အယောင်ဆောင် ဘုရင့်သမီး ( ၁ ) By Spring Flowers

    အန်နာ အန်ဒါဆွန် Anna Anderson ဆိုတဲ့နာမည်ကို ကြားဖူးပါသလား။ သူ့အကြောင်းတစ်ဝက်တစ်ပျက်သိသူတွေကတော့ အရမ်းသနားစရာကောင်းတဲ့ အတိတ်မေ့နေသူလေး၊ ဇာဘုရင်ရဲ့ တစ်ဦးတည်းသော မျိုးဆက်လေး လို့ တွေးမိတတ်ကြတယ်။ သူသေပြီးအတော်ကြာမှ တွေ့ရှိချက်တွေကိုပါ သိသူတွေကတော့ သူဟာ ဇာဘုရင်ရဲ့ သမီးအဖြစ် နှစ်ပေါင်း ( ၇၀ ) လောက် ဟန်ဆောင် ဂွင်ရိုက်သွားနိုင်သူလို့ သြချမိမှာ အမှန်ပါ။ အဖြစ်မှန်လုံးဝပေါ်တာကလည်း သူသေပြီး အနှစ် ၂၀ ကျော်ကြာမှ ဆိုတော့ မျိုးဆက်တစ်ခုလောက်ကို လွတ်လွတ်ကျွတ်ကျွတ် လိမ်သွားသူတစ်ယောက်။
  •             သူသေပြီး အနှစ် ၂၀ ကျော်အကြာမှာ  ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ တစ်နေရာမှာ ရှေးဟောင်းသုတေနပညာရှင်တွေဟာ လူအရိုးစု နှစ်ခုကို တူးမိကြတယ် ။ အဲဒီ အရိုးစုတွေကို DNA test လုပ်ကြည့်ပြီးတဲ့အခါမှာတော့ ၁၉၁၈ မှာ ကွပ်မျက်ခံလိုက်ရတဲ့ဇာဘုရင်မိသားစုထဲက အငယ်ဆုံးသမီးနဲ့ သားတို့ရဲ့ အရိုးစုဖြစ်ကြောင်း အတည်ပြုလိုက်ကြတယ်။ ဒီတွေ့ရှိမှုဟာ သမိုင်းဝင် တော်ဝင်မိသားစုနဲ့ ပတ်သက်တာမို့ ထူးခြားတယ်ဆိုတာ ပြောဖို့တောင်မလိုပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ အဲဒီထက်ပိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီတွေ့ရှိမှုဟာ ၂၀ ရာစုရဲ့ လူစိတ်ဝင်စားအခံရဆုံး လိမ်လည်မှုကြီးတစ်ခုကို လုံးဝ ဖြေရှင်းပေးလိုက်တာမို့လို့ပါ။ နှစ်ပေါင်း ( ၇၀ ) နီးပါးလောက် မပေါ်နိုင်တဲ့ ဒီကိစ္စ.....နည်းတဲ့ နှစ်တွေလား။ အခုတော့ သိပ္ပံပညာတိုးတက်လာတဲ့ ခေတ်မှာ DNA test ရဲ့ အစွမ်းနဲ့ ရှင်းသွားရပါပြီ။
                 သူ့အကြောင်းချည်း သက်သက်ဆိုရင်တော့ ယဉ်ယဉ်လေးနဲ့ ရူးနေသူတစ်ယောက်ရဲ့ ထူးဆန်းတဲ့ဘ၀ဆိုတာက လွဲလို့ သိပ်အရေးပါလှပါဘူး။ ဒါပေမယ့် သူ့ဘ၀ကံတရားရဲ့ ဆန်းကြယ်မှုရယ်၊ အဲဒီ ခေတ်က ရုရှားနိုင်ငံနဲ့ ဇာဘုရင်နိကိုးလပ်စ်တို့မိသားစုအကြောင်းနည်းနည်းပါးပါးပါ သိရအောင် တင်ပြလိုက်ပါတယ်။
