ယဉ်ကျေးမှု '' စစ်စစ် '' ဆိုတာကို ခြေရာကောက်ခြင်း By Spring Flowers

ယဉ်ကျေးမှု '' စစ်စစ် '' ဆိုတာကို ခြေရာကောက်ခြင်း

October 7, 2012 at 6:42pm
               
                            များသောအားဖြင့် လူမျိုးတိုင်းဟာ ကိုယ့်ယဉ်ကျေးမှု ၊ ဓလေ့တွေကို အနည်းနဲ့ အများ စောင့်ထိန်းဂုဏ်ယူတတ်တဲ့ အလေ့ရှိတတ်ကြတယ် ။ တရားဟောမလို့ မဟုတ်ရပါဘူး ။ ဒါက မဖြစ်မနေ ပြောမှဖြစ်မယ့် နိဒါန်းမို့လို့ ပါ ။
  •                          ပြင်သစ်ဆိုရင်လည်း သူတို့ ပြင်သစ်စကားပြောတဲ့ လူမှ လူရာဝင်သလိုလို ၊ အီတလီတွေကျတော့လည်း သူတို့ အစားအစာသည်သာ ကမ္ဘာ့အကောင်းဆုံး အစာလိုလို  ဂုဏ်ယူတတ်ကြသတဲ့ ။ အမေရိကန်တွေကျတော့လည်း အမေရိကန်ဆန်ခြင်းဆိုတဲ့  Americanism  ဆိုတာကို သိပ်တန်ဖိုးထားတတ်ကြတယ်လို့ ကြားဖူးတယ်  ။ အဲဒါ အပြစ်လို့ ဘယ်သူပြောတုန်း ။ ဘယ်လူမျိုးမဆို ကိုယ့်ယဉ်ကျေးမှုကို အနည်းနဲ့ အများ ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့စိတ်  ရှိတာ သဘာဝ မဟုတ်လား  ။ တို့မြန်မာလူမျိုးတွေထဲမှာလည်း  မြန်မာယဉ်ကျေးမှုဆိုတာကို ကောင်းကောင်းမွန်မွန် စောင့်ထိန်း ဂုဏ်ယူတတ်ကြတဲ့သူတွေ ရှိတာဘဲ ။  ကိုယ့်ရိုးရာယဉ်ကျေးမှုကို စောင့်ထိန်းခြင်းအားဖြင့် ကောင်းတဲ့ အကျိုးဆက်တွေ အများကြီးရှိတာကို အကျယ်ချဲ့ပြောစရာ မလိုပါဘူးနော် ။
  •                     ဒါပေမယ့် တဖက်ကလည်း မျက်စိမှိတ်ပြီး  '' ငါတို့ ယဉ်ကျေးမှု စစ်စစ်ကွ ''  လို့ အော်နေတာတွေ့ရင် ပြောစရာလေးတွေ ပေါ်ပေါ်လာတယ် ။ အထူးသဖြင့်   အဲဒီ   ယဉ်ကျေးမှု  '' စစ်စစ် ''  ဆိုတဲ့ စကားကို လက်ကိုင်သုံးပြီး ရုပ်တည်ကြီးနဲ့ မုန့်တီစားနေသူများ နည်းနည်းလေး ပြုံးသွားရအောင် လျှာအနည်းငယ် ရှည်ခွင့်ပြုပါကွယ် ။

  •                    ၀ိနည်းလွတ်အောင် အမေရိကန်လူမျိုးကိုဘဲ ဥပမာထားပြီး ပြောချင်ပါတယ် ။ အမေရိကန်ဆန်ခြင်းဆိုတာကို ရာနှုန်းပြည့်  ဂုဏ်ယူတတ်တဲ့ အမေရိကန်ကြီးတစ်ယောက် ရှိတယ်ဘဲ ထားလိုက်ပါစို့ ။  သူနေ့စဉ်သုံးနေရတဲ့ အရာတွေဟာ အရင်းစစ်ရင် တစ်ခုမှ အမေရိကန်မဆန်ဘူးဆိုရင်  သူဒေါကန်သွားမလား မသိ ။ ပြောနေကြာပါတယ် ..... စမ်းစစ်ကြည့်ရင်မကောင်းဘူးလား ။ ဒီတော့ ဦးအမေရိကန်ကြီး ညဘက် အိပ်ရာဝင်ရင် ၀တ်တဲ့ ည၀တ်အင်္ကျီ (  pajamas )  က စပြောရအောင် .......။

