Connected Disconnected


မီးပွိုင့်မကူးခင် ဒီဘက်ခြမ်းမှာထဲက ကားလမ်းဟိုဘက်ခြမ်းက ကိုယ်စီးမယ့်ဘတ်စကားကိုတွေ့နေရတယ် ။

 ဘုရား... ဒီကားလွတ်သွားရင်နောက်ထပ် ၁၀မိနစ်ထက်စောင့်ရတော့မှာပဲ ။

အချိန်မမီတော့ဘူးထင်တယ်လို့တွေးရင်း မီးစိမ်းသွားတော့ အပြေးကလေး အမှီကူးလိုက်တယ် ။ ပြေးမယ့်သာ ပြေးရတာ လူတွေ ကားပေါ်ရောက်ကုန်ကြပြီ ။


 အယ်..... ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်မယ် ။

 အလောသုံးဆယ် ပြေးရင်းလွှားရင်း လက်ကတော့ ပြထားဦးမှ ။ ဒရိုင်ဘာမြင်လိုမြင်ငြားပေါ့နော် ။ ထင်တော့ မထင်ပါဘူး ။

 ကိုယ်လဲ ကားနောက်နားလောက်ရောက်ရော ကားတံခါးပိတ်သွားရော...... ဟူးးးး

ပြေးနေတဲ့ ခြေထောက်ကို ရပ်လိုက်မယ် ပြင်လိုက်စဉ်မှာ ကားတခါး ပြန်ပွင့်လာတာတွေ့လိုက်မိတယ် ။ ကမန်းကတန်း ကားပေါ်ပြေးတတ်ရင်း ကိုယ့် ကို စောင့်ပေးတဲ့ ဒရိုင်ဘာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး လက်မှတ်ကိုကပ်ကာ နောက်ဘက်သို့ ရွှေ့လာခဲ့လိုက်တယ် ။

 ဒရိုင်ဘာက ကိုယ်နေရာမှာ သေချာရပ်လိုက်ပြီ ဆိုမှ ကားကို မောင်းထွက်ပေးလိုက်တဲ့ အချိန်မှာ တော့ သူ့ဘက်ကို မကြည့်မိတော့ပေမယ့် ။ ကိုယ့်ရဲ့ နောက်ကျောမှာ စိတ်ကလေးတခု ဖြတ် ဆို ကပ်လာခဲ့တာကို ခံစားလိုက်ရတယ် ။ 




ဓာတ်လှေခါးထဲ ဝင်ဘို့ကြည့်လိုက်တော့ လူတွေ အနည်းဆုံး ၈ယောက်လောက်တော့ ရှိနေပြီ ။

 သမီးက လမ်းမှာချီထားရင်း ပုခုံးပေါ်မှာ အိပ်ပျော်လာခဲ့တာကြောင့် MRT က အထွက်မှာ အိမ်ကို အမြန်ရောက်ချင်တဲ့ စိတ်က ကြီးစိုးနေတာ ကိုယ့်မျက်လုံးမှာ ပေါ်နေလား မသိဘူး... ဓာတ်လှေခါးထဲက ကုလားမဲမဲလေး နှစ်ယောက်က ဝင်ဝင် ဆိုပြီး ကိုယ့် အတွက် သူတို့ ထွက်သွားပေးခဲ့တယ် ။

 ကျေးဇူးတင်လိုက်တဲ့ စိတ်နဲ့ ကိုယ့်ကို စောင့်နေတဲ့ သူတွေကို အားနာပြီး မြန်မြန်ဝင်လိုက်တယ် ။

 ပြန်ထွက်လာတဲ့ အချိန်မှာလဲ ဖွင့်တဲ့ ခလုပ်ကို ခပ်ကြာကြာလေးဖိပေးထားတဲ့ တရုပ်အဘိုးကြီးကို ရော အားလုံးကိုရော ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ရင်း ခါးတွေ ညောင်းလို့ ချွေးပြန်နေပေမယ့် မျက်နှာမှာ အပြုံးတုမဟုတ်တဲ့ ကြည်နူးမှုလေးရဲ့ နောက်မှာ ကပ်ရပ် ဖြတ်ကနဲ စိတ်ကလေးတခု လင်းလက်သွားခဲ့တယ် ။