  •  အမည်အရင်း                   .......................ဖရန်ဇီစကာ Franziska Schanzkowsk
  • လူသိအများဆုံး သူ့ရဲ့နာမည်......................အန်နာ အန်ဒါဆွန်   Anna Anderson

  • သူ့မရဲ့ မွေးဖွားရာနေရာ    ........................ပိုလန်နိုင်ငံ
  • နာမည်ကြီးရတဲ့ အကြောင်းရင်း.................. ရုရှားဇာဘုရင်ရဲ့ သမီး အန်နာစတေးရှား အဖြစ် အယောင်ဆောင်သူ
    Anna Anderson
    Anna Anderson
  •                ဒီတော့ ဇာဘုရင့်မိသားစုနဲ့ ပတ်သက်ရာလေးတွေကို နည်းနည်းပြောပါရစေ။ ( ကတိပေးတယ်။ နည်းနည်းဘဲ ပြောမှာ )
                   ရုရှားက ဘုရင်တွေဟ ၁၆ ရာစုက စပြီး သူတို့ကိုယ်သူတို့ အီတလီနိုင်ငံ ရောမမြို့က ဆီဇာ Ceasar ဘုရင်များနဲ့ နှိုင်းပြီး ဇာ tsar လို့ ခေါ်ခဲ့ကြတယ်။ ဒါကြောင့် အဲဒီခေတ်က ရုရှားကို ဇာဘုရင်များအုပ်စိုးရာနယ်မြေဆိုပြီး ဇာဒမ် Tsardom ခေါ်ကြတယ်။ အဲဒီ Tsardom ကြီးဟာ တစတစနဲ့ပိုပိုပြီး ကျယ်ပြန့်လာတာ ၁၇၂၁ မှာ ရုရှားအင်ပါယာဆိုပြီး ဖြစ်လာတယ်။ ရုရှားအင်ပါယာ Russian Empire ဟာ ဘယ်လောက်များကျယ်သလဲဆို ကမ္ဘာ့ ကုန်းမြေထုရဲ့ ၆ ပုံ ၁ ပုံရှိသတဲ့။ အကျယ်အ၀န်းအရ ပြောရရင် နေမ၀င်အင်ပါယာလို့တင်စားခြင်းခံရတဲ့ အင်္ဂလိပ်အင်ပါယာက နံပါတ် တစ်၊ မြှားနဲ့ မြင်းကို သုံးပြီး နယ်ချဲ့ခဲ့တဲ့ ဂျင်ဂျစ်စ်ခန် Genghis Khan တို့ရဲ့ မွန်ဂိုအင်ပါယာကြီးက နံပါတ် နှစ်နဲ့ ဇာဘုရင်တွေရဲ့ ရုရှားအင်ပါယာကတော့ တတိယ ချိတ်သတဲ့။

