဲမဲ လေးတွေ ပဲ မြင်ရတော့တယ် ။ မန်ဒါရာ တံတားကြီးကိုလဲ ပြပြပဲ မြင်ရတယ် ။ မှောင်မဲနေပြီ ။ လာကြတဲ့ တိုးရစ်တွေတော့ ရှိတယ် ။ ဒါပေမယ့် ဒါတွေဟာ လုပ်စားကြီးပဲ ။ ပြန်ထွက်လာတော့မှ သတိထားမိတယ် ။ နူဆာဒွာ ကမ်းခြေ တဝိုက်က အမှိုက်ပုံကြီးတွေ နည်းတာ မဟုတ်ဘူး ။ နံစော်နေတာပဲ ။ ဟော်တယ်လဲ ရောက်ရော အံချင်လိုက်တာ ဆိုတာ ။ သမီးက သိပ်မစားဘူး ဆိုတော့ တော်သေးတယ် ။ ကိုယ်ကတော့ ရှောတာပဲ ။
















 ပို့စ်က နဲနဲ တိုနေလို့ ဓာတ်ပုံလေးတွေ အဆစ်ထည့်ပေးလိုက်ဦးမယ် :D :D ။

ဘာလီရဲ့ ကမ္ဘာကျော် အနုပညာတွေ သွားရည်ကျလိုက်ဦးနော် ။ သယ်လာလို့မရတော့ ဂူးဂဲလ်ကနေပဲ လို်က်ရှာပြီး သွားရည်ကျရတယ် ။ အမှန်ကတော့ ဘာလီမှာ လိုင်းကားလုံးဝ မရှိဘူး ။ တက္ကစီလဲ ပရိုက်ဗိတ်တွေပဲ ရှိတယ် ။ တချို့ဘိုတွေကတော့ စက်ဘီးတွေ ဆိုင်ကယ်တွေ ငှားပြီး လျှောက်သွားကြတယ် ။ အဲလိုဆိုရင်တော့ ကြည့်ချင်တာတွေ အားလုံးကြည့်လို့ရလောက်တယ် ။ ဒါပေမယ့် သူတို့ဆိုင်တွေမှာ မဝယ်ပဲ ဈေးမေးဘို့ မဆိုထားနဲ့ ဝယ်မယ့် ပစ္စည်းကို ဈေးဆစ်ရတာကို ကြောက်စရာကြီး ။

ဘာလီက ဘတ်စကားဂိတ် ဒါပေမယ့် ဘတ်စကားမရှိဘူး :D


ဆက်ရန်

Comments

  1. ဒီနေ့ ပို့စ် ၂ ခု ဖတ်လိုက် ရတယ်.. :)
    တော်ပြီ ဘာမှ မဝယ်တော့ဘူး.. ဆောင်ရန် ရှောင်ရန် မှတ်သားထားတယ် ခိခိ
    ကြိမ်ပစ္စည်း သစ်သားပစ္စည်းသေးသေးလေးတွေတော့ကြိုက်တယ်

    ReplyDelete
  2. ငါ့တယ်ချင်းပေါ်လာပြီရေးးးး ငါသိတယ်လေ နင်သွားမှာ ဆိုတော့ သေချာလေး ကျကျနနရေးပေးထားတာ လူလည်မမိအောင်လို့ အဟဲ

    ReplyDelete
  3. ကိုယ်တိုင်ရောက်သွားသလိုပဲ အင်ဒိုနီးရှားပါတိတ်ကို ဂါဝန်ချုပ်ထားတာတော့ ဝယ်ခဲ့ဖူးတယ် အခုစည်ပိုင်းဘော်ဒီဖြစ်နေတော့ စွတ်လို့ရပါအုံးမလားမသိဘူး ..... ဟီးဟီး
    စီးဖုနဲ့ ကန်စွန်းရွက်ကြော်တော့ မြင်သာမြင်ရ မကြင်ရ သများ ကို သွားရည်ကျအောင်တင်ထားရက်တယ် .... လူဇိုး ...... ခစ်ခစ်

    ReplyDelete
    Replies
    1. ဒူယေးယဲ ဒူယေးယဲ :D

      Delete
    2. ပြောပြဖူး နမ်းချင်နမ်းပလိုက် ....... ခွိ

      Delete
    3. လုပ်ပါနဲ့ ကိုဂျာအေးရိုက်နေပါ့မယ်နော် ဟိဟိ

      Delete
  4. တံခါးတွေကြိုက်တယ်... ချီလီစိတ်ပုတ်တယ်

    ReplyDelete
    Replies
    1. ဟုတ်ပါ့ ဟုတ်ပါ့

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်