 မိုးတွေ အရမ်းရွာနေတာကြောင့် သမီးကြောက်မှာစိုးတာရော သူဖျားမှာ စိုးတာရောကြောင့် တက္ကစီကို လှမ်းတားလိုက်တယ် ။

 ကားပေါ်အရောက်မှာ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်တော့ ဘုရားရေ...... ၅၀တန်သုံးရွက် ကွက်တိပဲပါတယ် ။

အိတ်တွေ မွှေနှောက်ရှာ တာတောင် ထွက်လာတဲ့ အကြွေက ၄ဒေါ်လာ လောက်ပဲ ရှိတယ် ။

 အိမ်အရောက် ၅ဒေါ်လာကျော်ကျော်လောက် ကျမှာ...... ပြသနာပဲလို့တွေးနေရင်း ဘာလုပ်ရမှန်း မသိဘူး ။ ကားသမား မှာ အကြွေပါပါစေလို့ ဆုတောင်းပြီး သူ့ကို အကဲခတ်လိုက်တော့ မလေးကားသမား ။

အိမ်အောက်ရောက်ချိန်မှာ မျက်နှာ ပူပူနဲ့ ၅၀တန်ကို ကမ်းပေးလိုက်ရင်း ဆောရီး ဒါပဲ ပါလာတယ် လို့ ပြောလိုက်တယ် ။ ကားသမားက သူ့မှာလဲ အကြွေ မရှိဘူးတဲ့ ။ ကျသင့်ငွေက ၅ဒေါ်လာနဲ့ ၁၀ ဆင့် ။

ကျမမှာလဲ လေးဒေါ်လာပဲ ပါတယ် ။ ခဏစောင့်နော်လို့ ပြောရင်း ဓာတ်လှေခါးနားမှာ တံမြက်စည်း တချောင်းနဲ့ အလုပ်ရှုပ်နေတဲ့ အင်ဒိုနီးရှား သန့်ရှင်းရေးလုပ်တဲ့ လူကို အားကိုယ်းဘို့စဉ်းစားရတော့တယ် ။

 စိတ်ထဲမှာတော့ မထင်.... တကယ့်ကို ကျဉ်းထဲကျပ်ထဲမှာ ရောက်နေတာ ။

 တကယ်ပါပဲ သူ့ဆီမှာ အကူညီတောင်းလိုက်မိတာ ၁ဒေါ်လာတော့ ရလာခဲ့တယ် ။ ကိုယ့်ကို လဲပြောလိုက်သေးတယ် ။ ပြန်မပေးရဘူးနော်..... နိုး..... နိုး...... တဲ့......

 ကျမ မရှက်ပါဘူး.... ကျေးဇူး အရမ်းတင်သွားတယ် ..... နေ့တိုင်းတွေ့နေရတဲ့ လူမို့ စိတ်ထဲက ရင်းနှီးတာထက် အကိုတယောက်လိုတောင် ခင်မိသွားတယ် ။

 ကမန်းကတန်း ကားဆီပြေးသွားပြီး ၁ဒေါ်လာကိုပေးလိုက်ပြီးတော့ ခဏလေးနော်လို့ ပြောပြီး သမီးလေး MRT ကဒ်ထည့်တဲ့ လည်ဆွဲအိတ်ကလေးကို မွှေနှောက်ရှာလိုက်တယ် ။

 သူ့ဆီမှာ တခါတလေ အလွယ်ထည့်ထားတဲ့ အကြွေစေ့လေးတွေ ရှိတတ်တယ် ၁ပြား ၂ပြားလောက်ပေါ့ ။ တက္ကစီ သမားကပြောတယ် မရှာနဲ့တော့ မပေးနဲ့တော့တဲ့ ။

