ချစ်စရာ မုန်းစရာ အေဗီတာ ( အပိုင်း ၂ ) By Spring Flowers

May 23, 2012 at 1:47pm

  •                ပေရွန်းဟာ ဖက်ဆစ်ဝါဒရဲ့ အခြေခံတစ်ခုဖြစ်တဲ့ ပြန်မေးခွန်းထုတ်ခြင်းကို ခွင့်မပြုတဲ့ သင်ကြားရေး indoctrination ကို လုံးဝကျင့်သုံးခဲ့တယ်။ ဒါကြောင့် ကျောင်းတွေ တက္ကသိုလ်တွေမှာ ပေရွန်းဝါဒ Peronism ကို မသင်မနေရ ။ ပေရွန်းနဲ့ အေဗီတာကို ကိုးကွယ်ယုံကြည်လာအောင် ၀ါဒဖြန့်တာတွေ နင်းကန်လုပ်ခဲ့တယ်။ မီဒီယာတွေအားလုံး သူ့လက်ထဲမှာ ထားပြီး မထင်ရင်မထင်သလို ပိတ်တာ ၊ ဒုက္ခပေးတာမျိုး လုပ်တတ်တယ်။ သူ့အကြောင်းမကောင်းရေးမိတဲ့ La Prensa ဆိုတဲ့ အာဂျင်တီးနားရဲ့ စောင်ရေအများဆုံး သတင်းစာကြီးကို ပိတ်ထည့်လိုက်တာသာကြည့်တော့ ။ သတင်းစာသမားတွေ ဂျာနယ်လစ်တွေ ထောင်ထဲရောက်လိုရောက်။ အေဗီတာနဲ့ မတည့်ခဲ့တဲ့ ရုပ်ရှင်လောကသားတွေလည်း အေဗီတာ သမ္မတကတော်ဖြစ်ချိန်မှာ ထွက်ပြေးတဲ့သူပြေး၊ အပိတ်ခံရတဲ့သူ ခံရဖြစ်ကုန်တယ်။

ကျောင်းတွေမှာဝါဒဖြန့်စဉ်
  • ကလေးစာအုပ်တွေမှာ သူတို့ကိုယ်သူတို့ ဖေဖေ၊ မေမေလို့ တင်စားပြီး ပေါ်တင်ကြီးဝါဒဖြန့်ပုံ။
    ကလေးစာအုပ်တွေမှာ သူတို့ကိုယ်သူတို့ ဖေဖေ၊ မေမေလို့ တင်စားပြီး ပေါ်တင်ကြီးဝါဒဖြန့်ပုံ။

        
ကျောင်းဝင်ခွင့်လျှောက်လွှာတံဆိပ်ခေါင်း
ကျောင်းဝင်ခွင့်လျှောက်လွှာတံဆိပ်ခေါင်း


  •                     သမ္မတကတော်ဖြစ်ပြီးမကြာခင် အေဗီတာဟာ ဥရောပတိုင်းပြည်တွေကို လည်ပတ်ဖို့ အခွင့်အလမ်းပေါ်လာတယ်။ အကြောင်းကတော့ စပိန်က ဖရန်စစ်စကို ဖရန်ကို Francisco Franco က ဖိတ်လို့ပါ။ Francisco Franco ဆိုတာကတော့ စပိန်နိုင်ငံကို ၁၉၃၉ ကနေ သူသေတဲ့ ၁၉၇၅ ထိ အုပ်ချုပ်သွားတဲ့ အာဏာရှင်ပါ ။  အခု ဥရောပ ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တဲ့ စပိန်ဆိုတာ သူသေတော့မှ ဒီမိုကရေစီနိုင်ငံဖြစ်ရရှာတာ ။ သူသေမှ ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်တာ ။ ပေရွန်းဟာ အာဏာရှင် ဖရန်ကိုနဲ့လည်း ပလဲနံပသင့်တဲ့သူ တစ်ယောက် ။ ဖရန်ကို, ကို တခြားနိုင်ငံတွေ ကျဉ်ပေမယ့် ပေရွန်းက အသည်းအသန် ဆန့်ကျင်တဲ့ထဲမှာ မပါခဲ့။ ဒါပေမယ့် လူတိုင်း ချဉ်ဖတ်ဖြစ်နေတဲ့ ဖရန်ကို ဖိတ်ကြားတာကို လက်ခံလိုက်ရင် သူပါ နာမည်ပျက်မှာစိုးလို့ အစက လက်မခံချင် ။ ဒီတော့ အေဗီတာက ရှင်မသွားရင် ကျမသွားမယ် ဆိုပြီး တစ်ယောက်တည်း ပေါက်ချသွားတယ်။ ဒါပေမယ့် သူများ ဝေဖန်မှာကို ကာကွယ်တဲ့ အနေနဲ့ အဲဒီခရီးကို နိုင်ငံရေးခရီး မဟုတ်ဘဲ ချစ်ကြည်ရေးခရီး Goodwill Tour လို့ နာမည်တပ်တယ်။ စပိန်တစ်နိုင်ငံတည်း သွားရင် မကောင်းလို့ ဆိုပြီး တခြားဥရောပနိုင်ငံတွေကိုပါ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
 Francisco Franco တို့က အေဗီတာကို ကြိုဆိုစဉ်
Francisco Franco တို့က အေဗီတာကို ကြိုဆိုစဉ်
  •            အသက် ၂၇ နှစ်အရွယ် သမ္မတော်ကတော် ချောချောလှလှလေးလာတော့  ဖရန်ကိုနဲ့ သူ့မိန်းမကိုယ်တိုင် လေယာဉ်ကွင်းမှာ သံတမန်တွေ၊ ဌာနဆိုင်ရာက အကြီးအကဲတွေများစွာနဲ့ စောင့်ကြိုနေကြတယ်။ ဟိုဟိုဒီဒီ လျှောက်လည်စဉ်မှာ စပိန်သူ စပိန်သားတွေက လမ်းမှာထွက်ပြီး သောင်းသောင်းဖျဖျ ကြိုဆိုတဲ့ မြင်ကွင်းဟာ အေဗီတာအတွက်တော့ ပီတိတွေ ဖြာစရာ။ သူကလည်း အားကျမခံ လမ်းမှာတွေ့တဲ့ စပိန်ဆင်းရဲသားကလေးတွေကို စပိန်ပိုက်ဆံတွေ ထုတ်ပေးပြီး ကြင်နာတတ်ကြောင်း ပြခဲ့တယ်။ သူ့အတွက် လုပ်ပေးတဲ့ ဂုဏ်ပြုပွဲတွေမှန်သမျှမှာ တည်တည်ငြိမ်ငြိမ်နဲ့ အထက်တန်းကျကျ တက်ရောက်ခဲ့တယ်။ သူ့ဘ၀တစ်လျှောက်လုံး နန်းတော်ထဲမှာ ကြီးပြင်းလာရတဲ့ မင်းသမီးတစ်ပါးပမာ ယဉ်ယဉ်ကျေးကျေး အေးဆေး။
              ဖရန်ကိုက အေဗီတာ မပြန်ခင် Royal Order of Isabella the Catholic ဆိုတဲ့ ချစ်ကြည်ရေးဂုဏ်ထူးဆောင်ဘွဲ့ကို ပေးခဲ့တယ်။



စပိန်နိုင်ငံမြို့တော် Madrid မှာ အေဗီတာက လူထုကို စကားပြောစဉ် ( ဘေးက ဂျပုကလေးက Francisco Francoနဲ့ သူ့ရဲ့အမျိုးသမီး )
စပိန်နိုင်ငံမြို့တော် Madrid မှာ အေဗီတာက လူထုကို စကားပြောစဉ် ( ဘေးက ဂျပုကလေးက Francisco Francoနဲ့ သူ့ရဲ့အမျိုးသမီး )


