တခါကတဘဝ

ဒီဇင်ဘာမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ရရှိခဲ့ဘူးတယ်…. သူတကာတွေလိုတော့ အချစ်အကြောင်းလေးတွေ မဟုတ်ပါဘူး….

ခရစ်ယာန်မဟုတ်တဲ့ကျမ …. ငယ်စဉ်ထဲက ခရစ်ယာန်တွေ ရှိတဲ့ အရပ်ဌာနမှာ မနေခဲ့ဘူးတော့ ခရစ်စမတ်ဆိုတာ နားစွန်းနားဖျားပဲ ကြားဘူးခဲ့တယ်လေ….


လွန်ခဲ့တဲ့ အနှစ် ၂၀လောက် ၁၉၉၁ ဆိုတဲ့ ကာလမှာ ... ဆယ်တန်းအောင်တာ ၃နှစ် ရှိပြီး… ကျောင်းတွေ မဖွင့်သေးခင်အချိန်ပေါ့ ။

တက္ကသိုလ်ဆိုတာ ဘယ်တော့ ရောက်မယ်မှန်း မသိတဲ့ အိမ်မက်တခု ဖြစ်ပြီး ယောင်လည်လည်ဖြစ်နေချိန်… တောင်ငူဘက်မှာ တာဝန်နဲ့ ပြောင်းရွှေ့လာတဲ့ ဦးလေး အရင်းက ကိုယ့်ကို သံတောင်မြို့နယ် လိပ်သိုလ်ဆိုတဲ့ မြို့ကလေးမှာ ဆရာမ လုပ်ခိုင်းခဲ့တယ်…


 


  


ဒီမြို့လေးဟာ ကရင်ပြည်နယ် သံတောင်မြို့နယ်မှာ တည်ရှိပါတယ် ။ တောင်ငူကနေ အရှေ့ဘက်ကို ကားနဲ့ တောင်တတ်လမ်းတွေ အတိုင်း ခရီးဆက်ရပါတယ်…
 ( ဖေ့စဘွတ်မှာ ရေးခဲ့ဘူးတဲ့ notes နှစ်ခုကို ပေါင်းထားပါသည် )

ကရင်ပြည်နယ် ဟု ဆိုလိုက်ရင် ဖားစည် ဇွဲကပင် စသည်တို့ကို ပြေးမြင်မိမှာပါ ။

ဒါပေမယ့် ကရင်ပြည်နယ်အတွင်းမှ သံတောင်မြို့လေးကတော့ ကရင်ပြည်မကြီး ဖြစ်တဲ့ ဘားအံမြို့မှ တိုက်ရိုက်သွား၍မရပဲ....  ဖားစည် ဇွဲကပင်တို့နှင့် အလှမ်းဝေးသော ..... ပဲခူးတိုင်း တောင်ငူမြို့၏ အုပ်ချုပ်ရေးပိုင်နယ်  ကရင်ပြည်နယ်၏မြို့ကလေးတမြို့ပင်ဖြစ်ပါတယ်။




တောင်ငူ၏ အရှေ့ဘက် ၁၃ မိုင်သာသာ ကားဖြင့် ခပ်ပြေပြေတတ်ရသော မြို့ကလေးပါ။

တောင်ငူ ရောက်ကြသူများလည်း သံတောင်သို့ မသွားမိပဲ မပြန်ဖြစ်ခဲ့ကြသည်အထိ လှပအေးချမ်းသော အပန်းဖြေစရာ နေရာလေး တခုအဖြစ် နာမည်ကျော်ကြားတယ်။

တောင်ငူမြို့ကနေ အရှေ့ဘက်သို့ စစ်တောင်းမြစ်ကူးတံတားကို စဖြတ်သည်နှင့် အရင်လွန်ခဲ့သော ၁၉၉၁ ခုနှစ်များမှ ပုံရိပ်များကို သတိရလွမ်းမိလာပါတယ် ။


ဝါးပေါသောမြို့ကလေး

ပသိချောင်းရေ က ကျောက်ခဲလုံးချောလေးတွေကြားမှာ


လေးမိုင် တပ်စခန်းနှင့် ၈မိုင်လမ်းခွဲတို့ကိုကျော်ပြီးသည်နှင့် ညီညာစွာ စိုက်ပျိုးထားသော သက်တန်း၂၀ ကျော်ရှိ ကျွန်းတောကြီးကို မြင်လိုက်ရပြီ ။ သစ်စိမ်းရောင်သည် ပတ်ဝန်းကျင်ကိုသာမက စိတ်ကိုပါ အေးချမ်းစေပါတယ်။