  •                     pajamas ဆိုတဲ့ စကားကိုက ပါရှန်းစကားလုံးဖြစ်ပြီး ခြေ၀တ်တန်ဆာ leg garment လို့ အဓိပ္ပါယ် ရသတဲ့ ။ တောင်အာရှကို အင်္ဂလိပ်ကိုလိုနီတွေ ရောက်လာပြီးတဲ့နောက် အဲဒီ pajamas ၀တ်တဲ့ ဓလေ့ဟာ အနောက်ကမ္ဘာကိုလည်း တဖြည်းဖြည်း ပြန့်သွားခဲ့တယ်လို့ ဆိုတယ် ။
Pajamas ၀တ် ပါကစ်စတန် အမျိုးသမီး ( ၁၈၇၀ )
Pajamas ၀တ် ပါကစ်စတန် အမျိုးသမီး ( ၁၈၇၀ )
  •                    ည၀တ်အင်္ကျီဝတ်ပြီး သကာလ ဦးအမေရိကန်ကြီးဟာ အိပ်မယ်ဆိုပြီး ကုတင်ပေါ်တက်သွားသတဲ့ ။ ကုတင်ဆိုတဲ့ ( bed ) ကိုလည်း ပါရှန်းလူမျိုးတွေက စသုံးခဲ့တယ်လို့ ယူဆကြတယ် ။ အဲ....ကုတင်ဆိုတဲ့ စကားကို ပထမဆုံး စာထဲမှာ ပုံဖော်ထားတာက ခရစ်တော် မပေါ်မီ နှစ် ၈၀၀ လောက်က ရေးစပ်ခဲ့တဲ့ နာမည်ကြီး ဂရိကဗျာ Odyssey ထဲမှာ ဖြစ်ပါသတဲ့ ။ နည်းနည်းနောနော ရှေးကျတဲ့ အချိန် မဟုတ်ဘူးနော် ။

  •                    အမေရိကန်ကြီးဟာ အလုပ်သွားတဲ့အခါ ၊ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ၊ ဒါမှမဟုတ်လည်း မိသားစုနဲ့ ပျော်ပွဲစားသွားတဲ့အခါ ဒူးနေရာ ဒူး ၊ တော်နေရာတော် ၀တ်စားသွားရတာပေါ့နော် ။ အဲလို သူနေ့စဉ် ၀တ်နေတဲ့ အ၀တ်အစားတွေကို ထုတ်လုပ်ရာမှာ မပါမဖြစ်တဲ့ ၀ါဂွမ်း ( cotton )  ကို ပထမဆုံးစိုက်ပျိုးတဲ့ နေရာကတော့ အမေရိကန် မဟုတ်ဘဲ  အခုလက်ရှိ အနောက်ပါကစ္စတန်ရှိတဲ့ နေရာပါတဲ့  ။ 
  •                     ရာသီဥတု ပူလာပြီဆိုရင်  ဦလေးကြီးဟာ လီနင် ( linen )  အစ အေးအေးလေးနဲ့ ချုပ်တဲ့ အင်္ကျီကို ၀တ်တတ်သတဲ့ ။ ဒါပေမယ့် အဲဒီ လီနင်စကို လွန်ခဲ့တဲ့ နှစ်ပေါင်း  ၄၀၀၀ လောက်က အီဂျစ်မှာ စသုံးခဲ့တာဆိုတာ သူ သတိမထားမိဘူး ။ ရှေးအီဂျစ်လူမျိုးတွေဟာ ရာသီဥတုပူလွန်းတာကြောင့် အဖြူရောင် လီနင်စကို ၀တ်လေ့ရှိပြီး သေသူတွေကို မံမီလုပ်ရာမှာလည်း လီနင်စကိုဘဲ သုံးလေ့ရှိသတဲ့ ။

  •                    အမေရိကန်ကြီးဟာ ရာသီဥတုလေး အေးလာတော့ သိုးမွေးအနွေးထည်ကလေး ကောက်စွပ်ပြီး မီးလင်းဖိုရှေ့မှာ စာအုပ်ကလေးနဲ့ ငြိမ့်ပြန်တယ်။ ခုခေတ်မှာ အမွေးရအောင် မွေးထားတဲ့ သိုးဆိုတဲ့ သတ္တ၀ါကတော့ ဥရောပနဲ့ အာရှတစ်ဝိုက်မှာ နေတဲ့ mouflon ဆိုတဲ့ အကောင်ကဆင်းသက်လာတယ်လို့ ဆိုတယ် ။ အမွေးထူတဲ့ အဲဒီ mouflon  သိုးတွေမွေးမြူရေးကို ဥရောပမှာ စလုပ်တာ ခရစ်တော်မပေါ်မီ နှစ် ၄၀၀၀ လောက်ကပါတဲ့ ။
 
  •                     ခရစ်တော်မပေါ်မီ ဘီစီ ၁၅၀၀ လောက်က သဘ၀အလျှောက် မံမီဖြစ်သွားခဲ့တဲ့ ဒိန်းမတ်လူမျိုးတစ်ယောက်ရဲ့ အလောင်းပေါ်မှာ သိုးမွေးအ၀တ်တခုရဲ့ အကြွင်းအကျန်ကို တွေ့ရဖူးသတဲ့ ။ ဒါဟာ ဥရောပမှာ ရှေးအကျဆုံး သိုးမွေးအ၀တ်အစားတစ်ခုဆိုရင် မမှားပါဘူး ။
Bog body သို့မဟုတ်  Bog people လို့ ခေါ်တဲ့ သဘာဝအလျှောက် မံမီဖြစ်သွားတဲ့ အလောင်းများ ။
Bog body သို့မဟုတ် Bog people လို့ ခေါ်တဲ့ သဘာဝအလျှောက် မံမီဖြစ်သွားတဲ့ အလောင်းများ ။
Bog body တစ်ခုရဲ့ မျက်နှာ ( ဘီစီ ၄ ရာစု )
Bog body တစ်ခုရဲ့ မျက်နှာ ( ဘီစီ ၄ ရာစု )
  •                      ဒီလိုနဲ့  အမေရိကန်ကြီးဟာဟာ ပွဲလမ်းသဘင်တွေကျတော့ ပိုးထည်ရှပ်ကလေး ၊ ဒါမှမဟုတ်လည်း ပိုးနဲ့ လုပ်တဲ့ နက်ကတိုင်လေးကို ရှိုးကျကျ ၀တ်သွားပြန်တယ် ။   ပိုး  ( silk ) ဆိုတာဟာ တရုတ်ပြည်မှာ စပြီး ပေါ်ခဲ့တယ်ဆိုတာ အထူးပြောဖို့မလိုပါဘူးနော်  ။ ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၂၇၀၀ လောက်က စသုံးခဲ့တာဆိုတော့ အခုဆို ပိုးထည်လုပ်ငန်း ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း ၄၇၀၀  ကျော်လောက် ရှိပြီပေါ့ ။