 ကြည့်လိုက်တော့ သူ့ရဲ့ မျက်နှာမှာ ကျမသမီးလေးမိုးမိမှာ စိုးတဲ့ ပုံနဲ့ သမီးကိုပြုံးပြနေတယ် ။ 

အိမ်ထဲကိုပျော်ရွှင်စွာလျှောက်လာခဲ့ရင်း စဉ်းစားမိတယ် ။ ကိုယ်နဲ့ တခြားစီဖြစ်နေတဲ့ အသိုက်အဝိုင်းက လူတွေကြောင့် ဒီလောက် ပျော်မိတာကို ။

 လမ်းလျှောက်ရတာတောင် ခြေထောက်တွေ ပေါ့ပါးနေတယ်လေ ။

 ဒီအချိန်မှာ ဖြတ်ကနဲ စိတ်မှာ ကပ်လာတဲ့ အတွေးလေး တခုက ကိုယ့်ပြောချင်တဲ့ အဓိပ္ဗါယ်နဲ့ တထပ်ထဲကျနေတာကို သတိပြုမိလိုက်ပြန်တယ် ။




 ညရှစ်နာရီ ကျော်မှ ပူအိုက်တယ် ရေကူးချင်တယ် ဆိုတဲ့ သမီးကို ချော့မရတာနဲ့ ပျင်းရိပျင်းတွဲနဲ့ ရေကူးအကျီတွေ လဲပြီး ဆင်းလာခဲ့ပေမယ့် စိတ်ကမပါဘူး ။

 သော့တွဲအိပ်ကို လက်ကကိုင်ပြီး ပုဝါအကြီးကြီး ပတ်ပြီး ရေကူးကန်ဘေးက ခုံရှည်ကြီးမှာ ထိုင်နေရင်း သမီးတယောက်ထဲ ရေကူးနေတာကို စိတ်မချတာနဲ့ကိုယ်ပါဆင်းလာခဲ့တယ် ။

ကန်ထဲရောက်မှ မျက်နှာကို လက်နဲ့သပ်ရင်း နားဆွဲဝတ်ခဲ့တာကို သတိရပြီး ချွတ်မှ ဖြစ်မယ်လို့ တွေးပြီး ဖြုတ်လိုက်တယ် ။

 နားဆွဲက အပြာရောင်တိုပတ်စ် နဲ့ ရွှေအစစ် ။စိန်သေးသေးလေး ၃လုံးလောက်တော့ပါတယ် ။ ဒါပေမယ့် သူ့ချိတ်က ရကောက်လို ချိတ်မျိုး နောက်ပိတ်မပါဘူး ။

ချွတ်ထားတာ ကောင်းတယ် လို့ စဉ်းစားမိတယ် ။

သမီးနဲ့ရေထဲမှာ ဖက်လိုက် ပွေ့လိုက်လုပ်ရင် နာတယ်လေ ။ ခါတိုင်း ရေကူးဆင်းရင် ဘာသတ္တုမှ မဝတ်ခဲ့ပါဘူး ။

ဒီနေ့တော့ အိပ်ငိုက်တာနဲ့ ပါလာတာလေ ။

 နားဆွဲလေးကို ချွတ်ပြီး သော့တွဲအိပ်ကလေးထဲမှာညှပ် ၊ အိပ်ကလေးရဲ့ နှိပ်စေ့ကို သေချာပိတ် ပုဝါကြီးကို အပေါ်က ဖုံးပြီး ရေထဲပြန်ဆင်းလာခဲ့တယ် ။

 ကူးရင်းကူးရင်း ၉ နာရီလောက် ရှိတော့ သမီးလေးကို ခေါ်တာ သူက မတတ်ချင်သေးဘူး ။ သမီးကို ပြန်တော့မယ်နော်လို့ စပြီး ကန်ဘောင်ပေါ်တတ်ပြီး တဘက်ပုဝါကြီးကို ကိုယ်မှာ ပတ်လိုက်တယ် ။