  •              အဲဒီ ရုရှားအင်ပါယာကြီးကို အုပ်ချုပ်သွားတဲ့ ဇာဘုရင်တွေရဲ့ မျိုးဆက်ကို ရိုမန်နော့ဗ် Romanov လို့ခေါ်တယ်။ အတိအကျပြောရရင်တော့ House of Romanov လို့ခေါ်တယ်။ ဒီနေရာမှာ House ဆိုတဲ့ စကားဟာ အိမ်မဟုတ်ဘဲ မျိုးရိုးမျိုးဆက်လို့အဓိပ္ပါယ်ရပါတယ်။ မင်းမျိုးမင်းနွယ်တွေဟာ ကိုယ့်မျိုးရိုးကို တစ်ခြားအုပ်ချုပ်သူမျိုးရိုးတွေနဲ့ မရောအောင် နာမည်တွေ ပေးလေ့ရှိကြတယ်။ ဥပမာ လက်ရှိ အင်္ဂလန်က ဘုရင်မကြီး အဲလိဇဘက် Elizabeth II ဟာ ၀င်ဆာမျိုးရိုး House of Winsor ကလာတာ။ ဆော်ဒီအာရေးဘီးယားက လက်ရှိဘုရင်ဟာ House of Saud ဆိုတဲ့ မျိုးရိုးက ဆက်းသက်တာ ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ လက်ရှိဘုရင် မျိုးဆက်က House of Chakri တဲ့။အခုပြောမယ့် ရုရှားအင်ပါယာကြီးအုပ်ချုပ်သွားတဲ့ ဇာဘုရင်တွေရဲ့ မျိုးရိုးမျိုးဆက်နာမည်က House of Romanov ။

        ( မှတ်ချက်။ ။ တခါတလေမှာ House ကို ဒိုင်နန်စတီ Dynasty = ခေတ် လို့လည်း ခေါ်လေ့ရှိတယ်။ ဥပမာ Konboung Dynasty ကုန်းဘောင်မျိုးဆက် သို့မဟုတ် ကုန်းဘောင်ခေတ် )
 ရုရှားရဲ့ နောက်ဆုံးဘုရင် နိကိုးလပ်စ်
ရုရှားရဲ့ နောက်ဆုံးဘုရင် နိကိုးလပ်စ်
  •                 ရိုမန်နော့ဗ် မျိုးဆက်ဟာ ရုရှားဘုရင်စနစ်မှာ နောက်ဆုံးမျိုးဆက်ပါ။ ၁၆၁၃ ကနေ ရုရှားအင်ပါယာကျဆုံးတဲ့ ၁၉၁၇ ထိ နှစ်ပေါင်း သုံးရာကျော် အုပ်စိုးသွားခဲ့တယ်။ အဲဒီ ရိုမန်နော့ဗ် မင်းဆက်တွေမှာ နောက်ဆုံးမင်းရဲ့ နာမည်က နိကိုးလပ်စ် Nicholas II တဲ့။ တနည်းအားဖြင့် ရုရှားနိုင်ငံကြီးရဲ့ နောက်ဆုံးဘုရင်ပေါ့။ သူ့လက်ထက် ၁၉၁၇ မှာ တော်လှန်ရေး အကြီးအကျယ်ဖြစ်တယ်။ ဖြစ်ရတဲ့ အကြောင်းကတော့ ဇာဘုရင့်မိသားစုနဲ့ အထက်တန်းလွှာ လက်တစ်ဆုပ်စာလူတန်းစားက ဇိမ်ကျကျ နေနိုင်သလောက် ပြည်သူတွေကတော့ ဆင်းရဲပြီးရင်း ဆင်းရဲ၊ ငတ်ပြီးရင်း ငတ်လာလို့ပါဘဲ ။ သာမန်လူတွေက နဖူးကချွေးခြေမ,ကျအောင် လုပ်ရင်တောင် ပေါင်မုန့်လေးတစ်ပိုင်း မှန်အောင် မစားနိုင်တဲ့ အချိန်မှာ နန်းတွင်းမှာတော့ ပြည့်သူ့ဘဏ္ဍာနဲ့ အလျှံပယ် သုံးဖြုန်းနေခဲ့လိုက်ကြတာ။ သူတို့ကို ဆန့်ကျင်တဲ့လူမှန်သမျှ ဆိုးရွားစွာဇာတ်သိမ်းရတယ်။ ဒီကြားထဲမှာ ဂျပန်ထက် အဆတစ်ရာလောက်ကြီးတဲ့ ရုရှားဟာ ဂျပန်ကို စစ်ရှုံးခဲ့တယ်။ စစ်အတွင်း အကျအဆုံးများပြီး ဇာဘုရင် အုပ်ချုပ်မှုလစ်ဟင်းတာကြောင့် နိုင်ငံရေးအခြေအနေပိုဆိုးလာခဲ့တာပေါ့။