  •                      အဲဒီ လီနင်သား ၊ ၀ါဂွမ်း...စတာတွေကို အ၀တ်အထည်ဖြစ်အောင် ရက်လုပ်တဲ့ နည်းကတော့ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ငါးထောင်လောက်ကတည်းက အီဂျစ်မှာ ရှိနေပြီတဲ့ ။

အီဂျစ်ရှေးဟောင်း အုတ်ဂူတစ်ခုပေါ်မှ အ၀တ်အထည် ရက်လုပ်နေပုံ ပန်းချီ
အီဂျစ်ရှေးဟောင်း အုတ်ဂူတစ်ခုပေါ်မှ အ၀တ်အထည် ရက်လုပ်နေပုံ ပန်းချီ
  •                    နှင်းတွေကျလို့ ရာသီဥတုခိုက်ခိုက်တုန်တဲ့ အချိန်တွေမှာ သူဟာ ဘဲငန်းအမွေးထည့်ပြီး ချုပ်ထားတဲ့ စောင် ( eiderdown quilt )  ကလေးနဲ့ အိပ်ရာထဲမှာ ကွေးနေတတ်တယ် ။ အဲဒီ စောင်မျိုးကတော့ ဆွီဒင် ၊ ဖင်လန် ၊ နော်ဝေးစတဲ့ အသေအေးတဲ့ နိုင်ငံတွေရှိရာ စကန်ဒီနေးဗီးယား ဒေသမှာ စတီထွင်ခဲ့တာပါ ။
 
  •                       မိုးလင်းလို့ နိုးလာတော့ သူနာရီကို လှမ်းကြည့်မိတယ်....... ရှေးဦးပေါ်ပေါက်ခဲ့တဲ့ နေနာရီတို့ သဲနာရီတို့ကို အီဂျစ်တွေ ၊ ဘေဘီလုံလူမျိုးတွေက သုံးခဲ့တယ်လို့ ဆိုတယ် ။ အဲဒီနောက်  ဥရောပအလယ်ခေတ်လို့ခေါ်တဲ့ ၅ ရာစုနဲ့  ၁၅ ရာစုကြားမှာ နာရီရဲ့ ပုံစံဟာ အတော်ကြီး ခေတ်မှီပြောင်းလဲတိုးတက်လာခဲ့သတဲ့ ။

  •                        ဒီလိုနဲ့ အမေရိကန်ကြီးဟာ အိပ်ရာက ထလာပြီး ခန်းနားကြီးကျယ်တဲ့ ရေချိုးခန်းထဲ ၀င်သွားတယ် ။ အဲဒီရေချိုးခန်းကြီးထဲမှာ သုံးထားတဲ့ ပိုက်ဆက်စနစ် plumbing ဆိုတာ Indus ဆိုတဲ့ ဒေသမှာ ဘီစီ ၂၇၀၀ လောက်ကတည်းက ပေါ်နေပြီဆိုတာ သူမသိရှာဘူး ။ Indus Valley ဆိုတာ အခု ပါကစ္စတန် နဲ့ အိန္ဒိယဆက်နေတဲ့ နေရာနားတ၀ိုက်ပါ ။ အဲဒီမှာ Indus Valley Civilization ဆိုတာ ဘီစီ သုံးထောင်ကျော်လောက်က ပေါ်ခဲ့တယ် ။ အများပြည်သူအတွက်ဆောက်ထားတဲ့ ရေတွင်းရေကန်တွေအတွက် ရေစီးရေလာကောင်းအောင် ပိုက်ဆက်စနစ်ကို သုံးခဲ့သူများထဲမှာ တရုတ်တွေ ၊ ပါရှန်တွေ ၊ ရောမသားတွေ နဲ့ ဂရိတွေလည်း ပါသတဲ့ ။
terracotta plumbing ခေါ် မြေပိုက်များ
terracotta plumbing ခေါ် မြေပိုက်များ
မိုက်သကွာ...........။  ရောမလူမျိုးများဆောက်ခဲ့သော Public Latrine ခေါ် အများသုံးအိမ်သာ ( နေရာ ....ယခင်က ဂရိ နှင့် ရိုမန်မြို့ အသီးသီးဖြစ်ခဲ့ရာ  Ephesus မြို့ .ယခုခေတ် တူရကီနိုင်ငံ )
မိုက်သကွာ...........။ ရောမလူမျိုးများဆောက်ခဲ့သော Public Latrine ခေါ် အများသုံးအိမ်သာ ( နေရာ ....ယခင်က ဂရိ နှင့် ရိုမန်မြို့ အသီးသီးဖြစ်ခဲ့ရာ Ephesus မြို့ .ယခုခေတ် တူရကီနိုင်ငံ )
  •                         ရေချိုးခန်းမှာတပ်ထားတဲ့ မှန်ကရော ။ အဲဒါကိုတော့ မက်ဆိုပိုတေးမီးယားလို့ ခေါ်တဲ့ အရပ်မှာ ဘီစီ ၃၅၀၀ လောက်က စသုံးခဲ့တယ်လို့ ဆိုတယ် ။ မက်ဆိုပိုးတေးမီးယားဆိုတာ ခုခေတ် အီရန် ၊ အီရတ် ၊ ဆီးရီးယား ၊ တူရကီ စတဲ့နိုင်ငံတွေ နည်းနည်းစီ ပါဝင်တဲ့ အရပ်တစ်ခုဖြစ်တယ် ။ ရေချိုးခန်းမှာ ခင်ထားတဲ့ ကြွေပြားတွေနဲ့ ကြွေအစစ်တွေကိုတော့ တရုတ်ပြည်မှာ စတီထွင်ခဲ့တာပါ ။ ဖန်ကို ကြိုချက် ၊ အရောင်ထည့်ပြီး ပစ္စည်းပစ္စယတွေပေါ်မှာ ဆေးချယ်တဲ့အတတ်ပညာကတော့ ရှေးခေတ်အီဂျစ်တွေ တွေ့ရှိခဲ့တဲ့ အတတ်ပါတဲ့ ။
Enameling ဟုခေါ်တဲ့ ဖန်ကို ကြိုချက် လိုရာအရောင်သွင်း ဆေးချယ်တဲ့ အတတ်
Enameling ဟုခေါ်တဲ့ ဖန်ကို ကြိုချက် လိုရာအရောင်သွင်း ဆေးချယ်တဲ့ အတတ်