  •                  ဒီလိုနဲ့  ၂ ပတ်ကြာအောင် စပိန်မှာ ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ စည်စည်ကားကား လည်ပတ်ပြီးသကာလ အီတလီကို ခရီးဆက်ပါတယ်။ အီတလီနိုင်ငံရောမမြို့က ပုပ်ရဟန်းမင်းကြီး ရုံးစိုက်ရာ ဗာတီကန် မြို့ Vatican City ဆိုတာ ကက်သလစ် ဘာသာဝင်တိုင်းအဖို့ အထွတ်အမြတ်ထား သွားရမယ့် နေရာမဟုတ်လား။ သူမပြန်ခင် ပုပ်ရဟန်းမင်းကြီးက ဂုဏ်ထူးဆောင်ဘွဲ့တစ်ခုခု ချီးမြှင့်မယ်လို့လည်း အေဗီတာက မျှော်လင့်တယ်လို့ ဆိုတယ်။ ဒါပေမယ့် တကယ်တမ်းရောက်သွားတော့ ဗာတီကန်စီတီက ကြိုတော့ကြိုဆိုပါရဲ့ ။ စပိန်လို သောင်းသောင်းဖျဖျ မရှိခဲ့ ။
ရောမမြို့ Vatican City ရောက် အေဗီတာ
ရောမမြို့ Vatican City ရောက် အေဗီတာ
  •                 ပုပ်ရဟန်းမင်း Pius XII နဲ့ မိနစ် ၂၀ လောက်ဘဲ တွေ့ခွင့်ရခဲ့ပြီး အေဗီတာ မျှော်လင့်သလို ဘာဘွဲ့မှလည်း ရမလာ ။ ထိုအချိန်ကာလက ပုပ်ရဟန်းမင်း Pius XII ဟာ ကက်သလစ်ဝါဒကို အရမ်းလေးစားလိုက်နာသူ၊ ကာကွယ်သူလို့ နာမည်ကြီးသူ ။ ဒီတော့ အာဏာရှင်တစ်ပိုင်းဖြစ်တဲ့ ပေရွန်ရဲ့ ဇနီး အေဗီတာက စပိန်အာဏာရှင် ဖရန်ကိုဆီလာတဲ့ ခရီးမှာ ဂုဏ်ထူးဆောင်ဘွဲ့ကို ပေးဖို့ မဖြစ်နိုင်လို့ ဆိုတယ်။ ဒီလိုနဲ့ အေဗီတာတစ်ယောက် လူချောက်တိချောက်တဲ့နဲ့ အီတလီခရီးအပြီးမှာ ပြင်သစ်နဲ့ ဆွစ်ဇာလန်ကို ဆက်သွားပါတယ်။ ဘယ်လိုမှ စပိန်ရဲ့ သောင်းသောင်းဖျဖျ ကြိုဆိုမှုမျိုးကို မမှီ။ ဆွစ်ဇာလန်မှာ သူ့ကားနားကို လူတွေ တိုးဝှေ့ရောက်လာပြီး တစ်ယောက်က ခဲနဲ့ ပေါက်ထည့်လိုက်တာ သူဒဏ်ရာမရလိုက်ပေမယ့် ကားမှန်တခါးတွေ ကျိုးပဲ့ကုန်တယ်။ နောက်တစ်ခါကျပြန်တော့ အခမ်းအနားတစ်ခုမှာ ဘယ်က ပေါက်ထည့်လိုက်မှန်းမသိတဲ့ ခရမ်းချဉ်သီးတွေကြောင့် သူ့ အင်္ကျီတွေ ပေကျံကုန်တယ် ။ သူနဲ့ အတူထိုင်နေတဲ့ နိုင်ငံခြားရေး ၀န်ကြီးလည်း ခရမ်းချဉ်သီးမှန်သွား .....။

                         အရေးထဲမှာ မီဒီယာကလည်း တစ်မှောင့်။  သူသွားသမျနေရာမှာ မျက်စိဒေါက်ထောက်ကြည့်နေတဲ့ ဥရောပမီဒီယာသည် အာဂျင်တီးနားက အေဗီတာတို့ လိုသလို ထိန်းချုပ်ထားတဲ့ မီဒီယာမဟုတ် ။

  •                သူအရှက်လုံးလုံးကွဲလိုက်ရတာကတော့ သူ့ခရီးစဉ်အတွင်းမှာဘဲ Time Magazine က အာဂျင်တီးနား First Lady ဟာ တစ်ချိန်က တရားမ၀င် သမီးဖြစ်ခဲ့ကြောင်း ရေးထည့်လိုက်လို့ပါ ။ ပေရွန်းဟာ ဒေါသပုန်ထပြီး အာဂျင်တီးနားမှာ တိုင်းမဂဇင်း ရောင်းချမှုကို ၄ လ ပိတ်လိုက်ပါတယ်။ အရှိုက်ကို မှန်သွားတဲ့ နောက်တစ်ချက်ကတော့ အင်္ဂလန်နန်းတော်က တော်ဝင်မိသားစုက အေဗီတာကို တွေ့ဖို့ ငြင်းလိုက်သတဲ့ ။ ဒီတော့ အေဗီတာဟာ သူ့ရဲ့ သုံးလမှန်းထားတဲ့ ခရီးစဉ်ကို အဲဒီမှာတင် ဖြတ်ချပြီး ပင်ပန်းတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဂျင်တီးနား ဌာနေကို ပြန်ခဲ့တော့တယ်။ ဝေဖန်သူတွေက အေဗီတာ ဥရောပသွားတာ ဟန်ပြသက်သက် ၊ တကယ်က ဆွစ်ဇာလန်ဘဏ်မှာ ဘဏ်စာရင်း သွားဖွင့်တာသာ ဖြစ်တယ်လို့ ဆိုတယ်။ တစ်ချို့ကလည်း ဆွစ်ဇာလန်မှာ ငွေစာရင်းဖွင့်ဖို့ ဒီလောက် ပေါ်ပေါ်ထင်ထင်သွားစရာမလိုဘဲ လုပ်လို့ရတဲ့နည်းတွေ အများကြီးမို့လို့ ဒီစွပ်စွဲချက်ကို မဖြစ်နိုင်ဘူးလို့ ဆိုကြပြန်တယ်။