1917 ရုရှားတော်လှန်ရေး
1917 ရုရှားတော်လှန်ရေး
  •             ၁၉၁၄ ပထမကမ္ဘာစစ်ဖြစ်တော့ ပြောဖွယ်မရှိပြီလေ။ စစ်ထဲကို ၀င်သွားရတဲ့ လယ်သမား ၁၅ သန်းလောက်ရှိတော့ စိုက်ပျိုးရေးလုပ်မယ့်သူရှားသွားလို့ အစားအစာ ရှားပါးမှုပိုဆိုးခဲ့တယ်။ အစကတည်းက အုပ်ချုပ်ရေးမကျွမ်းကျင်တဲ့နိကိုးလပ်စ်ဟာ စစ်မြေပြင်သွားနေတုန်း အုပ်ချုပ်ရေးကို နကန်းတစ်လုံးမှ နားမလည်တဲ့သူ့မိဖုရားကို လွှဲခဲ့သတဲ့။ ဒီတော့ နန်းတော်ထဲမှာ လာဘ်စားမှု မညီမျှမှုတွေ ပိုဆိုးခဲ့တယ်။ ကုန်းဈေးနှုန်းတွေ အဆပေါင်းများစွာတက်ကုန်ပြီး အငတ်ဘေးထဲရောက်နေတဲ့ ပြည်သူတွေရဲ့ ဘ၀နဲ့ နန်းတွင်းက ဘုရင့်မိသားစုရဲ့ အလျံပယ်ဘ၀တွေဟာ မိုးနဲ့ မြေလိုပါဘဲ ။ ဆင်းရဲချွတ်ခြုံကျတဲ့ဒဏ်ကို မခံနိုင်တော့တဲ့အဆုံး ပြည်သူတွေဟာ ပေါက်ကွဲကုန်ကြတယ်။ တော်လှန်ရေးတွေ အကြိမ်ကြိမ်ဖြစ် အကြိမ်ကြိမ်အနှိမ်နင်းခံရနဲ့ အသက်ပေါင်းများစွာ သေပြီးတဲ့နောက် ၁၉၁၇ မှာတော့ အကြီးဆုံးတော်လှန်ရေး ဖြစ်တော့တာပါဘဲ။  နိကိုးလပ်စ်ဟာ အခြေအနေကို မထိန်းနိုင်တော့တဲ့အတွက် ထီးနန်းကို စွန့်ခဲ့ရတယ်။ သူတို့မိသားစုတစ်ခုလုံး အဖမ်းခံရတယ်။ တော်လှန်ရေးအပြီးမှာ အာဏာရလာတာက ဗော်ရှီဗစ်ပါတီဆိုတဲ့ကွန်မြူနစ်တွေ။ ဗော်ရှီဗစ်တွေဟာ နိကိုးလပ်စ်တို့ မိသားစုကို ဖမ်းပြီး ရုရှားနိုင်ငံအလယ်ပိုင်းလောက်က မြို့ကလေးတစ်မြို့မှာ အကျယ်ချုပ်ထားခဲ့တယ်။ အကျယ်ချုပ်ထားပြီး တစ်နှစ်တောင် မပြည့်ခင် ၁၉၁၈ ဂျူလိုင်လ ၁၆ ရက်နေ့မှာ သူတို့မိသားစုတစ်ခုလုံးကို ဗော်ရှီဗစ်တွေက ကွပ်မျက်ပစ်လိုက်ပါတယ်။ နိကိုးလပ်စ်တို့ လင်မယား၊ သမီး ၄ ယောက်၊ သားတစ်ယောက်။ သူတို့ မိသားစုနဲ့အတူတူ အသတ်ခံလိုက်ရတာက မိသားစုဆရာဝန်ရယ်။ ထမင်းချက် ၁ ယောက် ၊အစေခံ ၃  ယောက်ရယ် ...ပေါင်း ( ၁၁ ) ယောက် ။
