အူကြောင်ကြောင် ကျမ


ရေးချင်တာတွေရှိပေမယ့် စဉ်းစားရင်း ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တဲ့အခါ ဝတ္ထုတိုရှည်တွေကို စီကာပတ်ကုံးရေးတတ်တဲ့ သူတွေကို လေးစားမိတယ် ။ အဲဒီလို အရည်အချင်း ကျမမှာ မရှိတာတော့ သေချာတယ် ။ 

ကျမအတွက် အင်တာနက်ဆိုတာ ဗဟုသုတ တွေ အများကြီးရနို်င်တဲ့ အရာတခုဆိုတော့ အင်တာနက်ကို share စရာ တခုလိုမြင်နေတဲ့ ခံယူချက်တခုတော့ ရှိတယ် ။

 မြင်မြင်သမျှ တွေ့တွေ့သမျှတွေကို share ဘို့ သင့်မသင့်ရယ် ဖတ်တဲ့သူတွေ ကြိုက်မကြိုက်ရယ်ကတော့ တဦးခြင်းစီရဲ့ အကြိုက်မို့ ဘာမှ ပြောပိုင်ခွင့် မရှိဘူးလေ ။ 

အခွင့်သင့်လို့ ပြောရမယ်ဆိုရင် ဖေ့စဘွတ်လိုနေရာမျိုးမှာလဲ မိမိကိုယ်တိုင်ရေးတာကလွဲလို့ share တာတွေကို တင်တတ်တဲ့ကျမကို မနှစ်သက်တဲ့သူတချို့ကို မြင်ဘူးပါတယ် ။ 

ကျမအမြင်ကတော့ ကျမရေးထားတဲ့ ကိုယ်ပိုင်ပို့စ်တွေထက် ပိုကောင်းလို့ share တာဖြစ်တဲ့အတွက် ကျမရဲ့အကြိုက်နဲ့ သူ့ရဲ့အကြိုက်ကတော့ကွာ ခြားသွားတာပေါ့နော် ။ 

ကျမမှာရှိတတ်တဲ့ သူငယ်ချင်းတချို့က ကျမ ကြိုက်တတ်တာမျိုးကို ကြိုက်တဲ့အတွက် အကြိုက်တူတဲ့ အတွက် သူတို့အတွက် share ပေးတာပါ

 ဒီလိုဆိုရင် ကျမရဲ့ share post တွေကို အနှောင့်အယှက်လို မြင်မိသွားကြရင် အားမနာတမ်း restricted list ထဲ ထည့်လို့ရနေတဲ့အတွက် အထွေအထူးလုပ်ပြီး အားနာမနေတော့ပါဘူး... :D

ဒီဘလော့လေးကို လွတ်လွတ်လပ်လပ်ရေးချင်တာကြောင့် တကယ်ပဲအားမနာပဲ ရေးမှာဖြစ်တဲ့အတွက် ကျမစိတ်ထဲ ရှိသမျှလေးတွေ အားလုံးနီးပါး ရေးမှာပါ ။ 

ပါဆီဂျက်ဆင်နဲ့ ပတ်သတ်တာလေးတွေ ရေးချင်တာ ကျန်သေးတယ် ။ ဒါပေမယ့် စာမဖတ်ပဲရေးလို့ မရလို့ ပို့စ်အသစ် မတတ်နိုင်မှာစိုးတာနဲ့ ရှိတဲ့ ဥာဏ်လေးတထွာတမိုက်လောက်နဲ့ လက်ယားလေး ဖြေလိုက်ပါတယ် ။

အိမ်ထောင်ရှင်မ ဖြစ်လာတဲ့အခါရယ် အသက်လေးရလာတဲ့ အခါမှာ ငယ်တုန်းကစဉ်းစားတာလေးတွေနဲ့ မတူတော့ဘူး ။ ခံယူချက်လေးတွေ ပြောင်းလာတယ် ။ ကိုယ်အကြိုက်ဆုံး life stlye လေးတွေ ပီပြင်စွာ set up လုပ်မိလာတယ် ။ ရွေးတာလေးတွေက အစ စီစစ်လာတယ် ။ ပေါ်ပင်ဆိုတိုင်း မကြိုက်တတ်တော့ဘူး ။ 