  •                       သူ စိန်ပြေနပြေ ရေစိမ်ချိုးတဲ့ ရေချိုးကန် bathtub က  Indus Valley ဒေသမှာ စသုံးခဲ့ပြီး  ရှေးအကျဆုံး ရေသုံး အိမ်သာ toilet ကို တွေ့ရှိခဲ့တဲ့ နေရတစ်ခုကတော့ စကော့တလန်နိုင်ငံက Skara Brae ဆိုတဲ့ ရှေးဟောင်းနေရာတစ်ခုမှာပါ ။ မွှေးကြိုင်ဆွတ်ပျံ့တဲ့ ရနံရှိတဲ့ ဆပ်ပြာမြုပ်ထဲမှာ စိမ်နေတဲ့  အမေရိကန်လူမျိုးကြီးဟာ ရှေးခေတ်အီဂျစ်တွေလည်း တိရစ္ဆန်ဆီ ၊ အပင်တွေကရတဲ့ အဆီတွေကိုသုံးပြီး ဆပ်ပြာအဖြစ် စသုံးခဲ့ကြတယ်ဆိုတာ သတိရချင်မှ ရမှာပါ ။ နောက်တော့ သူဟာ သွားတိုက်ပါလေရော ....သွားတိုက်ခြင်းအပြုအမူကတော့ ၁၈ ရာစုနှောင်းပိုင်းလောက်မှ ဥရောပကနေ အမေရိကကို ရောက်လာခဲ့တာပါ ။