  •                အာဂျင်တိုင်း ပြည်သူတွေကတော့ သူတို့ရဲ့ First Lady ပြန်အလာကို ကြက်ပျံမကျ ကြိုကြပါတယ်။ လူအုပ်ကြီး ဆိပ်ကမ်းမှာ သူ့ကို စောင့်နေတာကို သင်္ဘောကြီးပေါ်ကနေ ကြည့်ရင်း အေဗီတာတစ်ယောက် အရှက်ကွဲခဲ့တဲ့ ဥရောပခရီးကို မေ့သွားမတတ် ။ အာဂျင်တိုင်း အခြေခံလူတန်းစားသည်သာ သူ့ကို အထင်ကြီးချစ်ခင်တယ်ဆိုတာကိုလည်း ပိုနားလည်ရပြန်တယ်။
ပြည်တော်ပြန်အေဗီတာ
ပြည်တော်ပြန်အေဗီတာ
  •                  ဥရောပခရီးက ပြန်လာပြီးတဲ့နောက် အေဗီတာ ပုံစံပြောင်းသွားခဲ့တယ်။ အရင်တုန်းကဆို ရုပ်ရှင်မင်းသမီး ဖြစ်ခဲ့သူပီပီ ရွှေရောင်ဆံပင်ကို အမျိုးမျိုးပြင်ပြီး ဦးထုပ်ကလည်း တစ်ခါတစ်မျိုး မရိုးရ ။ အ၀တ်အစားကလည်း အာဂျင်တိုင်း ဒီဇိုင်နာတွေရဲ့ လက်ချက်နဲ့ ကိုယ်လုံးပေါ် ကျပ်ထုပ်စည်း အရောင်မျိုးစုံ ။ ဒါပေမယ့် ဥရောပက ပြန်လာကတည်းက အေဗီတာက ဆံပင်ကို နောက်ကို ပြောင်နေအောင်ဆွဲတင် စည်းထုံးပြီး ရိုးရိုးရှင်းရှင်း ပြင်သစ်ဒီဇိုင်းတွေနဲ့ ပြင်သစ်က ကာတီးယားရတနာတွေကို အသည်းစွဲ ၀တ်လာတယ်။ တိုတိုပြောရရင်တော့ ပိုပြီး လေဒီဆန်သွားတယ် ဆိုပါတော့ ။ သူ့ရဲ့ ဈေးကြီးတဲ့အ၀တ်အစား၊ ရတနာတွေနဲ့ပတ်သက်ပြီးဝေဖန်တာတွေကိုတော့ သူဟာ ဆင်းရဲတဲ့ လူတန်းစားအတွက် နမူနာဖြစ်အောင် နေပြတာ ၊ သူ့ကို ကြည့်ပြီး ဆင်းရဲသားတွေဟာ တစ်နေ့ ငါတို့လည်း ဒီလို ဖြစ်လာနိုင်တယ်ဆိုတာ သိစေချင်တာကြောင့်ပါ လို ဆိုတယ်။ ( ဖိလစ်ပိုင်က အီမဲဒါး မားကို့စ်တုန်းကလည်း အဲဒီလို ဆိုသလား လို့..... )

  •                အေဗီတာနဲ့ အီမဲဒါး Imelda Marcos တစ်ခေတ်တည်းမဟုတ် ။ အီမဲဒါးက အေဗီတာသေပြီးလို့ ဆယ်နှစ်ကျော်ကြာမှ သမ္မတကတော် ဖြစ်ပြီး အခု ၂၀၁၂ ထိ အရှင်လတ်လတ်ရှိတုန်း (မသိသူများ မခို့တရို့အာဏာရှင်ကို ဖတ်ပါရန် ) ။ အီမဲဒါးဟာ ၁၉၇၈ မှာ အရမ်းအောင်မြင်ခဲ့တဲ့ Don't cry for me, Argentina  ဆိုတဲ့ အေဗီတာအကြောင်းရိုက်ထားတဲ့ တေးသရုပ်ဖော် ရုပ်ရှင်ကို ဖိလစ်ပိုင်မှာ ဖြန့်ဖို့ ပိတ်ခဲ့တယ်။ အဲဒီအချိန်မှာ အေဗီတာကဖြင့် သေလို့( မြှုပ်ခဲ့ရင်) အရိုးတောင် ဆွေးလောက်ပြီဟာကို သူက အိုးမလုံ အုံပွင့်ပြီး အာဏာရှင်ပေရွန်းရဲ့ မိန်းမနဲ့ သူ့ကို နှိုင်းကြတာ မခံမရပ်နိုင်ဖြစ်လို့ ဆိုဘဲ ။ ဟုတ်ပါတယ်။ သူတို့ နှစ်ယောက်ကို တူညီတာတွေရှိလို့ နှိုင်းခဲ့ကြတာရှိပေမယ့် အနှီ အီမဲဒါးသည်ကား မကောင်းသတင်းနဲ့ တစ်သက်လုံး နာမည်ကြီးခဲ့သူ ။ သူကောင်းဖို့ဆို ဘနဖူး သိုက်တူးမယ့်သူ ။သူသေရင်လည်း ဟုတ်တိပတ်တိလွမ်းလောက်စရာ ဘာမှမရှိ ။ အေဗီတာကတော့ နာမည်ပျက်တွေထဲကမှ လူသန်းပေါင်းများစွာ ချစ်ခင်မှုကို ရအောင် လုပ်သွားနိုင်သူ၊ အာဏာရှင်မိန်းမပီပီ မကောင်းတာတွေကို လုပ်ခဲ့ပြီး ကောင်းတာတွေကိုလည်း စေတနာရှိရှိနဲ့ လုပ်သွားခဲ့သူ.............။
Imelda Marcos နဲ့  Evita Peron
Imelda Marcos နဲ့ Evita Peron
  •                  အေဗီတာရဲ့သမ္မတကတော် ဘ၀မှာ ကောင်းတာတွေလုပ်ခဲ့တာကို ပြပါဆိုရင် သူ့တည်ထောင်ခဲ့တဲ့ အေဗာပေရွန်း ဖောင်ဒေးရှင်း Eva Peron Foundation ဆိုတဲ့ လူမှုရေးလုပ်ငန်းကြီးပါဘဲ ။ အဲဒီလုပ်ငန်းကြီးကို သူဦးစီးဖြစ်သွားပုံကလည်း သိပ်တော့အေးအေးဆေးဆေး မဟုတ်လှ ။ အေဗီတာ ရောက်မလာခင်က အဲဒီလုပ်ငန်းဟာ Society of Beneficence ဆိုတဲ့ နာမည်နဲ့ အာဂျင်တိုင်းသူဌေးမကြီး ၈၇ ယောက်က ချုပ်ကိုင်ခဲ့တဲ့ မိဘမဲ့ကလေးတွေနဲ့ အိုးမဲ့အိမ်မဲ့ အမျိုးသမီးတွေကို စောင့်ရှောက်ရေးလုပ်ငန်းပါ။ အစိုးရရန်ပုံငွေရယ် သူဌးတွေရဲ့ အလှူငွေရယ်နဲ့ လည်ပတ်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲဒီက ကလေးတွေကို ကတုန်းရိတ်ပေးထားတာ၊ ဂေဟာကမှန်းသိအောင် ယူနီဖောင်းဆင်တူဝတ်ခိုင်းတာ၊ ပွဲတွေမှာ ခွက်ကလေးတွေကိုယ်စီနဲ့ အလှူခံခိုင်းတာကို အေဗီတာက နှိမ်ပြီးဆက်ဆံတယ်လို့ မြင်တယ်။
သူဌေးတွေဟာ ဆင်းရဲ့သားတွေနဲ့ ပတ်သက်ရင် ခပ်ညံ့ညံ့ အတွေးအခေါ်ဘဲ ရှိတယ် When the rich think about the poor, they have poor ideas    လို့ သူကဆိုတယ်။
                   အဲဒီ အဖွဲ့ရဲ့ ထုံးစံက သမ္မတကတော်ကို ဂုဏ်ထူးဆောင် ဥက္ကဌဆိုပြီး ခန့်လေ့ရှိသတဲ့ ။ ဒါပေမယ့် အေဗီတာလို ပညာမတတ်တဲ့ ရုပ်ရှင်မင်းသမီးဟောင်းကို ဘွားတော်ကြီးတွေက ဥက္ကဌမခန့်ချင်ကြ ။ မိဘမဲ့ကလေးတွေအတွက် အေဗီတာဟာ နမူနာဆိုးဖြစ်သွားနိုင်တယ်လို့ ဆိုတယ်။ ဒါကြောင့်အေဗီတာလေး ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥက္ကဌနေရာကို ပေးဖို့ ငြင်းလိုက်ကြပါတယ်။  ။ အဲဒီမှာတင် အေဗီတာလည်း ဒေါကီးပြီး အသင်းကို လှူနေကျ အစိုးရထောက်ပံငွေကို ဖြတ်လိုက်တယ်။ ပြီးတော့ အဲဒီငွေနဲ့ အေဗာ ပေရွန်းဖောင်ဒေးရှင်း ဆိုတာကို ၁၉၄၈ မှာ ထောင်ပြီး ကိုယ်တိုင်ဝင်ကြဲပါတော့တယ်။
ဖောင်ဒေးရှင်းရုံးခန်းမှာ ပြည်သူတွေနဲ့...။
ဖောင်ဒေးရှင်းရုံးခန်းမှာ ပြည်သူတွေနဲ့...။
  •               သူဇွဲနပဲနဲ့ လုပ်ခဲ့တဲ့ အလှူကြောင့် ဆင်းရဲသားမိသားစုဘ၀များစွာဟာ လူလိုသူလို အဆင့်အတန်းမှီလာခဲ့တယ် ။ ဝေဖန်သူတွေကတော့ စာရင်းမရှိအင်းမရှိနဲ့ ထင်တိုင်းကြဲနေတယ်။ ဖောင်ဒေးရှင်းကို အကြောင်းပြပြီး အစိုးရပိုက်ဆံတွေကို တဖက်လှည့်နဲ့ ဆွစ်ဇာလန်က ပေရွန်းရဲ့ ဘဏ်စာရင်းထဲ ရောက်အောင်လုပ်နေတယ်လို့ စွပ်စွဲကြတယ်။ ထောက်ခံသူတွေကတော့ ဘဏ္ဍာရေးဝန်ကြီးဆီမှာ စာရင်းရှိတယ်လို့ ၀ိုးတိုးဝါးတား ဆိုပြန်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီ ဖောင်ဒေးရှင်းဟာ အေဗီတာရဲ့ ဘ၀နောက်ဆုံးနှစ်များမှာ အရမ်းကို အရေးပါတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။ ဘယ်သူတွေက ဘယ်လို ဝေဖန်ပါစေ ၊ သူဟာ ဆင်းရဲသားတွေကို အားသွန်ခွန်စိုက် ကူညီပေးခဲ့တာကတော့ အမှန် ။