တချို့လူတွေရဲ့  စံပြအဖြစ် မိမိကိုယ်ကိုယ် ပုံသွင်းထားတဲ့ life stlye ကတော့ ဘယ်လိုမှန်း မသိပေမယ့် ကျမခံယူချက် အတိုင်းရွေးထားတဲ့ အရာလေးတွေကနေ ကျမရဲ့ life style လေးတွေ အဖြစ်ပေါ်လာခဲ့တယ် ။ လူဆိုတာအနည်းဆုံးတော့ ခံယူချက်ကလေးနဲ့ အသက်ရှင်မှလဲ ဘဝရဲ့ အဓိပ္ဗါယ် ပီပြင်မှာပေါ့နော် ။


  သင့်ရဲ့ ရွေးချယ်မှုကနေ သင်ဆိုတာ ဖြစ်လာတယ်တဲ့ ။



စင်ကာပူကိုရောက်လာတဲ့အချိန်မှာ သောက်ရေဆိုတာ ရေဘုံဘိုင်က တိုက်ရိုက်သောက်လို့ရတဲ့အထိ ကြည်လင်တယ် ဆိုတာနဲ့ ရေသန့်ကိုတမင်ဝယ်သောက်စရာမလိုဘူးလို့ ယူဆပြီး အဆင်ပြေလိုက်တာလို့ ။ 

ရန်ကုန်မှာ ဆို သောက်ရေဆိုတာ ဝယ်သောက်တာတောင် ဘူးက မသန့်တာတွေ ၊ တခါတလေ လာပို့တဲ့ ကောင်လေးတွေက အကြံအဖန် တွေနဲ့ သုံးပြီးသားဘူးကို တွေ့ကရာ ရေတွေ ပြန်ထည့်ပြီး လာပို့ တာမျိုးတွေ ၊ ဘူးကို သေချာ မဆေးပဲ ဆပ်ပြာနံ့တထောင်းထောင်းနဲ့ ပါလာတတ်တဲ့ ရေသန့်တွေကြောင့် သောက်ရေ ဒုက္ခ အတော် ရောက်ခဲ့တယ် ။ 

အယ်လ်ပိုင်းရေသန့်က အကောင်းဆုံးလို့ ဆိုတာတောင်မှ သူတို့ဘူးက သူတို့ရဲ့ Dispenser မပါပဲ သုံးမရတော့ အဲဒီ Dispenser ထဲကို မှောက်ထည့်လိုက်တဲ့ ရေဘူးကြီးကိုယ်တိုင်က ဘူးအပြင်မှာ သဲတွေ ဖုန်တွေ ပါလာတတ်တယ် ။ဒါကြောင့် ရေဘူးကို ကောင်လေးတွေကို တခါထဲ မ,ပြီး dispenser ပေါ် မတင်ခိုင်းရဲဘူး ။ ကိုယ်တိုင် ဘူးအပြင်ကို ရေနဲ့ ဆေးပြီး အဝတ်သန့်နဲ့ သုတ်ပြီးမှ ကိုယ်တိုင်ပဲ မ, မ, ပြီး တင်ခဲ့ရတယ် ။ 

ဒီရောက်လာတော့ ကျမ ရေရဲ့အရသာကို သေချာသိသွားပြီ ။ ရေကို ရွေးရင်းရွေးရင်း ကိုယ့်ပါးစပ်ထဲ အရသာ ခံကြည့်မိလာတတ်တယ် ။ ကျမတို့အိမ်မှာ ဘုံဘိုင်ရေကို ကျိုချက်ပြီးသောက်နေရာက ရေသန့်ဘူးကို ဝယ်သောက်မိပြီး ရေရဲ့ တကယ့် အရသာလေးကို နှစ်သက်သွားတယ် ။