( ခရစ်တော်မပေါ်မီ ) ဘီစီ ၁၃၀၀ ခန့်က ဂရိ ရေချိုးကန်
( ခရစ်တော်မပေါ်မီ ) ဘီစီ ၁၃၀၀ ခန့်က ဂရိ ရေချိုးကန်
အနှစ် ၂၀၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ရေချိုးကန် ( အီတလီတောင်ပိုင်း ပွန်ပေ Pompei မြို့ဟောင်းမှ )
အနှစ် ၂၀၀၀ သက်တမ်းရှိပြီဖြစ်တဲ့ ရေချိုးကန် ( အီတလီတောင်ပိုင်း ပွန်ပေ Pompei မြို့ဟောင်းမှ )
  •                          ဂလိုနဲ့ ဦးအမေရိကန်ကြီးဟာ မုတ်ဆိတ်ရိတ်ပါတယ် ။ သူ  မတွေးမိတာတစ်ခုကတော့ မုတ်ဆိတ်ရိတ်ခြင်းဆိုတာ တချိန်တခါတုန်းက အီဂျစ်ပြည်က ဘာသာမဲ့အရည်းကြီးတွေ ကျင့်သုံးခဲ့ဖူးတဲ့ ဓလေ့တစ်ခုဆိုတာပါဘဲ ။ တစ်ခုရှိတာက အမေရိကန်ကြီး သုံးတဲ့ ဓါးဟာ စတီး ( သံနဲ့ ကာဘွန်ရောစပ်ထားတဲ့ ဒြပ် ) နဲ့လုပ်ထားပြီး ခေတ်မှီစွာ ပြောင်လက်ထက်ရှနေတာဆိုတော့ ရှေးအီဂျစ်ကြီးတွေ သုံးထက်တော့ ဓါးတွေထက်တော့ အများကြီး နာကျင်မှုကို လျော့နည်းစေတာပေါ့ ။ ရှေးအကျဆုံး စတီးနဲ့ လုပ်ထားတဲ့ ပစ္စည်းဟာ အနှစ် ၄၀၀၀ လောက်သက်တမ်းရှိပြီး  တွေ့တဲ့နေရာကတော့ Anotolia ဆိုတဲ့ အရပ်တဲ့ ။ ( ယခုခေတ် တူရကီနေရာ )
(  စကားမစပ် တချိန်လုံး တူရကီ တူရကီဆိုလို့ မမေ့ခင် ထည့်ပြောချင်ပါတယ် ။ တူရကီဟာ ဂရိအင်ပါယာ ၊ ရောမအင်ပါယာ ၊ မွန်ဂိုအင်ပါယာ လက်အောက်ကို ကျရောက်ခဲ့ဖူးတယ် ။ ဒါကြောင့်အလွန်ရှေးကျတဲ့ ဂရိယဉ်ကျေးမှု ရောမယဉ်ကျေးမှုအကြွင်းအကျန်တွေ များစွာရှိရာနေရာတစ်ခုပါ )
  •                       ရေချိုးပြီးတော့ သူဟာ တူရကီနိုင်ငံမှာ စတီထွင်ခဲ့တဲ့ တဘက်နဲ့ သုတ်ပါတော့တယ် ။ တူရကီနိုင်ငံက Bursa ဆိုတဲ့ မြို့ဟာ Turkish towel တွေထုတ်လုပ်တဲ့ မြို့ဆိုပြီး ခုထိ နာမည်ကြီးတုန်းပါတဲ့ ။ ပြီးတော့ ဦးလေးကြီးဟာ ကုလားထိုင်မှာ တင်ထားတဲ့ အ၀တ်အစားတွေကို ယူဝတ်ပါတယ် ။ ကုလားထိုင်ဆိုတာက ရှေးခေတ် အီဂျစ်တို့ ၊ ဂရိတို့မှာ တွင်ကျယ်စွာသုံးခဲ့တဲ့ ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါတယ် ။
 ကုလားထိုင်ပါတဲ့ ဂရိအရုပ်တစ်ခု ( ဘီစီ ၄၃၀ ခန့်က  )
ကုလားထိုင်ပါတဲ့ ဂရိအရုပ်တစ်ခု ( ဘီစီ ၄၃၀ ခန့်က )
  •                      သူ့အကျီ င်္တွေဟာ ကွက်တိတိုင်းပြီးချုပ်ထားလို့ သူနဲ့ ကွက်စတိပါဘဲတဲ့ ။ အဲဒီအ၀တ်အစားတွေရဲ့ မူရင်းပုံစံဟာ ရှေးအာရှတိုက်သားတွေ ၀တ်တဲ့ တိရစ္ဆာန်သားရေနဲ့ချုပ်ထားတဲ့ အ၀တ်တွေက ဆင်းသက်လာမှန်း သူသိချင်မှလည်း သိမယ် ။ အဲဒီ အ၀တ်အစားတွေမှာ တပ်ထားတဲ့ ကြယ်သီးတွေရဲ့ ပုံစံဟာ ၁၃ ရာစုမှာ ဂျာမနီမှာ စသုံးခဲ့တယ်ဆိုတာလည်း သူသိချင်မှ သိမှာပေါ့ ။( မတိတော့ ဘာဖစ်တုန်းကွာ )

  •                       ဒီလိုနဲ့ သူဟာ သားရေနဲ့လုပ်ထားတဲ့ ဖိနပ်ကို စီးတယ် ။ တိရစ္ဆာန်သားရေနဲ့  အသုံးအဆောင်တွေလုပ်နည်းကတော့ ရှေးအီဂျစ်တွေ တီထွင်ခဲ့ပြီး ဖိနပ်ရဲ့ ပုံစံကို ခြေရာခံရရင်တော့ ဂရိလူမျိုးတွေ ထွင်ခဲ့တဲ့ ဒီဇိုင်းပါတဲ့ ။ ဖိနပ်တွေ ပြောင်လက်နေရဲ့လားလို့ စစ်ဆေးတတ်ပေမယ့် အဲလိုလုပ်တာဟာ ဂရိလူမျိုးတွေက စတယ်ဆိုတာ သူမသိပြန် ။

  •                      သူဟာ နက်ခ်တိုင် ( necktie )  ကို ကျွမ်းကျင်စွာ တပ်လိုက်တယ် ။ နက်ခ်တိုင်ဆိုတာကတော့ ၁၇ ရာစုလောက်တုန်းက ခရုတ်ထ် Croats လူမျိုး ( ခရိုးအေးရှား ၊ ဘော့စ်နီးယားဘက်မှ ဒေသခံများ ) တွေရဲ့ ၀တ်စားပုံဓလေ့က အကြွင်းအကျန်ပါ ။
 Croat လူမျိုး စစ်သားတစ်ဦး
Croat လူမျိုး စစ်သားတစ်ဦး
  •                     မှန်ထဲမှာ ကိုယ့်ကိုယ့်ကို အားရကျေနပ်စွာကြည့်လိုက်တဲ့ သူဟာ မှန်ရဲ့ မူလအစဖြစ်တဲ့ ပြောင်နေအောင် တိုက်ထားတဲ့ ကျောက်တုန်းကို Anatolia အရပ်ဒေသ ( လက်ရှိ တူရကီ ) မှာ သုံးခဲ့ကြောင်းနဲ့ လက်ရှိပုံစံ မှန်ကို ရအောင် တီထွင်ခဲ့တဲ့ ၁၉ ရာစု ဂျာမန်ပညာရှင် Justus von Liebig တို့အကြောင်း သိဖို့ လိုတယ်လို့ စာဖတ်သူ ထင်ပါသလား ။ ( ငါလည်း မသိဘူး )