ရုတ်တရက် သမီးက နဲနဲဝေးတဲ့ ဘက်ကို ကူးသွားတော့ သူကူးတတ်ပေမယ့် ပေးမသွားချင်သေးတာကြောင့် ပုဝါကို ပြန်ချပြီး ရေထဲ ဝုန်းဆိုခုန်ဆင်းလိုက်တယ် ။

 သမီးကို ဖက်ပြီး ချီလာပြီး မရမက ကန်ပေါ်တတ်လာရင်း သားအမိနှစ်ယောက် ရီရီမောမောနဲ့ အိမ်ပြန်လာကြတဲ့ အခါ လမ်းမှာ သတိရပြီး နားဆွဲလေးကို အိပ်ထဲ စမ်းလိုက်တော့ တခုပဲရှိတော့တယ် ။

ပစ္စည်းတွေကို မှတ်မှတ်သားသား ရှိပြီး သေချာထားတတ်လို့ တခါမှ မပျောက်ဘူးတဲ့ အတွက် မယုံတဝက်ယုံတဝက်နဲ့ ကန်ဘေးနား ပြန်လာပြီး ပတ်ရှာ တယ်။ ရေထဲကိုလဲ ပြန်ဆင်းပြီးရှာတယ် ။ ဘယ်လိုရှာရှာ မတွေ့တော့ဘူး ။

စိတ်တော့ နဲနဲ ပျက်သွားတယ် ။ ဖုန်းထဲမှာပါတဲ့ လက်နှိပ်ဓာတ်မီး app နဲ့တောင် ဖွင့်ပြီးရှာလိုက်သေးတယ် ။

ကန်ထဲမှာ ရေကူးတဲ့ တရုပ်မလေး ၉ နှစ် ၁၀ နှစ် အရွယ် နှစ်ယောက်တော့ ရှိတယ် ။ စိတ်ထဲမှာ တခုခုဆုံးရှုံးရင် လက်ခံဘို့ အသင့်ပြင်ထားတဲ့ စိတ်အခံက မနှမြောဘို့ သတိပေးနေမိတယ် ။

 တကယ်လို့ တရုပ်မလေးတွေ ကောက်ရသွားရင်လဲ သူတို့ ရသွားတာပေါ့လေ ။ ဘယ်သူပဲ ရသွားရသွား သူတို့နဲ့ ထိုက်လို့ ရသွားတာပေါ့လေ ဆိုပြီး စိတ်ကို လျော့ထားလိုက်တယ် ။

အိမ်ရောက်တော့ လဲ ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကျန်တဲ့ နားဆွဲတဘက်ကိုတောင် မှန်တင်ခုံပေါ်ဒီတိုင်းတင်ပြီး ထားထားလိုက်တယ် ။

 ၁ရက်
 နှစ်ရက်

 ကျန်ခဲ့တဲ့ တဘက်လပ်ကလေးကို ကြည့်ပြီး ဘယ်လိုပြန်လုပ်ရင်ကောင်းမလဲတွေးလိုက် စိတ်ထဲမှာ ခိုးလိုးခုလုလေး ဖြစ်လိုက်နဲ့ သမီး ကျောင်းသွားပို့ရင်း နေ့တိုင်းဖြတ်လျှောက်နေတဲ့ လုံခြုံရေး ဂိတ်တဲလေးကိုဖြတ်တော့ ဖြတ်ကနဲ ဝင်ပြီး ဘာရယ် မဟုတ်ဘူး လုံခြုံရေးကို မေးလိုက်တယ် ။

 လွန်ခဲ့တဲ့ နှစ်ရက်က...... ဘလာ....ဘလာ.... ပေါ့နော် ။

သူက အခန်းနံပါတ် ဖုံးနံပါတ် ဘာညာယူထားလိုက်ပြီး ရှာတွေ့ရင် ပြောပါ့မယ်တဲ့ ။ ထင်တော့ မထင်ပါဘူးလေ ။ ဒီလိုပဲ ပါးစပ်ဆော့လိုက်တာပါ ။