၈မိုင်လမ်းခွဲကျော်တာနဲ့ တွေ့ရမယ့် ကျွန်းတောကြီးတွေ

  အေးချမ်းတိတ်ဆိတ်ပြီး... မိုးရာသီဆိုလျင် အရွက်ကြီးတွေ ဖားဖား....  နွေရာသီဆိုလျင် ရွက်ခြောက်ကြွေတွေ ပင်ခြေမှာ ရဲရဲ နှင့် ..... သုံးရာသီလုံး ဒီလမ်းမှ နေ့စဉ် ဖြတ်သန်းပြီးအလှအပများကို ခံစားခဲ့ဘူးသည်လေ။

ဒီတခေါက်တော့ ဆောင်းကုန်ကာစ အအေးဓာတ် မပျယ်တပျယ် အချိန်မို့ သစ်ရွက်တွေက စိမ်းနေဆဲ တချို့တွေက ကြွေကျနေပြီဆိုပေမယ့် ကိုယ့်မျက်စေ့ထဲမှာ အေးမြမှုက ရန်ကုန်မြို့ကြီးထဲ မှာ ကြာရှည်လှောင်ပိတ်နေတဲ့ စိတ်အာရုံကို အပူအိမ်ခန္ဒာကိုယ်ကြီးထဲမှ တစစီဖြေးညှင်းစွာ ဆွဲထုတ်လိုက်သလို ကျေနပ်ငြိမ်းချမ်းသွားစေပေသည်....။

အတူလိုက်ပါလာသူတို့ရဲ့ စိတ်ထဲမှာ ဒီနေရာ ဒီဒေသကို ဘယ်လို မြင် ဘယ်လို စိတ်ထားလဲ မသိချင်လောက်အောင် တကိုယ်ကောင်းဆန်ဆန်ပဲကိုယ့်ဘာသာကိုယ် ကျေနပ်နေမိတယ် ။

နေချင်လိုက်တာ ဒီနေရာ ဒီဒေသမှာ တခါပြန်ပြီးတော့......

လမ်းတလျောက် ကုန်နှင့်လူ အပြည့်အမောက် တပျော်တပါးကြီး ရိုလာကိုစတာ အပျော်စီးထွက်သလို ဘူးကနဲ ဘဲကနဲ အော်ပြီး ဆင်းတက်လာသည့် ကားတို့ကို တခါတရံတွေ့ရတတ်သည် ။ မိုးရာသီ ဆိုလျင်တော့ ကားပေါ်မှာ အမောက်တင်လာသည့် ကွမ်းသီး၊ မျှစ်၊ ရွှေနီငှက်ပျော တို့ကို တွေ့ရတတ်သည် ။

တခါတလေ တံမြက်စည်းရိုးတွေ ၊ တခါတလေ လိုင်ချီးထုတ်တွေ ၊ တခါတလေ ဒူးရင်းသီးတွေ..... အနံ့တွေကတော့ ရေရေလည်လည် ထောင်းထောင်းထပေ့ဆိုသည့် ကုန်ပစ္စည်းတွေဖြစ်သည်.... ။ တခါတလေ တညင်းကားနောက်လိုက်စီးမိပါက ဥသြဆွဲဘို့သာ ပြင်ထားပေတော့.... ခေါင်းထဲမှာ မူးနောက်ရီဝေလာပြီး သေချင်စော်တောင်နံသွားမည် ။ :D

ဒီကုန်ပစ္စည်းထုတ်ကြီးတွေပေါ်ထိုင်၊  ခြေထောက်ကြားက ကားခေါင်းမိုးသံတိုင်ကို လက်နဲ့ မြဲမြဲကိုင်ပြီး မျက်စေ့စုံမှိတ်ကာ ဖြစ်ချင်ရာဖြစ်ပေစေဆိုသည့် စိတ်ထားကို ထားပြီး... ဘယ်လိုမှမနေတော့ပဲရိုးနေသည့် သူငယ်ချင်းများ၏ရယ်သံကို မကြားခြင်ယောင်ဆောင်ပြီး ကားလိုက်စီးခဲ့ရသည့် အရသာကို ဒီနေ့အထိ လတ်လတ်ဆတ်ဆတ် မမေ့သေး ။ခုတောင် နှာခေါင်းထဲမှာ တညင်းသီးစိမ်းနံ့ ရသေးသည် ။:D :P