လက်နက်အဖြစ်ရော ရှေးဦး မှန်အဖြစ်ရော သုံးခဲ့တဲ့  Obsidian ကျောက်
လက်နက်အဖြစ်ရော ရှေးဦး မှန်အဖြစ်ရော သုံးခဲ့တဲ့ Obsidian ကျောက်
  •                    စတိုင်နဲ့ မလိုင်နဲ့ ၀တ်စားဆင်ယင်ပြီးသွားတဲ့ သူဟာ မနက်စာစားဖို့ အောက်ထပ်ကို ဆင်းလာခဲ့ပါတယ် ။ အဲဒီမှာလည်း ဘူမိနက်သန် အမေရိကန်မဟုတ်တဲ့ ပစ္စည်းတစ်ပုံတစ်ခေါင်းက သူ့ကို ကြိုနေပါတယ် ။ မုန့်၊ ကော်ဖီ ၊ အချိုရည်စတဲ့ စားကောင်းသောက်ဖွယ်တွေထည့်ထားတာက တရုတ်ကြွေတွေ မဟုတ်လား ။ စကားမစပ် China ဆိုတာ တရုပ်ပြည်တင်မကဘဲ ကြွေထည်ပစ္စည်းတွေကိုလည်း ခေါ်တဲ့နာမည်လေ ။ ဆိုလိုတာက ကြွေနဲ့ တရုတ် ၊ တရုတ်နဲ့ ကြွေခွဲမရလေတဲ့ သဘောပေါ့ ။ ဦးလေးကြီးဟာ ကိတ်မုန့်တစ်ပိုင်းကို ခက်ရင်းလေးနဲ့ ကော်ပြီး ဟန်ပါပါ စားလိုက်တယ် ။  စားသောက်ရာမှာ သုံးတဲ့ ခက်ရင်းကို  ၁၄ နဲ့ ၁၆ ရာစုအတွင်းမှာ  အီတလီတွေက တီထွင်ခဲ့တာလေ ။ ကြေးဇွန်းတို့ ၊ ငွေဇွန်းတို့ကိုတော့ များသောအားဖြင့် ဂရိတွေ ၊ ရောမသားတွေ သုံးခဲ့တာများသတဲ့ ။

1590 မှ-1610 အတွင်း အီတလီ သူကြွယ်တစ်ယောက်၏ ဇွန်း
1590 မှ-1610 အတွင်း အီတလီ သူကြွယ်တစ်ယောက်၏ ဇွန်း
  •                       သူမနက်တိုင်း မသောက်ရမနေနိုင်တဲ့ ကော်ဖီရဲ့ စွမ်းပကားကိုတော့ အီသီယိုးပီးယန်းလူမျိုးတွေက အရင်ဆုံး သိခဲ့တာပါ ။ ဟဲဟဲ...ညက သောက်ထားတဲ့ ယမကာလေးတွေရဲ့ အရှိန်ကို ပျောက်အောင်လုပ်ဖို့ မနက်မှာ ကော်ဖီကတော့ လိုကိုလိုတယ်လေ ။ သြော် ...ဒါနဲ့ ယမကာအရက်သေစာတွေကိုတော့ ၁၁ ရာစုလောက်မှာ ဂရိလူမျိုး alchemist တွေက အရင်သုံးခဲ့တယ်လို့ ဆိုတယ် ။ ဘိုလိုတွေပါ ရေးနေလို့ ဘူးယိုလို့ မထင်လိုက်ပါနဲ့ ။ အဲဒီစကားတွေကို အဘိဓါန်မှာ ရှာလိုက ရှာနိုင်အောင် ထည့်ရေးထားတာပါကွယ် ။ တခါတလေလည်း ဘာသာပြန်ရတာခက်လို့ပါ ။
  •                         alchemist  ဆိုတာက မသေဆေး ( elixir of life ) ကို ဖော်ဖို့ ကြိုးစားတဲ့လူတွေကို ခေါ်တာပါ ။  မြန်မာလိုဆိုရင် ဇော်ဂျီဖြစ်ဖို့ ကြိုးစားတဲ့ လူတွေလို့ ဆိုရမလား မသိဘူး ။ သူတို့ရှာတဲ့  မသေဆေးကို ဓါတ်လုံး ( Philosopher's stone ) လို့လည်း ခေါ်ကြတယ် ။ အဲဒါနဲ့ ထိလိုက်ရင် အရာရာဟာ ရွှေ သို့မဟုတ် ငွေ ဖြစ်သွားသတဲ့ ။ ( တွေ့လား.....ငါတို့ချည်း ဂလို အယူရှိတာမဟုတ်ဘူးနော် ...အဖော်ရှိတယ်  )
 အီဂျစ် နံရံဆေးရေး ပန်းချီမှ alchemist တစ်ဦး
အီဂျစ် နံရံဆေးရေး ပန်းချီမှ alchemist တစ်ဦး
  •                     ဆက်ရရင် တို့ဇာတ်လိုက်ကျော် ဦးလေးကြီးဟာ ကော်ဖီထဲကို  ( အိန္ဒိယမှာ စတင်စပျိုးခဲ့တဲ့ ) သကြားတစ်ဇွန်း ခတ်လိုက်သတဲ့ ....။ အဲဒါနဲ့ မလုံလောက်သေး ခရင်မ်လေးလည်း ထည့်ဦးမှ ဆိုပြီး အာရှမိုင်းနားဒေသ ( ယနေ့ခေတ် တူရကီပတ်ဝန်းကျင်  ) မှာ စတင် ထုတ်လုပ်သုံးစွဲခဲ့တဲ့ cream ကိုပါ ထည့်လိုက်ပါသေးတယ် ။ တခါတလေလည်း အမေရိကန်ဆန်ဆန် မနက်စာမှာ ( မြေထဲပင်လယ်ဒေသမှာ စိုက်လေ့ရှိတဲ့ လိမ္မော်ပင်တွေကလာတဲ့ )  လိမ္မော်ရည်လေးတစ်ခွက်လည်း ပါတတ်သေးတယ် ။  ဒါမှမဟုတ်လည်း ပါရှန်းဒေသထွက် သခွားမွှေး ၊ သိုမဟုတ် အာရှမိုင်းနားဒေသထွက် စပျစ်သီးနဲ့လုပ်တဲ့ စပျစ်ရည်လေးပေါ့ ။