 အဲတာ နဲ့ ရေသန့်ဘူးကို အဲဒီနေ့က စပြီး သောက်ရေအတွက် ဝယ်သုံးတယ် ။ ကံကောင်းခြင်တော့ NTUC brand က ဒီလို တလီတာခွဲဘူးကြီးကိုမှ ၂ဘူးကို (၁ဒေါ်လာနဲ့ ငါးဆင့်)ပဲ ကျတယ် ။ဈေးသက်သာတယ် ။ ကျမတို့ ဒီရေနှစ်ဘူးကို လေးရက်လောက် သောက်ရတယ် ။တမင်ချွေတာတာ မဟုတ်ပါဘူး ။ အဲလောက်ပဲ သောက်မိတာပါ ။ တကယ်ပါ ရေရဲ့ အရသာကိုသောက်ရတဲ့ ဖီလင်က အရမ်းကိုကျေနပ်စရာ ကောင်းတယ် ။




နောက်တခုက ကျမတို့ ဘူးနဲ့လာတဲ့ အချိုရည်တွေကို မသောက်ပါဘူး ။ ရွေးစရာ မရှိမှပဲ သောက်တယ် ။ အဲအခါကျရင်လဲ တဘူးလောက်ပဲ ဝယ်ပြီး မျှသောက်ကြတယ် ။ အများကြီး မသောက်ချင်ဘူး ။ နဲနဲလောက် ရေငတ်ပြေလေးပဲသောက်တယ် ။

 အဲလို ရှောင်ရင်းနဲ့ မကြိုက်တော့ဘူး ။ သမီးကိုတော့ ပြောပြထားတယ် ဆိုးဆေးအရောင်ရယ် သကြားရယ် ၂မျိုးပဲပါတဲ့ အချိုရေတွေ အကြောင်း ။ ခုထိတော့ သမီးလဲ မကြိုက်ဘူး ။ နောက်ဆိုရင်တော့ မပြောတတ်သေးဘူး ။

အဲဒါတွေအစား အပြင်စာစားမိရင် သူ့ကိုအမြဲ ရွေးချယ်ခိုင်းတာကတော့ သစ်သီး အစစ်နဲ့ လုပ်တဲ့ သစ်သီးဖျော်ရည်တွေပါ ။ ကျမအဖြစ်သည်းပုံက သကြားနဲ့ ရေခဲပါ မထည့်ခိုင်းဘူး ။ ဈေးက သာမာန်အချိုရည်ထက် ၂ဆ ၃ဆ ဈေးပိုပေးရပေမယ့် ။ ကျေနပ်မှုက ကွာတယ်လေ ။

 အရမ်းချမ်းသာလို့တော့ မဟုတ်ပါဘူး ။ ဆေးပြန်ကုတော့ရော ပိုက်ဆံ ကုန်တာပဲလေ ။ တက်ကစီတွေဘာတွေတောင် မစီးနိုင်ပါဘူး ။ အမြဲတမ်း Public Transport ကိုပဲ ရွေးတယ် ။ လမ်းလျှောက်လို့ရရင် လျှောက်တယ် ။ Bus နဲ့ MRT ပဲ စီးတယ် ။

သစ်သီးဖျော်ရည်ကို လမ်းမှာ အလွယ်တကူဝယ်လို့ရတဲ့ စင်ကာပူကို အဲဒီ တချက် ကျမကြိုက်တယ် ။ ရန်ကုန်မှာ ဆိုရင် လက်ဖျော်ထဲကိုမှ နို့ဆီထည့်သေးတယ်တဲ့ ။ လုံးဝ ကျမရဲ့ Choice မဟုတ်ဘူး ။ ကျမနားမလည်ဘူး ဘာလို့ အသီးရဲ့ တန်ဘိုးကို ဖျက်ဆီးပစ်တာလဲဆိုတာ :D ။


အိမ်မှာ အမြဲတမ်းဖျော်သောက်တဲ့ အရည်ကတော့ ပန်းသီးစိမ်းနဲ့ တရုတ်နံနံ အထူကြီးတွေပဲ ။ ဒီနှစ်ခုပေါင်းရင် ရလာတဲ့ အရောင် အနံ့နဲ့ energy ကို အရမ်းနှစ်သက်တယ် ။ ဈေးကလဲ ပန်းသီး ၁၀လုံးကိုမှ (၂ဒေါ်လာနဲ့ ၉ ၅ဆင့်) ။