တခါတလေ ဟမ်းကောဂျိုင့်လေးတွေ လွယ်ပြီး ရိုင်ဖယ်သေနတ်ထမ်းလာသည့် စစ်သားလေးတွေ တတောင်တတ် တတောင်ဆင်း နေပူပူ မိုးရွာရွာ လမ်းလျှောက်နေကြတာ တွေ့ရသည် ။ တပ်ပြောင်းတာတဲ့ ။ တပ်ပြောင်းတာတောင် ကားမပေးနိုင်သော ဓာတ်ဆီ အကုန်ဘုံး ကြသော ကျေးဇူးရှင်ကြီးများကို သေနတ်ကိုင်ထားသူများ အစား သတိရမိသေးသည် ။

သူတို့လိုသာ ကိုယ်လျောက်ရရင် အဲဒီဓာတ်ဆီ ဘုံးသူများကို ကွန်ပလိမ်း သွားတတ်မိမှာပဲ ။ သွားတော့ အခွေလိုက် ကျွတ်ထွက်မယ့်ကိန်းပဲမြင်ယောင်မိသည်။ ကံကောင်းရင် ခြေထောက် အကောင်းအတိုင်းနဲ့ လျှောက်ရဦးမယ် ။ ကံမကောင်းရင်တော့ ကားမရတဲ့ အပြင် ထော့ကျိုးနဲ့ လျှောက်ရအောင် ပညာပြထဲ့လိုက်မှာပဲ .... :P

သံတောင်မြို့ဆိုတာ သံတောင်ကြီးတွေ ရှိတဲ့ မြို့လို့ ထင်မိပြီး မဲမဲမြင်တိုင်း သံလုံးကြီးတွေလား လိုက်ကြည့်မိဘူးသည် ။ အမှန်က ကျောက်တုန်းမဲမဲ လုံးလုံး ကြီးတွေ မြေကြီးကြားထဲက ဟိုတလုံး သည်တလုံးထွက်နေသော မြို့ဖြစ်သည်။

သံလုံးကြီးတွေ လို့ ထင်ခဲ့ဘူးတဲ့ ကျောက်တုံးကြီးတွေ
မိဘရင်ခွင်က တခါမှ အိမ်အပြင် မထွက်ဘူးတဲ့ ကိုယ့်ကို အဒေါ်က ကျန်းမာရေး ဂရုစိုက်ဖို့ နဲ့ မောက်မာ ပလွှား မကြွားဝါဖို့ သွားမည့်လာမည့်လမ်း သွားမည့်ပြန်မည့်ရက် လူမသိစေဖို့… စတဲ့ ထူးဆန်းတဲ့ အမှာစကားတွေနဲ့ မှာကြားခဲ့ပါတယ်…
စစ်တပ်ကုန်းနဲ့ ဘုရားကုန်းထိပ်က ဆီးမြင်နေရသော မြို့လယ်ကောင်လမ်းကလေး
တောင်ငူက ဦးလေးတို့ လိုက်ပို့တဲ့ ကားလေးက ကရင်ပြည်နယ် ရောက်ရင်ပဲ ကျွန်းတောအုပ်လေးကိုစတင်ဝင်တာနဲ့ အေးစိမ့်တဲ့ ခံစားချက်လေးကို စတင် ရရှိလိုက်ပါတယ်….။  ၁၉၉၁ ဆိုတဲ့ အချိန်မှာ ကိုယ်သွားခဲ့တာ… နိုဝင်ဘာလကြီးပေါ့…..တောင်ငူအေးတယ်ဆိုပေမယ့် ခုသွားနေတဲ့ နေရာလေးရဲ့ ရှုခင်းနဲ့ အေးမြမှုလေးကို တသက်မမေ့နိုင်ပါဘူး….