  •                အေဗာပေရွန်း ဖောင်ဒေးရှင်းကြောင့် အာဂျင်တီးနားရဲ့ ဆိုဝါးနိမ့်ကျလှတဲ့ အခြေခံလူနေမှုအဆင့်အတန်းဟာ အတော်အတန်မြင့်လာခဲ့တယ်။ အေဗီတာဟာ မိုးလင်းက မိုးချုပ် ဖောင်ဒေးရှင်းရုံးခန်းမှာ အချိန်ကုန်ခဲ့ပြီး လာသမျဆင်းရဲသားတွေရဲ့ ဒုက္ခကို မငြီးမငြူ နားထောင်ဖြေရှင်းပေးခဲ့တယ်။ ကိုယ်ပိုင်လုံးချင်းအိမ်နဲ့ နေဖို့ဆိုတာ အိမ်မက်တောင် မမက်ဖူးတဲ့ ဆင်းရဲသားတွေအတွက် Buonos Aires  မြို့ တော်ရဲ့ ၁၃ မိုင်အကွာမှာ အေဗီတာမြို့ Evita City ဆိုတာကို ဆောက်ခိုင်းပြီး မိသားတစ်စု၊ လုံးချင်းအိမ်တစ်လုံးပေးခဲ့တယ်။  Evita City ဟာ ယနေ့အထိရှိပြီး လက်ရှိမှာ လူ ခုနစ်သောင်းလောက်နေပါတယ်။ အေဗီတာကို ဂုဏ်ပြုသောအားဖြင့်  အာဂျင်တီးနားရဲ့ သမိုင်းဝင် အမျိုးသား အဆောက်အဦး National Historic Monument of Argentina လို့ သတ်မှတ်ထားတယ်။
  •  အေဗီတာရဲ့ မျက်နှာ ဘေးတိုက်ပုံဆောက်ထားတဲ့ မြို့ Evita City။ ကူညီတာလည်း ကူညီ၊ ကိုးကွယ်မှုတစ်ခုကို ဖန်တီးနေတယ်ဆိုတာလည်း ဒါကို ကြည့်ရင် သိသာပါတယ်။
    အေဗီတာရဲ့ မျက်နှာ ဘေးတိုက်ပုံဆောက်ထားတဲ့ မြို့ Evita City။ ကူညီတာလည်း ကူညီ၊ ကိုးကွယ်မှုတစ်ခုကို ဖန်တီးနေတယ်ဆိုတာလည်း ဒါကို ကြည့်ရင် သိသာပါတယ်။
  •               အေဗာပေရွန်း ဖောင်ဒေးရှင်းဟာ အလှူငွေကို အစိုးရဆီက ရက်ရက်ရောရော ရသလို အပြင်ကလည်း အာဏာသုံးပြီး ပြောင်ပြောင်ဘဲ ရှာပါတယ်။ ပုဂလိကလုပ်ငန်းကြီးတွေကနေ အလှူငွေကောက်လို့ မပေးတဲ့သူဆိုရင် စာရင်းစစ်တွေလွှတ်၊ အပြစ်အမျိုးမျိုးရှာပြီး စက်ရုံတွေ ၊လုပ်ငန်းတွေ ပိတ်လိုက်ရတဲ့အထိ ဒုက္ခရောက်နိုင်သတဲ့ ။ ထီလက်မှတ်တွေ ရုပ်ရှင်လက်မှတ်တွေ ၊ မြင်းပွဲတွေ၊ ကာစီနိုတွေအပေါ်မှာ ပိုကောက်ထားတဲ့ အခွန်တွေဆီကလည်း ရတယ်။ ဥပမာပြောရရင် သကြားလုံးစက်ရုံတစ်ရုံဟာ အေဗာ ပေရွန်းဖောင်ဒေးရှင်းက ကလေးတွေအတွက်ဆိုပြီး သကြားလုံးအလှူခံတာ ( အလကားတောင်းတာ ) ကို မပေးလို့ ပိတ်လိုက်ရတယ်။  Bemberg လို့ ခေါ်တဲ့ နာမည်ကြီး ဂျာမန် အ၀တ်အထည်လုပ်ငန်းတစ်ခု အခွန်ရှောင်တာကို အစိုးရက ဒဏ်ငွေဆိုပြီး အာဂျင်တိုင်း ပီဆိုငွေ ၉၇  သန်းရိုက်ပါတယ်။ ဒါတွေလည်း အေဗီတာရဲ့ ဖောင်ဒေးရှင်းထဲ ရောက်သွားတာပါဘဲ ။ ငတက်ပြားဆန်ဆန် သူဌေးတွေဆီက ယူပြီး ဆင်းရဲသားတွေကို ပေးတယ်လို့ ဘဲ ဆိုရမလား ။ အေဗီတာလက်ထက်မှာ အရင်က ကျယ်ချင်တိုင်းကျယ်ခဲ့တဲ့ ခရိုနီတွေဟာ အတော်လေး သတိထားနေရတယ်။ အေဗီတာကိုလည်း မုန်းသထက် မုန်းလာကြတယ်။
                  အဲလိုနဲ့ သိပ်မကြာခင်မှာဘဲ ဖောင်ဒေးရှင်း ရန်ပုံငွေဟာ အာဂျင်တိုင်း ပီဆိုငွေ သန်း သုံးထောင်ကျော်ရှိလာခဲ့တယ်။ အဲဒီ ခေတ်က ပေါက်ဈေးနဲ့ဆို ဒေါ်လာ သန်း ၂၀၀ လောက်ရှိတယ်။ ဒါဟာ အဲဒီခေတ်ကာလ ငွေကြေးတန်ဖိုးနဲ့ဆို နည်းနည်းနောနောငွေ မဟုတ် ။ ဖောင်ဒေးရှင်းမှာ လုပ်ဖို့ဆိုပြီး ၀န်ထမ်း ၁၄၀၀၀ ကျော်ခန့်ထားပြီး အဲဒီထဲက ၆၀၀၀ က ဆောက်လုပ်ရေးလုပ်သားတွေ ဖြစ်တယ်။ ဘုန်းကြီးလည်း ၂၆ ပါး ပါတယ်။ နှစ်စဉ် အပ်ချုပ်စက် အလုံး ငါးသိန်း ၊ ဖိနပ်အရံပေါင်း လေးသိန်း ၊ ထမင်းဟင်းချက်တဲ့ အိုးခွက် နှစ်သိန်း ဝေပေးခဲ့တယ်။ ပညာသင်ဆုတွေ ပေး၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ အိမ်တွေ၊ မိဘမဲ့ဂေဟာတွေဆောက် ပေးခဲ့တယ်။ ဒါတွေအားလုံး အေဗီတာလက်အောက်မှာ ။
 Eva Peron Foundation မှ လှူသောစာအုပ်များ
Eva Peron Foundation မှ လှူသောစာအုပ်များ
Eva Peron Foundation မိဘမဲ့ဂေဟာတစ်ခုမှ ကလေးအိပ်ယာများ
Eva Peron Foundation မိဘမဲ့ဂေဟာတစ်ခုမှ ကလေးအိပ်ယာများ
  •               အေဗီတာ ဒီလို စွမ်းစွမ်းတမံလုပ်ပေးနေတာတွေကို မြင်တော့ ဒါမျိုးဂရုစိုက်တာကို တခါမှ မခံစားဖူးတဲ့ဆင်းရဲသားတွေဟာ သူ့ကို သူတော်စင် Saint တစ်ပါးလို့တောင် ထင်လာကြသတဲ့။ အေဗီတာဟာ သူများနဲ့ လွှဲထားရင်လည်း ဖြစ်ပေမယ့် တစ်နေ့ကို နာရီပေါင်းများစွာ ဖောင်ဒေးရှင်လုပ်ငန်းကို ပါဝင်လုပ်ကိုင်ခဲ့တယ်။ ရောက်လာသမျဆင်းရဲသားတွေရဲ့ အခက်အခဲကို စိတ်ရှည်ရှည်နားထောင်ပေးတယ်။ နေမကောင်းတဲ့လူတွေ၊ ကူးစက်ရောဂါဖြစ်နေတဲ့ လူတွေ၊ ဒဏ်ရာက ပြည်တယိုယိုနဲ့ လူတွေကိုတောင် မရွံ့မရှာ အနားကပ်ခံတယ်။ ဆင်းရဲသားတွေက ကျေးဇူးတင်လို့ နမ်းချင်တယ်ဆိုရင်လည်း အနမ်းခံတယ်။ သူကလည်း ပြန်နမ်းသတဲ့ ။ ကက်သလစ်ဘာသာကိုးကွယ်သူ အာဂျင်တိုင်းဆင်းရဲသားတွေအဖို့တော့ အေဗီတာဟာ ကျမ်းစာလာ သူတော်စင်တစ်ပါးရဲ့ စရိုက်လက္ခဏာတွေ ရှိတယ်လို့ကို ယုံလာကြတဲ့အထိ အေဗီတာကို ချစ်ခင်လာကြတယ်။ အေဗီတာဟာ ဆင်းရဲသားတွေနဲ့ ထိတွေ့လေ သူတို့ ဒုက္ခကို နားလည်လေ ....နားလည်လေ ဆင်းရဲနေရခြင်းဆိုတဲ့အပေါ်မှာ ဒေါသဖြစ်လေ ။ ဂုတ်သွေးစုတ်နေတဲ့ ခရိုနီတွေ အပေါ် စိတ်ချဉ်ပေါက်လေ ။ တစ်ခါတော့ သူကပြောတယ်။
လူတွေဘယ်လို ဆင်းရဲဒုက္ခရောက်နေတယ်ဆိုတာ မမြင်သူ၊ နားမလည်နိုင်သူတွေကို တခါတလေ ပါး၊ နားဆွဲရိုက်ပြီး ဆင်းရဲတယ်ဆိုတာ ဒါဟဲ့ လို့ မြင်အောင် လုပ်ပစ်ချင်စိတ်ပေါက်တယ်။ ကျမနေ့စဉ် မြင်နေရတဲ့ လူတွေရဲ့ ဒုက္ခကို သူတို့ ကို တစ်နေ့လောက် မြင်တတ်စေချင်လိုက်တာ ....တဲ့။