 တရုတ်နံနံထုပ်အကြီးကြီးကိုမှ ၁ဒေါ်လာကျော်ကျော်လေးပဲ ပေးရတယ် ။ အားလုံးဖျော်ရင် လေးခွက်နီးနီးလောက်ရတယ် ။ ပြီးတော့ သကြားမလို ရေခဲမလိုဘူး ။ ဆိုင်မှာ ဝယ်သောက်ရင် လမ်းဘေးဆိုင်မှာတောင်မှ ရေခဲလွတ်သကြားလွတ် ၄ဒေါ်လာကျော်ပေးရတယ် လေ ။

သောက်ပြီးရင် မောပန်းသမျှတွေ ပြေတယ် ။ အိပ်ရေးပျက်နေတဲ့ အခါ ။ ဖျားချင်သလိုလို ဖြစ်နေတဲ့ အခါ ။ စိတ်ညစ်နေတဲ့ အခါ ။ သောက်ကြည့်ပါ အလွန်ချက်ချင်းလန်းဆန်းစေတဲ့ ဖျော်ရည်ဖြစ်ပါတယ် ။





 နောက်တခု ကျမအိမ်မှာ အမြဲဆောင်ထားတဲ့ အရာက ပျားရည်ပါ ။ ရန်ကုန်မှာ ပျားရည်စစ်ရဘို့ ခက်ခဲပေမယ့် ဒီမှာတော့ ရတယ် ။ ဒါပေမယ့် ဈေးကြီးတယ် ။ 

ကျမ ချစ်တီးတွက်တွက်ပြီး ဈေးသက်သာတဲ့ ပျားရည်ကို ရှာပေမယ့် ဈေးသက်သာတာ ဆိုရင် တရုတ်က လာတဲ့ တံဆိပ်တွေပဲ ရှိတယ် ။ တရုတ်ကို ယုံကြည်မှု လုံးဝ မရှိ ပြီး အလွန်မျက်မုန်းကျိုးတဲ့ အတွက် တရုတ်ကလုပ်တဲ့ အစားစာတွေကို မဝယ်ပဲရှောင်တဲ့ ကျမ အတွက် ပျားရည်က ဈေးကြီးတယ် ။

 ဒါပေမယ့် ကံကောင်းခြင်တော့ NTUC brand က ကယ်သွားတယ် ။ ဝမ်းသာလို့။:D ။ ဈေးကလဲ တရုတ်ပျားရည်လောက်ဈေးပဲ ။ ပြောရမယ်ဆိုရင် အပေါဆုံးဈေးပဲ ။ ဒါပေမယ့် ဟန်ဂေရီကလာတာ ။ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ကျေနပ်နေတယ် ဟိ ။ 

ပျားရည်ကလဲ တခါတလေ အလွယ် ဖျော်သောက်တဲ့ အချိုရည်ပေါ့နော် ။ ရေပဲထည့်ဘို့လိုတယ် ။ ချိုချိုလေး တခါတလေ အရမ်းသောက်ချင်လာရင် ပျားရည်လေး ကောက်ကနဲဖျော်သောက်လိုက်တယ် ။ ဟင်းတွေဘာတွေထဲလဲ ထည့်ချက်လို့ရတယ်လေ ။


နောက်တမျိုးက ပါးစပ်နံတာတွေဘာတွေ ပျောက်အောင် လုပ်ပေးနိုင်တဲ့ Green Tea အစစ်ကို ကျမ အလွန်မက်မောတယ် ။ Green Tea လဘက်ခြောက်ကနေရာတိုင်းရှာလို့ရပေမယ့် ကျမလိုချင်တာ Green Tea အမှုန့် ။ 

တနေ့ Isetan မှာ ရှော့ပင်သွားရင်းတွေ့တော့ အရမ်းဝမ်းသာသွားတယ် ။ ဝယ်ချင်ပေမယ့် ဈေး အရမ်းကြီးတယ် လက်တဝါးစာ အထုတ်လေး တထုတ်ကို ၂၈ ဒေါ်လာတောင် ။ ဒါပေမယ့် ကျမ အရမ်းကြိုက်တဲ့ အတွက် ဝယ်လာခဲ့လိုက်တယ် ။ မိုးအေးတဲ့ နေ့လေးတွေမှာ အင်တာနက်က အကြောင်းအရာလေးတွေကို ဂရင်းတီး ပူပူလေး မှုတ်သောက်ပြီး ဖတ်ရတာ ကျမ အတွက် ကျေနပ်စရာကောင်းတယ် ။