မနက်စောစော နှင်းတွေရော နေရောင်ခြည်နုနုလေးပါ ရတဲ့ လမ်းကလေး


အတတ်လမ်းကို စတင်ရောက်ရှိလာရင်း… ကွေ့ပတ်တဲ့ လမ်းကလေးမှာ မူးနောက်မှုကို ခံစားရပေမယ့် အေးစိမ့်တဲ့ အရသာလေးကိုတော့ အလွန်နှစ်သက်နေမိတယ်….  ကားလေးက မောင်းနေရင်း ဘယ်နှစ်ကွေ့မှန်း မသိတဲ့ ၃ထပ် ၄ထပ်ကွေ့တွေ လဲ ရောက်ရော ကိုယ်လဲ အန်တော့တာပဲ…. ဦးလေး မျက်နှာ နဲ့ လိုက်ပို့ပေးတဲ့ တောင်ငူက ဆရာဝန်ကြီးဦးစောမြသိန်းတို့ တမိသားစုလုံး… အလုပ်တွေ ရှုပ်ကုန်တယ်….း)


နေ့လည်ပိုင်းလောက် မြို့လေးကိုရောက်တော့ ကိုယ်နေရမယ့် အဘွားရီတာ ရဲ့ အိမ်ကို မသွားခင်မှာ မြို့လေးကို လျှောက်ကြည့်ကြတယ်…


ဆရာမတွေ နေဘို့ လျှစ်စစ်က လူကြီးက ပေးထားတဲ့ တောင်ကုန်းပေါ်က အိမ်ကလေး

နေရာတိုင်းမှာ နှင်းဆီပွင့်လေးတွေ လမ်းဘေးမှာတင် အရိုင်းပေါက်နေကြတယ်… လှလိုက်တာ…. မြို့ကလေးရဲ့ တည်နေရာက တောင်တွေရဲ့ ကြားမှာ ဒယ်အိုးပုံအဖြစ်နဲ့ တည်ရှိနေတော့….. အလွန်ကို အေးစိမ့်စွာချမ်းတုန်နေပါတော့တယ်…..  တောင်ကုန်းတောင်စောင်းလေးတလျှောက်ေ တွမှာ ပန်းရိုင်းဝါဝါလေးတွေ အနှံ့အပြား တပြင်ကြီးပေါက်နေတာ နေရောင်စောင်းစောင်းအောက်မှာ လှလိုက်တာ…

ခုတလော အင်တာနက်မှာ မြင်တွေ့ရတဲ့ ဝေါလ်ပေပါ လှလှလေးတွေ လိုပဲ… တကယ်….

တောင်ငူကနေ ၃၃မိုင် အကွာ တောင်ပေါ်ဘက်မှာ သတ်သတ် တည်ရှိပေမယ့်…. မြို့လေးက သိပ်ခေတ်မီပါတယ်…. အဲဒီခေတ်ထဲက လူတိုင်း ဘောင်ဘီရှည် စကဒ်တွေနဲ့… အနောက်တိုင်းက မြို့သေးသေးလေးကျနေတာပဲ….

နွေရာသီတောင် အိမ်မပြန်နိုင်တဲ့ နှစ်


ကိုလိုနီခေတ်က ကျန်ခဲ့တဲ့ အိမ်မဲမဲကြီးတွေလဲ ရှိတယ် …( နောက်အနီးနားကမြို့လေးတမြို့ဖြစ်တဲ့ သံတောင်ကြီးတောင်စခန်းမြို့လေးမှာ ရှိတဲ့…နာမည်ကြီးသော သံတောင်လက်ဘက်စက်ရုံဆိုတာလဲ အင်္ဂလိပ်လူမျိုးတွေ ဆောက်ခဲ့တာပါ….တောင်ကုန်းမြင့်ကြီးက လေတဟူးဟူးတိုက်နေပြီး…. လက်ဘက်စက်ရုံတတ်တဲ့ လမ်းတလျှောက် လက်ဘက်ခင်းအုတ်အုတ်လေးတွေ အပြည့်ရှိတယ်…)

ကိုလိုနီခေတ်လက်ကျန် သံတောင်ကြီး လက်ဘက်စက်ရုံကြီး

ကျမ အထင် မေမြို့ထက်တောင် လှပါသေးတယ်… ကျမ အလုပ်ဝင်ရမယ့် အထက ကျောင်းကြီးကတော့ မြို့လည်အကျဆုံး ကွင်းပြင်ကြီးထဲမှာရှိတယ်…. အဘွားရီတာအိမ်ကနေ လမ်းကူးတာနဲ့ ရောက်တာပဲ….
ညနေလဲ ကျရော အုံ့မှိုင်းလာတဲ့ ရာသီဥတုနဲ့ အတူ အရိုးထဲကနေချမ်းတတ်လာတဲ့ ချမ်းစိမ့်မှုက စတင်ပါတော့တယ်…

တောင်ပေါ်လဘက်ခင်းများ
ခုမှ တွေ့ရပေမယ့် ခင်ဘို့ကောင်းလှတဲ့ သူငယ်ချင်း ကရင်မလေးတွေနဲ့ အိမ်ထဲမဝင်သေးပဲ လမ်းမှာတင် ဖိုထားတဲ့ ထင်းမီးဖိုကြီးမှာ ထိုင်ပြီး ပေါက်ကရတွေပြောလို့ ပထမဆုံးညကို တွေ့ကြုံခဲ့ပါတယ်….