  •                   သူ့ဘ၀ရဲ့ နောက်ဆုံးအချိန်များမှာ အေဗီတာဟာ ပေရွန်းနဲ့အတူ ဖောင်ဒေးရှင်းအလုပ်ကို တခါတခါ မအိပ်မနေလုပ်တဲ့အထိ အရူးအမူးဖြစ်ခဲ့တယ်။ ဒါဟာ ခရိုနီတွေနဲ့ ဆင်းရဲသားတွေကြားက တိုက်ပွဲ ။ မညီမျှမှုတွေ ဆင်းရဲမှုတွေကို တိုက်တဲ့ တိုက်ပွဲ ။ သူ့ရဲ့ တိုက်ပွဲ ။

  •                  အာဂျင်တိုင်း မိန်းမတွေ မဲပေးခွင့်ရရေးကို လုံးပန်းပေးခဲ့တာလည်း အေဗီတာပါဘဲ ။ ရေဒီယိုကနေ အမျိုးသမီးမဲပေးခွင့်ရရေးကို ထောက်ခံအားပေးဖို့ မိန့်ခွန်းတွေ ပြောခဲ့တယ်။ သတင်းစာကနေ ဆောင်းပါးတွေရေးပြီး တိုက်တွန်းခဲ့တယ်။ ဒီလိုနဲ့ ၁၉၄၇ မှာ ကျားမ,ညီတူညီမျှ ဥပဒေကို လွှတ်တော်က အတည်ပြုပြီး လူထုစည်းဝေးပွဲလုပ်ပြီး အခမ်းအနားနဲ့ ပေရွန်းက လက်မှတ်ထိုးပေးခဲ့တယ်။ လူတွေအားလုံးရှေ့မှာဘဲ ပေရွန်းက သူလက်မှတ်ထိုးထားတဲ့ ဥပဒေကို အေဗီတာလက်ထဲကို ထည့်ပေးခဲ့တယ်။ အေဗီတာရဲ့ ကြိုးပမ်းပေးမှုကို အသိအမှတ်ပြုတယ်၊ ဒီဥပဒေဟာ အေဗီတာကြောင့် ဖြစ်လာတာဆိုတဲ့သဘော ။

  •                အေဗီတာဟာ မိန်းမမဲပေးခွင့်ရပြီးတဲ့ နောက် ပေရွန်းရဲ့ပါတီလက်တက်အဖြစ် အမျိုးသမီးပေရွန်းပါတီ Female Peronist Party ကို တည်ထောင်ပြန်တယ်။ ၁၉၅၁ လောက်မှာ ပါတီဝင်အမျိုးသမီးပေါင်း ၅ သိန်းလောက်ရှိလာပြီး တစ်နိုင်ငံလုံးမှာလည်း ပါတီရုံး ၃၆၀၀ ရှိလာတယ်။ အာဂျင်တီးနား နိုင်ငံရေးမှာ ပထမဆုံးအကြိမ် မိန်းမတွေတက်တက်ကြွကြွ ပါဝင်လာခဲ့တယ်။ လူမှုရေး အဖွဲ့အစည်းတွေ တိုးချဲ့လုပ်ကိုင်ခဲ့ပြီး တက္ကသိုလ်တက်တဲ့ အမျိုးသမီးတွေ ၂ ဆ တိုးလားခဲ့တယ်။ ဒီလိုနဲ့ ပေရွန်း ဒုတိယအကြိမ်အရွေးခံရတော့ ဒီအမျိုးသမီးတွေရဲ့ မဲဟာ အများဆုံးဖြစ်လာခဲ့တယ်။