နေ့တိုင်း ရေချိုးတိုင်း ခေါင်းမလျှော်ရရင် မနေနိုင်တဲ့ ကျမ အတွက် Period ရက်တွေတောင် မရှောင်နိုင်ပါဘူး ။ အသက်ကြီးလာတော့ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ အဆီတွေက ထွက်တဲ့ အနံ့တွေက အရင်နဲ့ မတူတော့ဘူး ။ အမြဲတမ်းဂရုစိုက်ရတယ် ။ ခေါင်းမလျှော်ပဲ မနေနိုင်ပါဘူး ။

ဒါနဲ့ ကျမ ဝိုင်အရက် အမြဲ ဆောင်ထားဘို့ စိတ်ကူးမိတယ် ။ သွေးလည်ပတ်ကောင်းမွန်ဘို့ရယ် ။ အပူအအေး မျှတဘို့ရယ် ။ အကျောအခြင်တွေ ပြေလျော့ဘို့ရယ် ပေါ့ ။ 

ဝိုင်အရက်တွေကလဲ ဈေးကြီးပါတယ် ။ ဒါပေမယ့် ကျမကတော့ ကိုယ်တွက်ကိန်းနဲ့ ကိုယ်ပဲ ။ ဈေးသက်သာတာပဲ ရွေးသောက်ဘို့စဉ်းစားတယ် ။

 ကျမအိမ်မှာ အိမ်သုံးဆေး တလုံးမှ မရှိပါဘူး ။ ခေါင်းကိုက်ပျောက်ဆေး ကိုယ်ပူကျဆေး တခါမှ မသောက်ရဘူး ။ သမီးလဲ မသောက်ရဘူး ။ သူ့အလိုလို ပျောက်တယ် ဆိုရင် ယုံမလား ။

 ခေါင်းကိုက်လာရင် ကိုယ်ပူလာရင် ကျမ အရင်ဆုံးလုပ်တာက အိပ်ရေးဝအောင် အိပ်ပစ်လိုက်တာပဲ ။ ပြီး နို်းလာရင် ရေအဝသောက်တယ် ။ ရေနွေးနဲ့ ရေချိုးပစ်လိုက်တယ် ။ အဖျားဆိုတာ ဖျားခဲတယ် ။ ခေါင်းမကိုက်တာတောင်ကြာပြီ ။ ဆေးတွေ ဝယ်သောက်ရတဲ့ ပိုက်ဆံကို ခု ကျမကြိုက်တာတွေ ဝယ်သုံးရတဲ့ အတွက် ကုန်ရတာ တန်တယ်လို့ပဲ ထင်တယ် .. :D :P 

ကျမ အိမ်မှာလာတဲ့ သူငယ်ချင်းတွေ ခေါင်းကိုက်တယ်ဆိုရင် ပေးစရာ ဆေးကို အဆင့်သင့်ဝယ်ထားဘို့တော့ လိုတယ် ။ ဒါမှ ကူညီနိုင်မှာ :D 

ကျမရွေးလိုက်တဲ့ အရက်က ဝိုင်တော့ မဟုတ်ဘူး ။ စလုံးမှာ တချို့လူတွေ ကျန်းမာရေး အတွက် ဆောင်ထားတဲ့ ဒီအရက်ပါပဲ ။ 

အရက်နံ့ ကို မခံစားနိုင်ပေမယ့် ။ ဒီအရက်သောက်ပြီးရင် ခန္ဓာကိုယ် တခုလုံးမှာ ရှိတဲ့ သွေးတွေ လည်ပတ်တာကို လက်တွေ့ခံစားလိုက်ရတယ်  ။ ခေါင်းထဲမှာ လေးနေတဲ့ အထုပ်တထုပ် ရှိနေရင် အဲဒီ အထုပ်ဟာ အရည်ပျော်ပြီး ခြေထောက်အထိ ဆင်းသွားသလိုမျိုး မျှတသွားတဲ့ အပူ ချိန်နဲ့ အလေးအပေါ့ကို ခံစားရတယ် ။