 နောက်နေ့မှာ အလုပ်စဝင်ဖို့ အဖြူအစိမ်းဝတ်ပြီး လာခေါ်တဲ့ ဆရာမ အဖော်တွေနဲ့ ကျောင်းကို သွားတော့ ဆရာကြီး တီးမသေ (Timothy ) က ကျောင်းက ဆရာ ဆရာမ ဝန်ထမ်းတွေနဲ့ မိတ်ဆက်ပေးတော့ တခါမှ မကြားဘူးတဲ့ အင်္ဂလိပ်နာမည် ကရင်နာမည်တွေကြောင့် ရင်ထဲက နေ တလိပ်လိပ်နဲ့ ရီချင်လာတာတွေကို အားနာ ကြောက်ရွံ့စိတ်နဲ့ မနည်းကြီး မြိုချခဲ့ရတာ မမေ့နိုင်ဘူး….
လျှိုမြောင်ကြားက စိမ့်ချမ်းလှတဲ့ ရေတံခွန်
ဆရာကြီး နာမည်က အစ ကိုယ်ရီလို်က်မိတာပဲ…. မရိုသေ မလေးစားတဲ့ စိတ် မရှိပါဘူး.. ကိုယ်က အဲတုန်းက ၁၉ နှစ်ပဲ ရှိသေးတဲ့ ငတုံးကို….. ဆရာကြီးနာမည်က တီးမသေဆိုတာ ကို မေ့ပြီး… တီးမနာလို့ ခေါ်လိုက်မိတော့ ဝိုင်းရီခဲ့ကြတဲ့ သူတို့ကို အရမ်း အားနာပြီး မျက်နှာဆိုတာ ထူပူနေတာပဲ… သေလို့တောင်ရတယ်…..

နောက် ရှိသေးတယ် ဒေါ်မာဒါလေးနာ.. ဒေါ်စရီးနာ… ဒေါ်ခရစ်စတီးနာ….. ဆိုတာတွေ ကြားတော့လဲ… သူတို့ ဘာလို့ နာမည်နောက်မှာ( နာ )ဆိုတာထည့်ကြလဲ မသိဘူး ဆိုပြီး… ရီချင်စိတ်တဝက်နဲ့ ရုတ်တရက် ရလာတဲ့ အတွေ့အကြုံတွေကြားမှာ ကိုယ်ဗျာများနေပါတော့တယ်…. အခုထိ မမေ့နိုင်တဲ့ ကိုယ့်အဖြစ်တွေပေါ့..

အားလုံးထဲမှာ အရီရဆုံးကတော့ ဆရာသာသမူးဆိုတဲ့ ဆရာပေါ့…. အရပ်ရှည်ရှည် အသားဖြူဖြူ… နှာခေါင်းချွန်ချွန်နဲ့ လူပုံက ဘိုလိုလို ဘာလိုလို ချောပေမယ့်.....  ပြောင်ချော်ချော်ပဲ အမြဲနေတတ်တဲ့ ဆရာ့ကို ...... ရှစ်တန်း ကိုးတန်း ဆယ်တန်း က ကျောင်းသားပေါင်းစုံနဲ့ မီးရထားကြီး လမ်းသွားသလို .... တရုံးရုံး ဆူညံဆူညံ အမြဲ သွားတတ်တဲ့ ဆရာပါ…. ကိုယ့်ကို ခေါ်တာ အုံပျော့တဲ့… ( ရက်စက်ချက် ) နာမည်ရင်းက ဥမ္မာလေ… အဲနာမည်ကြီးကို တွေ့ရာနေရာမရှောင် ဓာတ်တိုင် ၂တိုင်ကွာလောက်ကနေ လှမ်းလှမ်းခေါ်တတ်တာ…. ကြားကာစက ရှက်လို့သေတော့မယ်…..
ပါးစောင်အပြည့်ကွမ်းတွေနဲ့