  •                 မနက်စာမှာပါတဲ့ cereal ( ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာ ) တွေကလည်း တကယ်တော့ အမေရိကန်မှာ စိုက်ပျိုးတာနည်းပါတယ် ။ ထောပတ်များများသုတ်ထားတဲ့ ဝေဖာတွေကတော့ စကန်ဒီနေးဗီးယားကျွန်းဘက်မှာ ဘူမိနက်သန် မွေးဖွားခဲ့တာပါ  ။ အဲဒီနောက်မှာ အရှေ့တောင်အာရှဘက်က ကြက်တစ်ကောင်ကောင်ဥလိုက်တဲ့ ကြက်ဥကြော် စားပြန်တယ် ..... ။ ဒါမှမဟုတ်လည်း ဥရောပ မြောက်ပိုင်းမှာ စတီထွင်ခဲ့တဲ့ နည်းနဲ့ ကျပ်တိုက်ထားတဲ့ အသားတစ်မျိုးမျိုးတော့ ပါမှ သူက ကျေနပ်တတ်တယ်လေ  ။

  •                    စားပြီးလို့ အပြင်ထွက်မယ်ဆိုတော့ အရှေ့အာရှက ခြေသလုံးအိမ်တိုင်လျောက်သွားတတ်တဲ့ nomad  တွေ စတင်အသုံးပြုခဲ့တဲ့  ဦးထုပ်ကို ကောက်ဆောင်းလိုက်တယ် ။ တကယ်လို့ မိုးရွာမယ့် အရိပ်အယောင်မြင်ရင်တော့ ရှေးခေတ်မက္ကစီကိုလူမျိုးတွေ တွေ့ရှိခဲ့တဲ့ ရာဘာသုံး ရှူးဖိနပ်တွေကို ထုတ်စီးတတ်တယ် ။ ပြီးတော့ လိုလိုမယ်မယ် ( အိန္ဒိယမှာ စသုံးခဲ့တဲ့ ) ထီးတစ်ချောင်းလည်း ယူသွားတာပေါ့ ။

  •               ကိုယ်တော်ချောဟာ တခါတလေလည်း ရထားလွတ်သွားမှာစိုးလို့ ဘူတာရုံကို အပြေးကလေး သွားတတ်တယ် ။ ရထား = လက်ရှိပုံစံရထားကို အင်္ဂလိပ်တွေ စတင်တီထွင်ခဲ့တာလေ ။
 