 ပြီးရင် ချက်ချင်း အိပ်ချင်လာရော နိုးလာရင်လဲ ပေါ့ပါးပြီး အားအင်ပြည့်တယ် ။ သောက်ရတာလဲ ပက် တဝက်လောက်လောက်လေးပဲ ။ အထူးသဖြင့် period ပြီးတဲ့ အချိန်ဆိုရင်ကိုယ်ထဲမှာ သွေးတွေ ခဲနေတာမျိုး မရှိတော့တဲ့ အတွက် အမျိုးသမီးတွေ အတွက် အသက်ရှည်ဆေးလို့တောင် ပြောလို့ရပါတယ် ။

 ဒီအရက်ကို ပြင်သစ်ဘုန်းတော်ကြီး တပါးက ဆေးမြစ်ဆေးရွက်တွေနဲ့ ဖော်စပ်ထားပြီး အယ်လကိုဟော ပါဝင်နှုန်း ၄၀% ရှိပါတယ် ။ ကျမ မဝယ်လိုက်ရပါဘူး ။ လက်ဆောင်ရတာပါ ။ ကုန်ရင်ထပ်ဝယ်မယ် ။

 ပုလင်းကြီးက အကြီးကြီးပဲ ဆိုတော့ ကျမအတွက် နှစ်ပေါက်အောင် သောက်ရမယ်လေ ။ တန်ဘိုးကတော့ နည်းနည်းများတယ် ။ အမှန်က ဈေးပေါတဲ့ ၁၀ကျော်တန် ဝိုင်ဝယ်မလို့ပဲ ။ ဒေါ်လာ ၄၀ ကျော်ပေးရပေမယ့် ကျမ အတွက်တန်တယ်လေ ။အကြာကြီးသောက်ရတယ် ။
နှစ်ပေါက်အောင် သောက်ရပါတယ် ။ အဲလိုဆိုတော့ နေမကောင်းတဲ့ အခါ ဆရာဝန်ပြတဲ့ အခလောက်ပဲ ရှိတယ်လေ ။



မြန်မာပြည်က အစားအစာတွေကို စိတ်မချလက်မချနဲ့ စားနေရမယ့် အစား ရသာဆင်တူ ချက်နည်း ဆင်တူတွေ ချက်တတ်တဲ့ လူမျိုးတွေရောင်းတဲ့ အရောင်တင်မှုန့် ၊ နနွင်းမှုန့် ၊ မဆလာ စတာလေးတွေလဲ ရှာလို့ရတဲ့ နေရာ ဖြစ်တဲ့ အတွက် အမြဲ မြန်မာအစာ ကို ချက်စားဖြစ်တယ် ။ 

အရောင်တင်မှုန့် ဆိုတဲ့ အတိုင်း မြန်မာပြည်က အရောင်တင်မှုန့်က အရောင်တွေထည့်ထားတယ် ။ NTUC က ကုလားတံဆိပ်တွေကတော့ Paparica ငြုတ်ပွမှုန့် ၊ Extra hot chilli powder ငြုတ်သီး အစပ်မှုန့် ဘာဝယ်ဝယ် ရွေးစရာ ရှိတယ် ။

 ဒီနိုင်ငံကတော့ ငြူတ်သီးကို မှိုမတတ်အောင် သိမ်းဆည်းနည်းတွေ ၊ အရောင်တွေ အက်ဆစ်တွေ မပါအောင် စစ်ဆေးထားတာတွေ ရှိတဲ့ အတွက် ဝယ်ရတာ စဉ်းစားရကျပ်တာမျိုး မရှိပဲ မြင်တာနဲ့ တန်းဝယ်ရတာ အဆင်ပြေတယ် ။ ဈေးလဲ ပေါမှပေါ တထုတ်မှ ၁ကျပ် ပဲ ။


စင်ကာပူရောက်ကာစက ကျမအရမ်း ကပ်စေးနဲတယ် ။ ခုလဲ နဲတာပါပဲ ။ ဈေးဝယ်ရင် မြန်မာငွေနဲ့ ချိန်ကြည့်ပြီး ပြန်ချထားခဲ့တယ် ။ ပစ္စည်းခြင်းတူတူ ဈေးအသက်သာဆုံးတွေကို လိုက်ရှာ ဝယ်တတ်တယ် ။ ခုတော့ ပေးရတဲ့ ပိုက်ဆံနဲ့ တန်တာလေးတွေ ရွေးဝယ်တတ်လာပြီ ။ 