ဆရာကစိတ်လဲ ဆိုးလို့ မရပါဘူး….. ၇တန်းက တပည့်မဟုတ်တဲ့ ကျောင်းသူလေးတွေ တူတူလာလာအိပ်တဲ့ ကျမ အခန်းကို သစ်သားနံရံကြားထဲက လာလာချောင်းတာ နာမည်ကျော်ပဲ… အဟီး….. စိတ်ဆိုးဆိုးနဲ့ ကျမက အော်လဲ သူအာပြဲကြီးနဲ့ ပြန်အော်တာပဲ….  မနိုင်ကို မနိုင်တာ…. သူ့ကို တခြား ဆရာမတွေ ခေါ်တာ ( ဆရာသာသဘူး )တဲ့…. :D

မြန်မာဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းလဲ ရှိတယ်…. ခရစ်ယာန်ဘုရားကျောင်းတွေလဲ ကျမ လိုက်တတ်တာပဲ… အတူနေတဲ့ မိသားစုက ထမင်းစားကာနီးတိုင်း ဘုရားရှိခိုးရင်...  ကျမ်းစာ တပိုဒ် အမြဲရွတ်တဲ့ ကျမကို ခင်ကြပါတယ်…. ကျမစိတ်ထဲမှာ သစ္စာလေးပါး ဟောကြားတဲ့ မြတ်ဘုရားလဲ အမြဲထာဝရ မမေ့ပါဘူး…. ကျမခံယူထားတာက… ကိုယ့်ထက် တမိနစ် တရက်ကြီးသူကိုတောင် ရိုသေဘို့ သင်ကြားခံခဲ့ရတာ ခရစ်တော်ဆိုတာ ကျမထက် အများကြီး ကြီး မြတ်တဲ့ သူဆိုတော့ အရိုအသေပေးဘို့ဝန်မလေးပါဘူး… သက်ဝင်ယုံကြည်တာကတော့ ဗုဒ္ဒဘာသာပါပဲ….. ကျမတို့ဘာသာတရားမှာ အစွန်းရောက် ကိုးကွယ်မှုကို တားမြစ်ပါတယ်…. အရာရာ မစ္ဆျိမာပဒိပဒါ ပါပဲ….
သံတောင် သင်္ကြန် အခန်းနားမှူးကလေးပါ

ဒီလိုနဲ့ ဒီဇင်ဘာ ၁ရက်နေ့က စလို့ ခရစ်စမတ်ရဲ့ အငွေ့အသက် ရနံ့ဟာ မြို့ကလေးကို လွှမ်းခြုံလာခဲ့ပြီလေ…. နေရာတိုင်း မှာ ကျောင်းမှာ ရပ်ကွက်ထဲမှာ….  Carol Singing သီချင်းတိုက်ကြဘို့ အဖွဲ့တွေဖွဲ့ကြ….. ဗုံသံတွေနဲ့ ဘယ်လိုပဲကြည့်ကြည့် မြို့လေးဟာ ချစ်စရာ သိပ်ကောင်းနေခဲ့တယ်…. ဆရာတွေနဲ့ တပည့်တွေရဲ့ ရင်းနှီးချစ်ခင်မှုကို တခြားဘယ်မှာမှ ကျမ မမြင်ခဲ့ဘူးဘူး… အလွန်ချစ်စရာကောင်းတယ်…


ကျောက်ဆောင်တွေကြားမှာ တသွင်သွင်စီးဆင်းနေတဲ့ ပသိချောင်းရေ

အကတွေ တိုက်ကြတယ် သီချင်းတွေ ကျင့်ကြတယ်…. မဆိုတဲ့သူ မရှိစေရ….. လိပ်သိုလ်ရဲ့ ဒီဇင်ဘာဟာ နှင်း မရှိပါဘူး… ဒါပေမယ့် မြေအောက်မှာ ခဲကျောရှိတယ်လို့ ပြောကြပြီး…. အလွန်စိမ့်တဲ့ မြို့လေးမှာ မနက်မိုးလင်းရင်... ရေထဲ့ထားတဲ့နေရာမှန်သမျှ အပေါ်ယံအလွှာပါးလေး ရေခဲတာတော့ ကြုံခဲ့ဘူးပါတယ်….