                    စစ်တပ်ထဲက ယောက်ျားဝါဒစွဲ ဗိုလ်ချုပ်ကြီးတွေကတော့ အေဗီတာလို အသက် နှစ်ဆယ်ကျော်မိန်းကလေးတစ်ယောက်က ဒီလောက်ပေါ်ပြူလာဖြစ်နေတာကို မပြောသာလို့သာ ကြည့်နေရတယ်။ အကုန်လုံး ဖီလင်အောက်နေကြလေရဲ့ ။ အေဗီတာဟာ အစိုးရအဖွဲ့ထဲမှာ ဘာရာထူးမှ တရားဝင် ယူထားတာမရှိပေမယ့် နေရာတိုင်းလိုလို သူကဘဲ အရာရောက်နေတယ် ။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဒေါသဟာ ငယ်ထိပ်ကို တက်နေပြီ ။ ပေရွန်းကလည်း ဘာမှ မပြောဘဲ သူ့မိန်းမလုပ်တာအကုန်ကောင်းနေတယ်။ ဘယ်လိုလုပ်ကြမတုန်း ။ ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးများရဲ့ တငွေ့ငွေ့လောင်နေတဲ့ ဒေါသပေါက်ကွဲစေမယ့်အကြောင်းဖန်လာပါတယ် ။ အေဗီတာက လူထုတောင်းဆိုမှုအရ သူပါ ဒုသမ္မတ ၀င်ရွေးခံဖို့ စဉ်းစားပေမယ်လို့သဘောတူလိုက်တဲ့အချိန်မှာပါဘဲ ။

                  အာဂျင်တီးနားရဲ့ အခြေခံဥပဒေအရ သမ္မတသေရင် ဒုသမ္မတ အော်တိုမက်တစ် သမ္မတနေရာကို ရောက်ပါတယ်။ ဒီတော့ အေဗီတာသာ ဒုသမ္မတ ဖြစ်ခဲ့ရင် ပေရွန်းသေလို့ကတော့ သမ္မတတန်းဖြစ်ပြီဘဲ ။ အေဗီတာ ပေါ်ပြူလာဖြစ်နေပုံမျိုးနဲ့ ၀င်သာပြိုင်ကြည့်၊ ရမှာက အသေအချာ ။ ဒီတော့ သူတို့ သမီးလောက်ရှိတဲ့ မိန်းကလေးတစ်ယောက်က သူတို့ကို သမ္မတနေရာက အမိန့်တွေပေးမှာ မကျေနပ်ဘူး ဆိုတဲ့ ဗိုလ်ချုပ်ကြီးတွေဟာ ပေရွန်းကို ၀ိုင်းပြောကြတော့တယ်။ မင်းမိန်းမသာ ဒုသမ္မတ၀င်ပြိုင်မယ်ဆိုရင် ငါတို့အားလုံး ပေါင်းပြီး မင်းကိုပုန်ကန်ကြမယ် ...။

အေဗီတာကို ဒုသမ္မတ ၀င်အရွေးခံဖို့ တိုက်တွန်းပွဲမှ လူ ၂ သန်းလောက် ။
အေဗီတာကို ဒုသမ္မတ ၀င်အရွေးခံဖို့ တိုက်တွန်းပွဲမှ လူ ၂ သန်းလောက် ။
  •                ပေရွန်းအနေနဲ့လည်း သူ့မိန်းမကိုယ်တိုင် ဒုသမ္မဖြစ်မယ့် အလားအလာကို လက်မခံချင်ဘူးလို့ ဆိုကြတယ်။ အေဗီတာက နတ်သမီးတစ်ပါးလို တိုင်းပြည်ပိုက်ဆံနဲ့ လူတွေကို လက်ဆောင်တွေပေး၊ အလှူတွေလုပ်နေသရွေ့တော့ သူ့အတွက် ဘာအရေးလဲ ၊ အေဗီတာရဲ့ ပေါ်ပြူလာဖြစ်မှုဟာ သူ့အတွက်တော့ ကောင်းခဲ့တာချည်း ။ သို့သော် အာဏာခွဲဝေရေးက တစ်ပိုင်း ။ သူသည်လည်း စစ်တပ်ထဲမှာ ကြီး၊ စစ်တပ်ရဲ့ ယောက်ျားဝါဒ အနည်းနဲ့ အများလွှမ်းမိုးခံရသူတစ်ယောက် မဟုတ်လား ။ သူ့ကို ၀ိုင်းဆန့်ကျင်ကြမယ့် အရေးကိုလည်း ထည့်မစဉ်းလို့ မဖြစ် ။ ဒီတော့ သူဟာ အေဗီတာကို ဒုသမ္မတ ၀င်အရွေးမခံဖို့ ဖျောင်းဖျရတော့တယ်။ အေဗီတာဟာ ရက်သိပ်မကြာခင်မှာဘဲ ဒုသမ္မတ၀င်အရွေးခံမှာ မဟုတ်တဲ့ အကြောင်း၊ ပေရွန်းသမ္မတရဲ့ သမိုင်းကို ကောင်းအောင်ရေးရာမှာ ပါဝင်ချင်တဲ့ဆန္ဒသာရှိကြောင်း ရေဒီယိုက ကြေငြာခဲ့တယ်။ ဒါဟာ အေဗီတာရဲ့ နောက်ဆုံးရေဒီယိုကြေငြာချက်။ သူ့မိန့်ခွန်းရဲ့ နောက်ဆုံးစကားလုံးတွေကတော့
    ပေရွန်းကို ရွေးချယ်ယုံကြည်ခဲ့တဲ့၊ ကျမကိုလည်း ချစ်ခင်ယုံကြည်ခဲ့တဲ့ ဒီပြည်သူတွေရဲ့ ကျေးဇူးတွေဟာ ဆပ်မကုန်နိုင်အောင်ပါဘဲ။ ကျမဘက်ကလည်း တတ်နိုင်သလောက် လုပ်ပေးခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျမမှာ အရင်ကရော အခုရော အကြီးမားဆုံး ရည်ရွယ်ချက် ဆန္ဒဆိုလို့ တစ်ခုဘဲ ရှိပါတယ်။
 အဲဒါကတော့.....အာဂျင်တီးနားသမိုင်းမှာ အင်မတန် ကောင်းမွန်လှတဲ့ ပေရွန်းအစိုးရရဲ့သမိုင်းကို ရေးကြတဲ့အခါ ခေါင်းဆောင်ကြီး ပေရွန်းရဲ့ ဘေးမှာ ပြည်သူတွေရဲ့ ဆန္ဒကို သိအောင်လုပ်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ရှိခဲ့ဖူးတယ်.....ပေရွန်းက အဲဒီဆန္ဒတွေကို သိရှိနားလည်ပြီး အကောင်အထည်ဖော်ပေးနိုင်အောင် လုပ်ပေးခဲ့တဲ့ မိန်းမတစ်ယောက်ရှိခဲ့ဖူးတယ်။ အဲဒီမိန်းမဟာ ပြည်သူတွေက အေဗာကလေးလို့ ချစ်မြတ်နိုးစွာ ခေါ်ခဲ့ကြတဲ့ Evita ဆိုတာပါဘဲ ။ ဒါထက်ဘာမှ မလိုချင်ပါဘူး ။
  •                   တစ်ချိန်တည်းမှာဘဲ အေဗီတာရဲ့ ဘ၀နောက်ဆုံးချိန်ဟာ ရုတ်တရက် ချဉ်းကပ်လာပါတယ်။ လူရှေ့သူရှေ့မှာ မူးလဲတဲ့ အကြိမ်တွေ၊ သတိပါမေ့သွားတတ်တဲ့ အကြိမ်တွေ များလာခဲ့တယ်။ အစကတော့ဂရုမစိုက် ဟန်မပျက် နေခဲ့ပေမယ့်အကြိမ်တွေများလာ၊ လူကလည်း နေမကောင်းတာသိသာလာလို့ စစ်ဆေးကြည့်တော့ သားအိမ်ခေါင်းကင်ဆာ။ ၁၉၅၁ တစ်လျှောက်လုံးမှာ ပိုဆိုးလာခဲ့တယ်။ ခရိုနီတွေကတော့ လက်ခမောင်းခတ်ကြပါတယ်။ သူဌေးရပ်ကွက်တွေက အုတ်နံရံတွေပေါ်မှာ ကင်ဆာရောဂါ ရှင်သန်ပါစေ Long live Cancer ဆိုပြီး ရေးခြစ်ထားတာတွေ ရှိခဲ့တယ်။ ပေရွန်းက ရောဂါအခြေအနေမှန်ကို ဖုံးကွယ်ထားပေမယ့် သူ့အခြေအနေကို အေဗီတာရိပ်မိနေပါပြီ။ ဖောင်ဒေးရှင်းလုပ်ငန်းကို ပိုပြီး စိတ်အာားထက်သန်စွာ လုပ်ရင်း အားက တဖြည်းဖြည်းယုတ်လာ၊ ဆိုးရွားလှတဲ့ သွေးဆင်းမှုက မရပ်။ သားအိမ်ကို ထုတ်လိုက်ပေမယ့်လည်း အခြေအနေက မတိုးတက် ။ ၂၀၁၁ မှာ အမေရိကန် Yale တက္ကသိုလ်က ဦးနှောက်ခွဲစိတ်အထူးကုတစ်ယောက်က အေဗီတာရဲ့ ဦးခေါင်းခွံကို လေ့လာပြီးတော့ မသေခင်နောက်ဆုံးလများမှာ ရောဂါနှိပ်စက်မှုဒဏ်ကို လျော့ပါးအောင် အေဗီတာက အဲဒီအချိန်က ခေတ်စားခဲ့တဲ့၊ အန္တရယ်လည်း များလှတဲ့ Lobotomy လို့ ခေါ်တဲ့ ဦးနှောက်အရှေ့ပိုင်းကို ခွဲစိတ်မှုလုပ်ခဲ့တယ်လို့မှတ်ချက်ပေးပါတယ်.... ။
  • လူထုကို နောက်ဆုံးမိန့်ခွန်းပြောပွဲမှာ အာနည်းချိတဲ့လှတဲ့သူ့ကို ထိန်းပေးထားတဲ့ပေရွန်း ။
    လူထုကို နောက်ဆုံးမိန့်ခွန်းပြောပွဲမှာ အာနည်းချိတဲ့လှတဲ့သူ့ကို ထိန်းပေးထားတဲ့ပေရွန်း ။
  •               သမ္မတရွေးပွဲမှာ အေဗီတာဟာ နေမကောင်းလွန်းလို့ မဲရုံကို မသွားနိုင်ဘဲ ဆေးရုံကနေ မဲပေးခဲ့ရတဲ့ အခြေအနေကို ရောက်နေပြီ။ ပေရွန်းသည်လည်း ဘာဝဋ်လည်းတော့မသိ ။ ဒုတိယအကြိမ် ဇနီးသည်ကို ကင်ဆာရောဂါဆီမှာ ဆုံးရှုံးရတော့မည်။ သူ့ရဲ့ ပထမဇနီးဟာလည်း သားအိမ်ခေါင်းကင်ဆာ သတ်လို့ဘဲ အသက် ၂၉ နှစ်မှာ သေရတယ်မဟုတ်လား ။