အရင်က ဒီလို ဟင်းထဲ ထည့်ချက်တဲ့ အမှုန့်တွေကို ပင်နီစူလာ အထိ ရထားစီးပြီး သွားဝယ်တတ်တယ် ။ တချို့ကို ရန်ကုန်ပြန်ရင် သယ်လာခဲ့တယ် ။ လေယာဉ်ပေါ်မှာ အထုတ်တွေ သယ်ရတဲ့ဒုက္ခ တွေနဲ့ ဒီမှာ အလွယ်တကူ အစားထိုးပြီး ကိုယ့် မြန်မာဟင်းကို ရအောင်ချက်တတ်လာတော့ အချိန်ကုန် လူပန်းဖြစ်စရာ မလိုတော့ဘူး ။ 

ထူးပြီးလဲ သက်သာတာ မဟုတ်ဘူးလေ ။ ပြီးတော့ သိပ်လဲ အများကြီး ဝယ်စရာမှ မလိုတာ ။ ဒါနဲ့ပဲ ဒီလို ဘူးလေးတွေပဲ ဝယ်ထားတော့တယ် ။ အကြာကြီး မှိုမတတ်ပဲ သိမ်းထားလို့ရတယ် ။ နို့မို့ရင် မှိုတွေ ဝယ်ဝယ်စားနေရသလိုဖြစ်ပြီး ခဏခဏ လွှင့်ပစ်ရတတ်လို့ waste ဖြစ်တာ နဲ့ ဘာမှ မထူးဘူးနော် ။



 ဒီတံဆိပ် ငြုပ်ပွအကြမ်းမှုန့်လေးက ချောက်ပြီ ကြွပ်နေတယ် ။ မွှေးလဲ မွှေးတယ် ။




ကြက်သွန်နီဖြူကတော့ လုံးဝ မြန်မာပြည်ကကို သယ်လာတယ် ။ ဒီက ဟာတွေ လုံးဝ မကြိုက်ဘူး ။


အရင်ကတော့ ထိုင်းဆန်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုပဲ ။ ဒါပေမယ့် ထိုင်းတွေ ရဲ့ အထာကို ငယ်ထဲက နပ်လာတဲ့ ၊ ထိုင်းက export only ဆိုတဲ့ ဟာတွေနဲ့ အံတိုလာတဲ့ ကျမကတော့ မယုံပါဘူး ။ ဆန်ဟာ တကယ် အော်ရီဂျင်နယ် မွှေးတယ်ဆိုရင် မြန်မာ ဆန်က မှ တကယ်မွှေးတာပါ ။ 

ထိုင်းတွေကတော့ သိတယ်မဟုတ်လား ။ အရောင် အနံ့ အရသာ အကုန် ထည့်ထားတဲ့ လူလည်တွေ :D ။ တော်သေးတယ် မြန်မာ ဆန်ကို ပင်နီစူလာမှာ ဝယ်လို့ရနေတယ် ။ ဆန်အိုးကြီးကြီး မရှိတော့ ဒီလိုလေး သိမ်းထားတယ် ဟိ ။



ခေါင်းစဉ်တပ်ထားသလိုပဲ ကျမရဲ့ အူကြောင်ကြောင် အကျင့်များ ဆိုတဲ့ အတိုင်း ရေးစရာ မရှိတော့ ပေါက်ကရတွေ ရေးထားတာမို့ သီးခံပါရှင် ။ တွေ့ကရာတွေ ဓာတ်ပုံရိုက်ပြီး တွေ့ကရာတွေပဲ ရေးတတ်တဲ့ အကျင့်ကို ကြိုးစားပြီး မကြာခင် ပြင်ပါ့မယ်... :D ။

ကျမကို အမေသင်ခဲ့တာလေး မျှချင်လို့ပါ ။ သူငယ်ချင်းတို့တွေ ဇွန်းတွေ ဆေးပြီးရင် ဘယ်လို ဇွန်းခွက်ထဲ စိုက်တတ်သလဲရှင့် ။ ကျမကတော့ ပါးစပ်ထဲ ဝင်မယ့် အပိုင်းကို အပေါ်ဘက်မှာ ထားပြီး စိုက်ပါတယ် ။ 