  •                         ရထားဘူတာမှာ သတင်းစာဝယ်ဖို့ ခဏရပ်တယ် ။ အဲဒီမှာ ပေးလိုက်တဲ့ ပိုက်ဆံအကြွေစေ့က ခရစ်တော်မပေါ်မီ ( ၇ ) ရာစုမှာ Lydia ( ယခု တူရကီ ) မှာ စတင်သုံးခဲ့တယ် ။ ရထားပေါ်ရောက်လို့ စိတ်အေးလက်အေး သောက်တဲ့ စီးကရက်ရဲ့ မူလပေါက်ဖွားရာနေရာကတော့ မက္ကစီကို နိုင်ငံပါတဲ့ ......အဲ....တကယ်လို့သာ ဆေးပေါ့လိပ်သောက်မယ်ဆိုရင်တော့ ဘူမိနက်သန်နေရာက ဘရာဇီးလို့ ပြောရမှာပေါ့ ။
 Lydia မြို့မှာ သုံးခဲ့တဲ့ အကြွေစေ့ coins  များ
Lydia မြို့မှာ သုံးခဲ့တဲ့ အကြွေစေ့ coins များ
  •                         ရထားစီးရင်း ဖတ်လိုက်တဲ့ သတင်းစာ ( စက္ကူ ) က တရုတ်ပြည်မှာ စထွင်ခဲ့ပြီး စာလုံးတွေကတော့ ရိုမန်လက်တင်စာလုံးတွေက ဆင်းသက်လာတာပေါ့ ။ သတင်းစာမှာ ပါတတ်တဲ့ တခြားနိုင်ငံတွေက သတင်းဆိုးတွေကို ဖတ်ရင်း သူဟာ အမေရိကန်ဖြစ်ရတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်တတ်တယ် ။ သူကျေးဇူးတင်တတ်တဲ့ ယေရှုဘုရားသခင်ဟာ ဟီဘရူးလူမျိုးတစ်ယောက်လို့ များစွာသော သမိုင်းပညာရှင်တွေက ယူဆထားကြပါသတဲ့ ။
  •                       ကျေးဇူးတင်စကားကို မသိမသာ ရေရွတ်ရင်း သတိမထားမိလိုက်တာက သူပြောတဲ့ အင်္ဂလိပ်စကားဟာ အင်ဒိုဥရောပဘာသာတွေ Indo-European languages  ထဲမှာ ပါတယ်ဆိုတာပါဘဲ ။  '' အမေရိကန်စစ်စစ် ရာနှုန်းပြည့် ဖြစ်ရတာ ဂုဏ်ယူစရာပါဘဲ  '' လို့ မကြာခဏစဉ်းစားမိတတ်တဲ့သူ သတိမထားမိလိုက်တဲ့ နောက်တစ်ချက်ကတော့ ရာနှုန်းဆိုတဲ့ အတိုင်းအတာကို တီထွင်ခဲ့သူဟာ ဂရိတွေဆိုတာပါဘဲ  ။
  •                        နောက်ဆုံးတချက်ဖြစ်တဲ့ America ဆိုတဲ့ စကားလုံးဟာ အီတလီပထ၀ီပညာရှင် Amerigo Vespucci ကို အစွဲပြုပြီး ထည့်ခဲ့တယ်ဆိုတာကတော့ အဝေးကြီးပေါ့လေ ........။
အီတလီနိုင်ငံ Florence မြို့မှ Amerigo Vespucci ရုပ်တု
အီတလီနိုင်ငံ Florence မြို့မှ Amerigo Vespucci ရုပ်တု
Amerigo Vespucci သွားခဲ့တဲ့ အမေရိကသို့ ရေလမ်းခရီး
Amerigo Vespucci သွားခဲ့တဲ့ အမေရိကသို့ ရေလမ်းခရီး
  •                      ကဲ.......ဘာယဉ်ကျေးမှု ၊ ညာယဉ်ကျေးမှုလို့ ပြောတဲ့နေရာမှာ  '' စစ်စစ် " ဆိုတာကြီးကို ထည့်ချင်သေးသလား ကိုယ့်လူ ။
  •                      အဲဒီတော့ '' ယဉ်ကျေးမှု စစ်စစ်  pure culture  ''  ဆိုတာ ကမ္ဘာပေါ်မှာ မရှိပါဘူးဆိုရင် ပြည်ပအားကိုး ပုဆိန်ရိုးလို့ ဆိုချင်မလားဟင် ။ လူ့သမိုင်းတလျှောက်မှာ အဲဒီလို culture လို့ ခေါ်တဲ့ ယဉ်ကျေးမှုတွေ ပေါင်းယှက်နေတတ်တာကို acculturation လို့ ခေါ်သတဲ့ ။ culture တိုင်းဟာ တခြား culture တွေနဲ့ ပေါင်းပြီး ဖက်စပ်ပုံစံတွေနဲ့ နောက် culture တွေအဖြစ်  ပြောင်းလဲတည်ရှိနေတတ်ကြတယ် ။
                          ဟင်....ဒီလိုဆိုရင် ငါတို့က ကိုယ့်ယဉ်ကျေးမှုကို ကိုယ်မထိန်းသိမ်းရတော့ဘူးလားကွ ။ အဲဒီလို မဟုတ်ပါဘူး ။ ကိုယ်ဟာ ဘယ်သူပါဆိုတာကို ခွဲခြားသိမြင်စေတဲ့ national identity ကိုတော့ ထိန်းသိမ်းသင့်တယ် ။  ကိုယ့်တိုင်းပြည်အပေါ်မှာ ချစ်ခင်ပေးဆပ်လိုမှု သို့မဟုတ် မျိုးချစ်စိတ်  Patriotism  ဆိုတာလည်း ရှိသင့်ပါတယ် ။ ဒါပေမယ့် ဒူးနေရာဒူး တော်နေရာတော်လည်း ရှိသင့်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့ ။
  •                           အဲဒီ Patriotism   အလွန်အကျွံ  ဖြစ်ပြီး  မျက်ကန်းမျိုးချစ်ဝါဒ  Chauvinism  ဆိုပြီး ဖြစ်မသွားဖို့လည်း လိုသေးတာပေါ့လေ .................။
( Miss International ကို ဆဲတဲ့ ကွန်းမန့်များကို ကြည့်ရင်း သတိရသွားလို့ ရေးမိတာဖြစ်သည် ။ ဆိုင်ချင်ဆိုင် မဆိုင်ချင် နေပါစေလေ  )
Ref: http://en.wikipedia.org/wiki/Acculturation
 http://www.vagablogging.net/one-hundred-percent-american-by-ralph-linton.html  နှင့် ဒီစာမှာပါတဲ့ အင်္ဂလိပ်စာလုံးများကို ဂူဂယ်မှာ ရိုက်ထည့်ကြည့်ရင် တခြားဆိုင်ရာ Link များးပေါ်လာမည် ။

Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်