နော်အာလူးဖော

ဆရာမဖြစ်တော့ ကျောင်းက အဖွဲ့....  ဝန်ထမ်းဖြစ်သောကြောင့် ဌာနဆိုင်ရာ အဖွဲ့....
သူငယ်ချင်းတွေကခေါ်လို့ ရပ်ကွက် အဖွဲ့တွေမှာ ပါနေတော့ အဲဒီတလောမှာ လမ်းတော်တော်များခဲ့တာပေါ့….
အဲနေရာကို ရှေ့တန်းစခန်းလို့ သတ်မှတ်ကြတော့…. စစ်တပ်လေးကလဲ ကုန်းကလေးပေါ်မှာ ရှိပါတယ်…. တပ်ရင်းမှုးဗိုလ်မှူးသောင်းဒန်ကလဲ လိပ်သိုလ်ရဲ့ ခရစ်စမတ်ကို ကောင်းကောင်းကြုံဘူးသူမို့…. သူရဲ့ တပ်ရင်းမှာ တမြှိုလုံးမှာ ရှိတဲ့ ဝန်ထမ်းပေါင်းစုံကို ဖိတ်ပြီး မီးပုံပွဲလုပ်ကြပါတယ်….
ကြီးမားလှတဲ့ မီးဖိုကြီး ကို ဝိုင်းထားတဲ့ သစ်တုံးတွေပေါ်မှာ ဝိုင်းထိုင်ပြီး…. တယောက်ပြီး တယောက် .... ဆိုလိုရော ဒူးယက်အတွဲပါ ထွက်ကခိုင်းကြပါတယ်…. မစွံသေးတဲ့ လူပျိုကြီး အပျိုကြီးတွေလဲ အိဒြေ္ဒကို ဘေးချိတ်ရပါတော့တယ်…. လမ်းတွေ့ရင်တောင် မခေါ်ရဲတဲ့ ဌာနဆိုင်ရာ ဆရာကြီးတွေကို ဒီပွဲမှာ ကောင်းကောင်း…. ခြောက်ချရလို့ ပျော်နေကြတယ်….
ကိုယ်တို့ ဆရာမငယ်ငယ်တွေ ဝိုင်းကျပ်ကြလို့ ဆရာကြီး တီးမသေ ကတော့ ကတဲ့ဝိုင်းထဲရောက်နေပါပြီ…. ရုတ်တရက်…. မျက်စိပြူးသွားတာကတော့ ဆရာကြီးကိုကြည့်လိုက်မိတဲ့ ကိုယ်ပါပဲ…. ဆရာကြီး ဘောင်းဘီဇစ်ပြုတ်နေတယ်လေ…. ခိခိ….

လက်ဘက်ခင်းတွေ နောက်ခံထားပြီး ကျောက်တုံးကြီး ထိပ်မှာ


ကိုယ့်ဆရာကြီး ရှက်မှာ စိုးလို့ တိုးတိုးတိတ်တိတ် တပည့်မတွေ လက်တို့ကြပြီး ဆရာမမဇင်မောင်ကို ပြောပြလိုက်တယ်…. မဇင်မောင်ကနေ ဆရာသန်းမြင့်…. ဆရာသန်းမြင့်က အညာသားလူပျိုကြီး ရှက်တတ်ကရှက်တတ်နဲ့…. ကဘို့ဆို ဝေလာဝေး….. ဒါပေမယ့် သူလဲ ဆရာကြီးကိုကယ်တင်ဘို့ရာ…. တင်လေးတွန့်လိမ်တွန့်လိမ်နဲ့ ကပွဲထဲ ဝင်သွားတော့ ကိုယ်တို့မှာ ရီလိုက်ရတာ….

ပြီးတော့ ဆရာကြီးနားကပ်သွားပြီး… ဆရာကြီး…. ဆရာကြီး…. ဇစ်…. ဇစ်….. လို့ သွားပြောတယ်…..

ဆရာကြီးက …. အေး…. အေး…. သန်း….. ကိုယ်သိပြီ ဆိုပြီး…. အသာလေးဆွဲတင်လိုက်တာကို….. ကိုယ်တို့တွေကြည့်ပြီး…. ရီမောပျော်ရွှင်ခဲ့ကြတာပေါ့….. သူတို့နှစ်ယောက် မျက်နှာသေလေးတွေနဲ့ တူတူကနေကြတာ ရှားပါးမြင်ကွင်းပဲလေ....
နော်ဘူဘောတောင်ဆိုတာ ကျောက်သင်္ဘောကြီးဆောက်ထားပြီး ဘာသာမရွေး ဝတ်ပြု ဆုတောင်းလို့ရတယ်တဲ့ လူဘယ်လောက်များများ မပြည့်တဲ့ တောင်ထိပ်သေးသေးလေး ကျောက်တုံးကြီးမှာ ကိုယ်ရေးခဲ့တဲ့ နာမည်က သူငယ်ချင်းသီတာမွန်ရဲ့ နာမည်ပြောင်