နောက် တနာရီလောက်နေတော့ သူက ဖုန်းဆက်လာတယ် အဲလိုပဲ ထင်ရတဲ့ ပစ္စည်းတခု မင်းတို့တိုက်က သန့်ရှင်းရေးသမား ရေကူးကန်ဘက်ကို ရှင်းရင်းရထားတယ်တဲ့ ။ ဟုတ်မဟုတ်လာကြည့်လိုက်ပါတဲ့ ။

ကိုယ်က အိုကေ အိုကေ ဒီမှာ ကျန်တဲ့ တဘက်ရှိသေးတယ် ယူလာပြမယ် ဆိုပြီး ပြေးဆင်းသွားတော့

 တကယ်ပါပဲ သူ့ဆီမှာ ကိုယ့်ရဲ့ တဘက်လပ်နားဆွဲလေး ဘာမှ ကို ပြောမနေရပါဘူးတွေ့တာနဲ့ တန်းပေးတာပဲ ။

ကိုယ့်မှာ ပျော်လွန်းလို့ ။

 ခဏနေတော့ John Little ကိုဆင်းသွားပြီး အကျီင်္ ၅၀တန်၂ထည် ဝယ်လာခဲ့ပြီး လုံခြုံရေး တထည် သန့်ရှင်းရေးတထည်ပေးလိုက်တယ် ။ ကိုယ့်ပစ္စည်းလေးက အဲလောက် ဈေးအကြီးကြီး မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီထက်လဲ လျော့ပေးလို့ မကောင်းဘူးလေ ။

 သူတို့ကလဲ ယူပါတယ် ။ သန့်ရှင်းရေးကို ရှာမတွေ့တာနဲ့ လုံခြုံရေးကိုပဲ ပေးထားခဲ့လိုက်တယ် ။ သူကရှင်းပြတယ် ။ နင်အဲဒီလိုဝယ်လာတာ ကောင်းတယ်တဲ့ ။ အဲဒီလူက အရမ်းရိုးသားတယ် ။ဒါပေမယ့် သူ့မှာ အိပ်စရာနေရာတောင် မရှိလို့ အလုပ်ပြီးလို့ပြန်ရင် ပန်းခြံလိုနေရာတွေမှာ လိုက်အိပ်ရတာတဲ့ ။

 အံ့သြပြီး ကိုယ်သူ့ကို ပေါချောင်ကောင်းလက်ဆောင် မဝယ်ခဲ့လိုက်မိတာ တော်သေးတယ်လို့ ထင်လိုက်မိတယ် ။ နောက်တနေ့ကျတော့ လုံခြုံရေးကပြောတယ် ။ ငါ့မှာ အကျီတွေ အများကြီးရှိလို့ သူ့ကို နှစ်ထည်လုံးပေးလိုက်ပြီနော်တဲ့ ။

ကိုယ့်စိတ်ထဲမှာ ဘာပဲပြောပြောလေ စိတ်ချမ်းသာတယ် ။ ဟုတ်တယ်လေနော် ။




 ကိုယ်တို့ ဒီကျွန်းလေးမှာ လာနေကြတယ် ။ ရေကြည်ရာမျက်နုရာပေါ့ ။

 မွေးတာတနေရာ ။ ကြီးပြင်းတာ တနေရာ ။ အခြေကျဘို့ဖြစ်လာတာ တနေရာ ။

 လူတွေအားလုံး ဘယ်ကပဲလာလာ ။ ဘာလူမျိုးပဲ ဖြစ်နေနေ ။ ဘာယုံကြည်ချက်ပဲ စွဲနေနေ ။ ဒီလိုမျိုးရောလိုက်တော့ လူတွေပဲလေ ။ ဟုတ်တယ် မဟုတ်လား ။

 တဒင်္ဂ ဆုံကြတယ် အတူတကွ ရှိနေကြတယ် ။ တယောက်နဲ့ တယောက်တတ်နိုင်သလောက် စောင့်ရှောက်တယ် ။