  •             ပေရွန်းသမ္မတ ပြန်အရွေးခံရလို့ ဂုဏ်ပြုပွဲလုပ်တော့ အေဗီတာဟာ ပေရွန်းနဲ့အတူ ကားပေါ်မှာ လိုက်ပြီး ပြည်သူရှေ့ကို ထွက်ခဲ့ပါသေးတယ်။ ပိန်ချုံးနေတဲ့ သူ့ကိုယ်ကို သူ ကောင်းကောင်းမရပ်နိုင်တော့လို့ ကုတ်အကျီင်္ ဧရာမကြီးရဲ့ အောက်မှာ frame ခုံခံပြီး ရပ်ရတယ်။ ဒီပွဲကို တတ်ချင်လွန်းလို့ ဝေဒနာသက်သာအောင် သောက်တဲ့ ဆေးကို သုံးဆတိုးသောက်ခဲ့တယ်။ ပွဲပြီးတော့ တစ်ခါ ထပ်သောက်ရတယ်။ အဲဒီပွဲမှာ ပြည်သူတွေဟာ အေဗီတာကို အသက်ရှင်လျှက် နောက်ဆုံးမြင်လိုက်တာဘဲ ။ အဲဒီနောက်ရောဂါရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေတဲ့ သူ့အတွက် တပြည်လုံး အသက်တမမနဲ့ ဆုတောင်းပွဲတွေလုပ်ကြပါတယ်။ အာဂျင်တိုင်း လွှတ်တော်က အေဗီတာကို တိုင်းပြည်ရဲ့ စိတ်ဓါတ်ရေးရာ ခေါင်းဆောင် Spiritual Leader of the Nation ဆိုတဲ့ ဘွဲ့ကို အပြေးအလွှားပေးခဲ့တယ်။ အဲဒီဘွဲ့ဟာ အာဂျင်တိုင်း သမိုင်းမှာ ဒီနေ့ထိ အေဗီတာ တစ်ယောက်သာ ရဖူးပါသေးတယ်။
ဝေဒနာရုပ်ကို ဟန်လုပ်ထွက်လာတဲ့ အေဗီတာ။ လူကြားထဲသို့ နောက်ဆုံးထွက်ခြင်း ။
ဝေဒနာရုပ်ကို ဟန်လုပ်ထွက်လာတဲ့ အေဗီတာ။ လူကြားထဲသို့ နောက်ဆုံးထွက်ခြင်း ။


  •                    ၁၉၅၂ မေလ ၂၆ ရက်နေ့ ည ၈.၂၅ မိနစ်မှာ အေဗီတာ ကွယ်လွန်တဲ့အကြောင်း ရေဒီယိုကကြေငြာချိန်မှာတော့အာဂျင်တိုင်းပြည်သူသန်းပေါင်းများစွာအတွက် ရွှေတောင်ကြီး ပြိုသလို မျှော်လင့်ချက်ကင်းမဲ့ရချိန်၊ ခရိုနီတွေနဲ့ စစ်တပ်ထဲက အိုလီဂါ့ခ်တွေ ရှန်ပိန်သောက်အောင်ပွဲခံချိန်ပါဘဲ ။အစိုးရက ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ရုံးနှစ်ရက်ပိတ်ခိုင်းတယ်။ အာဂျင်တိုင်း အလံကို ဆယ်ရက်တိတိ တစ်ဝက်ဘဲ တင်ထားခဲ့တယ်။ ဒါပေမယ့် လူထုရဲ့ ယူကြုံးမရမှုဟာ အတိုင်းအတာမဲ့နေတယ်ဆိုတာ သိသာလာပါတယ်။ အေဗီတာအလောင်းကို ဆေးနဲ့ စီမံပြီး ပြထားရာ အလုပ်သမားဌာနရှေ့မှာ လူအုပ်ကြီးဟာ တိုးမပေါက်အောင် များသထက်များ၊ အရပ်မျက်နှာမျိုးစုံက ပေါက်ချလာတဲ့ လူတွေဟာ အေဗီတာအလောင်းကို တစ်ချက်ကလေး မြင်ခွင့်ရရေးအတွက် နာရီပေါင်းများစွာ မိုးရေထဲမှာ စောင့်ခဲ့ကြတယ်။ အလောင်းကို သမ္မတအိမ်တော်က အလုပ်သမားရေးရာ ဌာနကို ရွှေ့တဲ့ အချိန်မှာ အနားကပ်ဖို့ကြိုးစားရင် တိုးကြကြိတ်ကြလို့ လူ ၈ ယောက်သေပြီး ၂၀၀၀ ကျော် ဆေးရုံတင်လိုက်ရတယ်။