ဆရာကြီးက ဆရာဆရာမတွေကို နာမည်အပြည့်ဘယ်တော့မှ မခေါ်ဘူး…. သန်းတဲ့… ဇင်တဲ့…. ရီတဲ့.....ကိုယ့်ကိုလဲ နှင်းတဲ့…. အရမ်းချစ်ဘို့ကောင်းတယ် မျက်နှာကြီးက ကြီးကြီး မားမားကြီးနဲ့ ခြင်္သေ့ကြီး အမြဲပြုံးနေတာကြနေတာပဲ…

လူကြီးအဖွဲ့တွေရော စစ်သားတွေရော မကြာခင် ကိုယ်တို့ကို ဂျောက်တွန်းတော့မယ်  ကခိုင်းတော့မယ်ဆိုတာ သိတော့ ကိုယ်တို့ ဆရာမ အငယ်ဆုံး ၃ယောက် မှောင်ရိပ်ခိုပြီး ထွက်ပြေးလာကြတယ်…. နဲနဲလောက်ေ လျှာက်ပြီးရော….. ဝုန်း….. ဆို…..
ဆရာမသာဖြစ်ပေမယ့် တခါတလေတောတိုးပြီး ရေဆင်းချိုးတဲ့ အခါ အဲဒါမိုးလေးလဲဝတ်တယ် ဟိဟိ တောထဲမှာ မို့ပါ


သုံးယောက်သား…. ကတုတ်ကျင်းထဲမှာ ကောက်ရိုးတွေနဲ့ လုံးထွေးနေပါတော့တယ်…. မမြင်မစမ်းနဲ့ ကျွံကြတာလေ….. စစ်သားလေးတွေလဲ မီးပုံပွဲမှာ ရောက်နေတော့ ကင်းစောင့်မယ့်သူလဲ မရှိဘူး… ကိုယ်တို့ဘာသာ ကိုယ်တို့ အော်ရီကြရင်း လူးလဲထကာ အိမ်ပြန်လာတော့ည ၂နာရီလောက်ရှိပါပီ…. တသက်မမေ့နိုင်စရာ ခရစ်စမတ်ပွဲတော်လေးပါ….

ကိုယ်ချစ်တဲ့ လိပ်သိုလ်မြို့လေးမှာ….အသီးပေါင်းစုံဟာ ဈေးမှာ ဝယ်စရာ မလိုအောင် အိမ်တိုင်းမှာ အလကားတောင်းခူးလို့ရပါတယ်.. အလွန်ကို လောဘ ဒေါသ မောဟတွေ ရှာပါးပြီး…. အေးချမ်းတဲ့ နေရာလေးဖြစ်ပါတယ်… ခရီးလမ်းပန်းသာကောင်းလို့ကတော့ ကျိုက်ထီးရိုးလို ခဏခဏ သွားလည်သင့်တဲ့ နေရာလေးပါ….




မြို့ခံတို့ ပစ်သော အမှိုက်မဟုတ်ပါတဲ့ မြို့သားများကြောင့်ပါတဲ့...


အချို့ ပုံများကို http://mandalaygazette.com/121567/travel ဒီကဆွဲလာတာပါ ကျေးဇူးတင်ပါသည်။





Comments

  1. ဟိုးတုန်းကလည်း ဖတ်ဖူးတယ်..အခုလည်း ပြန်ဖတ်သွားတယ်
    သိပ်သာယာမယ့် နေရာလေးတခုဆိုတာ
    ယုံလိုက်ပါပြီဟယ် :)

    ReplyDelete
    Replies
    1. အဟီးးးး ခွီးခွီး.... နင်ညော်နင်

      Delete
  2. နော်အာလူးဖောအုံပျော့ ရေ... ဒါဟိုးအရင်ထဲကဖတ်ဘူးတဲ့ ပို့ စ်ပဟောင်းလေး... ဘယယ်နှစ်ခါပြန်ဖတ်ဖတ်မရိုးဘူး... ကြည်နူးရ...ရီမောရနဲ့ 

    ReplyDelete
    Replies
    1. နောက်ထပ်နာမည် တခုရှိသေးတယ်ဟေ့ နော်ညာဝါးတဲ့ ( ညာ=အသား၊ ဝါး=ဖြူ )

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်