သူ့မှာလဲ သူ့ပြသနာရှိတယ် ။ ကိုယ့်မှာလဲ ကိုယ့် ပြသနာရှိတယ် ။ မတူကြပေမယ့် မလျော့ကြပါဘူး ။

 အရေးကြီးတာ ခုလို ခေတ္တခဏ ဆုံတဲ့ အချိန်လေးတွေမှာ တယောက်အဆင်ပြေအောင် တယောက်က Care ပေးနိုင်ရင် တကယ်လောကကြီးက လူဖြစ်ရကျိုးနပ်ပါတယ် ။



ကိုယ်တို့ဗုဒ္ဓဘာသာမှာလဲ ဝေယျာဝစ္စ ကုသိုလ်ဆိုတာ ကုသိုလ်တော်တော်များများထက် မြတ်ပါတယ် ။

တယောက်က တယောက်ကို ပေးလို့ရတာ Care ပါ ။ အတိုင်းမသိ တန်ဘိုးရှိပါတယ် ။

 ကျမအတွက် လူတယောက်ရဲ့ တန်ဘိုးဟာ တခြားလူအပေါ်မှာ ဘယ်လောက် Care ပေးနိုင်သလဲ ဆိုတာနဲ့ တိုင်းတာပါတယ် ။

 တခါတလေ မက်ဘာဂါမှာ တန်းစီနေရင်း ဈေးရောင်းနေတဲ့ ကောင်လေးဟာ ကုလားမဲမဲလေးပါလားလို့ သတိထားလိုက်မိရင်း သူအလုပ်လုပ်နေတာ သူ့မိသားစု အတွက်ဖြစ်နိုင်တယ် ။ သူ့ပညာရေးအတွက်ဖြစ်နိုင်တယ် ။

ဘာပဲပြောပြော လဘက်ရည်ဆိုင်မှာ အချိန်ဖြုံးနေတာ မဟုတ်ဘူး ။
 ဘောပွဲလောင်းနေတာ မဟုတ်ဘူး ။
အိမ်က မိန်းမ ကလေးတယောက်မွေးပြီး မလတ်ဆတ်တော့ဘူးဆိုပြီး ကာရာအိုကေဆိုင်က ကိုယ့်မိန်းမထက်ပိုပြီး မလတ်ဆတ်တဲ့ မိန်းကလေးတွေနဲ့ အချိန်ဖြုံးနေတာ မဟုတ်ဘူး ။
ယုတ်အစွဆုံး စားပွဲကြီး ရဲ့ ထိပ်မှာ ထိုင်ပြီး မျက်နှာ ထားတင်းတင်းနဲ့ ခန့်ငြားချင်ယောင်ဆောင်ထားတဲ့ လူရှိန်အောင်တမင်တည်ထားတဲ့ မျက်နှာထားတွေ ထားတတ်တဲ့ လူတန်းစားတွေ မဟုတ်ဘူး ။

ဒီလိုစဉ်းစားလိုက်တော့ သူလဲလောကကြီးကို ဂရုစိုက်နေသူတယောက်ပဲ ဆိုတဲ့ စိတ်နဲ့ နှစ်နှစ်ကာကာပြုံးပြလိုက်မိချိန်မှာ ကျမ ပြန်ရလိုက်တဲ့ အပြုံးဟာ လူမျိုးမခွဲခြားပဲလဲ ပြန်ရလိုက်တဲ့ အတွက် facebook က " :)" ဒီလို အပြုံးမျိုး မဟုတ်မှန်း သိတော့ အဲဒီလို အပြုံးလေးတွေဟာ တနေ့တာအတွက် ရှေ့ဆက်ဘို့ အားတွေပဲလို့ယူဆမိတယ် ။



 ဒီလိုဖြစ်ရပ်လေးတွေကြုံလာတိုင်း ကျမစိတ်ထဲမှာ ဖြတ်ကနဲ ပေါ်လာမိတဲ့ စိတ်ခံစားမှုလေးကို ပြောစရာ စကားတလုံးထဲပဲ ရှိပါတယ် ။

 " Connected " ဟုတ်ပါတယ် ။


I Feel Connected.