  •                  Buonos Aires ရဲ့ လမ်းတွေဟာ ပန်းတွေနဲ့ ဝေပြီး အေဗီတာသေပြီး တစ်ရက်အတွင်းမှာ ပန်းဆိုင်တွေ ရောင်းစရာ ပန်းမကျန်တော့ ။ အလုပ်သမားဌာနရှေ့နဲ့ အနီးတစ်ဝိုက်က ပန်းစည်းအပုံကြီးဟာ ကြောက်စရာကောင်းလောက်အောင် ဟီးထနေခဲ့တယ်။ အေဗီတာဟာ အစိုးရအဖွဲ့ထဲမှာ ဘယ်ရာထူးမှ ရခဲ့တာမဟုတ်ပေမယ့် သူ့ရဲ့ အလောင်းကို နိုင်ငံတော် ဇာပနState Funeral နဲ့သဂြိုလ်ဖို့ ပေရွန်းက စီစဉ်ပါတယ်။


  •               ပေရွန်းဟာ နာမည်ကြီး စပိန်လူမျိုး ခန္ဒာဗေဒဆရာဝန် Dr. Pedro Ara ကို ဆက်သွယ်ပြီး အေဗီတာရဲ့ အလောင်းကို မပုပ်မသိုးအောင်း ဆေးနဲ့စီမံခိုင်းခဲ့တယ်။ အဲဒီဆရာဝန်ဟာ အဲဒီအတတ်ပညာမှာ အင်မတန် တော်ဆိုဘဲ ။ ကျွမ်းကျင်လွန်းလို့၊ သုံးတဲ့ နည်းတွေက အဆင့်မြင့်လွန်းလို့ လူသေကို အိပ်နေတဲ့ အတိုင်းထင်အောင် လုပ်နိုင်သတဲ့ ။ သေသူရဲ့ သွေးကို ဂလစ်ဆိုရို glycerol  လို့ခေါ်တဲ့ ဒြပ်တစ်မျိုးနဲ့ အစားထိုးပြီး အဲဒီဒြပ်က ဦးနှောက်အပါအ၀င် ခန္ဒာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကို  မပုပ်မသိုးအောင် ထိန်းထားပေးလို့ သေလူဟာ တည်တည်ငြိမ်ငြိမ်အိပ်နေတဲ့ ပုံပေါက်တယ်လို့ ဆိုပါတယ်။ ဒေါက်တာ ပေဒရို အာရာဟာ အဲဒီနည်းနဲ့ နာမည်ကြီးသူတွေရဲ့ အလောင်းကို စီမံပေးဖူးလို့ အာဂျင်တိုင်းအသိုင်းအ၀ိုင်းမှာလည်း နာမည်ရသူ ။ သူဟာ ရောဂါနှိပ်စက်လို့ကမဌာန်းပုံအပြတ်ထွက်နေတဲ့ အေဗီတာရဲ့အလောင်းကို အိပ်နေတဲ့ မိန်းမချောလေးတစ်ယောက်လိုဖြစ်အောင် (၂ )နှစ်ကျော်အချိန်ယူပြီး အသေးစိတ်လုပ်ပေးခဲ့တယ်။

  •                 ပေရွန်းဟာ သူ့မိန်းမအတွက် အမေရိကန်က လေဘာတီရုပ်တုကြီးထက်ကြီးတဲ့ အလုပ်သမားယောက်ျားတစ်ယောက်ပုံစံ ရုပ်တုဗိမာန်ဆောက်ဖို့ အစီအစဉ်ချပါတယ်။ အခြေခံလူတန်းစား the shirtless တွေကို ကိုယ်စားပြုမယ့် အဲဒီရုပ်တုကြီးအောက်ခြေဂူဗိမာန်မှာ အေဗီတာအလောင်းကို လူတွေ အမြဲလာကြည့်နိုင်အောင် လုပ်ပေးထားမယ်။ ရုရှားက ဇာဘုရင်တွေကို ဖြုတ်ချလိုက်တဲ့ တော်လှန်ရေးကြီးကို ဦဆောင်ခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင် လီနင် Vladimir Lenin ရဲ့ အလောင်းကိုလည်း အဲဒီလိုဘဲ ဆေးစိမ်ပြီး မော်စကိုမှာ ( ဒီနေ့အထိ ) ပြထားတယ်မဟုတ်လား။ သူ့မိန်းမကိုလည်း အဲဒီလို ထားခြင်းအားဖြင့်အာဂျင်တိုင်း ပြည်သူလူထုရဲ့ ကိုးကွယ်မှုတစ်ခုကို မပျောက်ပျက်အောင် လုပ်ရမယ်။
 စပိန်ဆရာဝန် Dr. Pedro Ara
စပိန်ဆရာဝန် Dr. Pedro Ara
  •                ဒါပေမယ့် သူ့အကြံအစည် မအောင်မြင်လိုက်ပါ။ ၁၉၅၅ မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်ပြီး စီးပွားရေးပိုကျလာပါတယ်။ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ကက်သလစ်ဘုန်းတော်ကြီးတွေနဲ့ ပေရွန်းတို့ကြား ရှိရင်းစွဲ ပြသာနာတွေပိုကြီးလာပါတယ်။ ဘာသာရေးနဲ့နိုင်ငံရေးရောထွေးကုန်ပြီး ပြည်တွင်းစစ်အသေးစားလေးတစ်ခုလောက်ကို ဖြစ်သွားခဲ့တယ်။ အခြေအနေကို မထိန်းနိုင်တော့တဲ့ ပေရွန်းဟာ ပါရာဂွေးနိုင်ငံကတဆင့် စပိန်ကို နိုင်ငံရေးခိုလှုံသွားခဲ့တယ်။
                                                ***************************
  •                       အေဗီတာရဲ့ အလောင်းကို ထားဖို့ ဗိမာန်ဆိုတာလည်း ပြီးမသွား။ ပေရွန်းလည်း မရှိတော့ အစိုးရသစ်က ဒီအလောင်းကြီးကို ဘယ်လို စီစဉ်မတုန်းလို့ ပြည်သူတွေ စဉ်းစားနေခိုက် အလောင်းဟာ ရုတ်တရက်ပျောက်သွားပါတယ်။ စုန်းစမြုပ်စ။ ပြန်ပေါ်လာတာတော့ နောက်ထပ် ၁၆ နှစ်တိတိ ကြာပြီးမှ ။ နေရာက အီတလီနိုင်ငံ မီလန်မြို့ပြင်က မထင်မရှား သင်္ချိုင်း တစ်ခုမှာ ...........။


********အသားကုန်ချုံ့ရေးရင်း မဆန့်လို့ အပိုင်း ၃  နိဂုံးကို ရောက်သွားရပါပြီ။ D:*******

Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်