ဓားဆိုရင်ကတော့ အသွားကို အောက်မှာ စိုက်ပါတယ် ။ ဒီလို စိုက်ခြင်းဖြင့် အမြန်ချက်နေရတဲ့ အချိန်မျိုးတွေမှာ လက်နဲ့ ထောင်ထားတဲ့ ဓားကို ထိုးခွဲ မိခြင်းမှ ရှောင်နိုင်ပါတယ် ။ 








ချစ်သူမုန်းသူ မချစ်မမုန်းသူအားလုံး ပျော်ရွှင်သုခ ချမ်းသာ ပီတိနဲ့ အဆင်ပြေကြပါစေနော်



ပုံ


ရေးသူ

Comments

  1. တို့လည်းပျားရည်ဆောင်ထားတတ်တယ် ခိုင်ရေ... ပျားသံပုရာဖျော်သောက်တယ်လေ သကြားအစား ပျားရည်ပဲထည့်တာ။ မုန့်နဲ့လည်းတို့စားသလို ဟင်းချက်တဲ့အခါလည်း တခါတလေသုံးတယ်။

    ReplyDelete
  2. စူးရေ အတော်ပေါက်ကရရေးတဲ့ ဘလော့ပဲနော် သီးခံဖတ်ပေးတာ ကျေးဇူးသယ်ချင်း ဟိဟိ

    ReplyDelete
  3. ပန်းသီးစိမ်းနဲ့ တရုတ်နံနံဖျော်ရည်ကို စိတ်ဝင်စားဒယ်
    အိပ်ရေးပျက်တာရယ် ဖျားချင်သလိုလိုရယ် စိတ်ညစ်တာရယ်က ခနခန ဖြစ်တာဆိုတော့
    ခက်တာက မြစ်ကြီးနားမှာ ပန်းသီးစိမ်းရှိဘူး ... ပန်းသီး ကျန်တဲ့အရောင်ရော အာနိသင်တူတူပဲလားဟင်

    ReplyDelete
    Replies
    1. တူတူဗြဲလို့ ထင်တာပဲ ညီမလေး... :D

      Delete
  4. ဘာမှမပြောနဲ့. .ကျန်းမာရေးနဲ့ ညီညတ်အောင် အဲ့အရက် ၀ယ်ပြီ.. ခစ်.ခစ်..ခစ်.. (စတာ တီတီ.)

    ReplyDelete
    Replies
    1. ပန်ပန်.... ပါဆီ ဂျက်ဆင်ကို ကြိုက်တယ် ဆို အဲမှာတော့ ကော်မန့်မပေးဘူးးး ဟွင်းးးး:D

      Delete
  5. အမ ဒီလိုပို့စ်လေးတွေ များများရေးပါ .... အခု တစ်ပါတ်တစ်ခါ ရန်ကုန်ပြန်တော့ တစ်ပါတ်မှာ ၂ ညက ကားပေါ်အိပ်နေရတယ်။ ချက်ချင်းပဲ သတိရတာ အမ ရေးဖူးတဲ့ ပန်းသီးစိမ်းကို တရုတ်နံနံနဲ့ ဖျော်သောက်ဖို့ :) :) :)
    တချို့အချက်လေးတွေက အတွေ့ကြုံကနေမှ ဖြစ်လာတာတွေဆိုတော့ မသိသေးတဲ့သူတွေ အတွက် အရမ်းအသုံးဝင်ပါတယ်။
    လွယ်လွယ်လေးတွေ ဘာမဟုတ်တာလေးတွေလို့ တချို့တွေအတွက် ထင်ရပေမယ့် တချို့တွေအတွက်တော့ အခုမှ သိရတာမျိုးလည်း ရှိနိုင်လို့ များများထပ်ရေးပေးဦးနော်။

    ReplyDelete
    Replies
    1. စိတ်ချ ညီမလေးရေ ရန်ကုန်က ပြန်လာပြီး ရေးချင်စိတ်တွေ ဖြစ်နေတာ.... မအားသေးလို့ :)

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်