 ကျမ အဲဒီလိုပဲခံစားလိုက်ရပါတယ် ။

 ကျမတိုနေ့စဉ် အင်တာနက်က တဆင့် Connected ဖြစ်နေကြတယ် ။

 နိုင်ငံတွေ ကျော်ပြီး ။ နေ့တွေ ညတွေ ခြားပြီးနေပါစေ ။ သူဘာလုပ်တယ် ။ သူနေကောင်းမကောင်း ။ သူပျော်မပျော် ။ သူမိသားစုက ဘယ်လို ။ သူ့အလုပ်က ဘာညာ ဆိုပြီး ခေါက်ဆွဲပြုတ်စားတာက အစ ဘဝရဲ့ နောက်ဆုံးမိနစ်တွေ အထိ Connected ဖြစ်နေကြတယ် ။

 ဒါပေမယ့် အမြင်မှာ ဘယ်လောက် မျက်နှာခြင်းဆိုင်နေနေ ။ မယုံကြည်မှုတွေ ။ စိတ်မချရတာတွေ ။ အဆင်းဘီးတတ်လိုက်တာတွေ ။ ခင်မင်နေတယ် ထင်ရပေမယ့် စိတ်ခြင်း နှလုံးသားခြင်းဝေးကွာနေကျတဲ့ သူတွေရဲ့ ကြားမှာ ကျဉ်လည်နေရတဲ့ ကျမ ရဲ့ နေ့ရက်တွေကို စိတ်ပျက်နေတာကြာပါပြီ ။

 ကျမလိုအပ်တာ သွေးရင်းသားရင်း မိတ်ဆွေရင်းမဟုတ်ပါဘူး ။

ကျမနဲ့ သွေးခြင်းနီးသူ ။ အဆင့်တန်းခြင်းတူသူမဟုတ်ပါဘူး ။
ဝါသနာတူသူလဲ မဟုတ်ပါဘူး ။

 Care စိတ်ဓာတ်ရှိတဲ့ ကျမနဲ့နှလုံးသားခြင်းနီးသူတွေပါ ။ သူငယ်ချင်းတို့လဲ ဒီလိုမျိုး ကိုယ့်ပေါ်မှာ ရော ကိုယ်ကရော Care ဆိုတဲ့ အရာလေးကြားမှာ ပျော်ရွှင်နိုင်တဲ့ သူများဖြစ်ကြပါစေနော် ။




 ရေးသူ

Comments

  1. တီတီ ဟုတ်တယ် ရေစက်အရ တွေ့ဆုံကြုံကွဲ ..ဆုံရတုန်းလေးမှ ကိုယ်တတ်နိုင်သလောက် care လုပ်မယ်၊ ကိုယ်လိုအပ်တာလဲ ဒါပဲလေ ... (Y)

    ReplyDelete
    Replies
    1. ဟုတ်တယ် ချင်းချင်း..... အမှန်တကယ် အလိုအပ်ဆုံးက အဲတာပဲ

      Delete
  2. ကျွန်တော်တို့ မသိ၊ မမြင်နိုင်တဲ့ လူနေမှုဘဝ၊ အဲ... ကလေး အမေတစ်ယောက်ရဲ့ ဖြတ်သန်းမှုများကို မြင်ရ၊ ကြားရ သိရတာပေါ့ဗျား။ အဲသလို လူမှု ပတ်ဝန်းကျင်လေးတွေဆိုတာ သူတို့ကိုယ်တိုင် ရေးပြမှ မြင်ရတာ။ လူမှုဘဝ ဗဟုသုတ ခင်ဗျ.း)))

    ReplyDelete
    Replies
    1. ကလေးအမေ ဘဝကမှ တကယ့်စိတ်ဝင်စားစရာ ဝဝရေ..... ဘယ်တော့ မုန့်စားရမလဲဟင်.... :D

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်