 အသတ်ခံရတဲ့ နိကိုးလပ်စ်တို့ မိသားစု
အသတ်ခံရတဲ့ နိကိုးလပ်စ်တို့ မိသားစု
အကျယ်ချုပ်ကျစဉ်ကာလအတွင်း
အကျယ်ချုပ်ကျစဉ်ကာလအတွင်း
  •             သတ်ပစ်လိုက်ပြီးတော့ အာဏာရ ဗော်ရှီဗစ်ပါတီက ပြည်သူတွေသိအောင် ကြေငြာချက်တစ်ခုထုတ်ပြန်ပါတယ်။ ဇာဘုရင်နဲ့ သူ့ရဲ့ ထီးနန်းကို ဆက်ခံမယ့်သူ ( တစ်ဦးတည်းသော သား အလက်ဆီ Alexei ) တို့ကို ကွပ်မျက်လိုက်ပြီ တဲ့။ ဒါပေမယ့် အဲဒီကြေငြာချက်ဟာ ကျန်တဲ့မိသားစုဝင်တွေ ဘာဖြစ်သွားတယ်ဆိုတာကို ဖော်ပြမထားဘူး။ ဒီတော့အစကတုန်းက ပြည်သူတွေဟာ ဇာဘုရင်ရဲ့ တစ်မိသားစုလုံး သေသွားတယ်ဆိုတာကို မသိကြဘူး။ နောက်ပိုင်း သိလာကြချိန်မှာလည်း ဇာဘုရင်နဲ့ သူ့သားကလွဲလို့ ကျန်တဲ့မိသားစုဝင်တွေ တကယ်သေပါတယ်ဆိုတဲ့ အထောက်အထားထွက်မလာတဲ့အတွက် ဒီကိစ္စကို သံသယရှိစရာ ကောင်းနေပြန်ပါရော။ သားဖြစ်သူ အလက်ဆီဟာ မွေးရာပါ သွေးမတိတ်တဲ့ရောဂါပါလာသူမို့အသတ်မခံရရင်တောင် ( အဲဒီခေတ်ဆေးပညာမတိုးတက်မှုကြောင့်) အသက်ရှည်ရှည် နေနိုင်မှာ မဟုတ်ဘူးလို့ သတ်မှတ်ထားကြတယ်။ ဒါကြောင့်သူ့ကို မျှော်လင့်ချက် သိပ်မထားကြဘဲ ဇာဘုရင်ရဲ့ ငယ်ရွယ်တဲ့ ဆယ်ကျော်သက်သမီးတွေထဲက တစ်ယောက်ယောက်တော့ ရှင်ကျန်ခဲ့နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ မရေမရာထွက်လာခဲ့တယ်။ '' ဇာဘုရင်မှာ ကျန်ခဲ့တဲ့ စည်းစိမ် '' ဆိုတာတွေကို မှန်းပြီး သူတို့ကိုယ်သူတို့ ဇာဘုရင်ရဲ့ သားသမီးတွေပါ ဆိုပြီး ပုံမှားရိုက်ချင်သူတွေ ပေါ်လာခဲ့တယ်။
 တစ်ဦးတည်းသော သား ထီးနန်လျာ အလက်ဆီ Alexei
တစ်ဦးတည်းသော သား ထီးနန်လျာ အလက်ဆီ Alexei
အကျယ်ချုပ်က နိကိုးလပ်စ်နဲ့ သား အလက်ဆီ
အကျယ်ချုပ်က နိကိုးလပ်စ်နဲ့ သား အလက်ဆီ
  •                အဲဒီလိုပုံမှားရိုက်ချင်သူတွေဟာ ၁၉၁၈ နောက်ပိုင်းလောက်ကတည်းက တစ်ယောက်ပြီး တစ်ယောက်ထွက်ခဲ့တယ်။ သရုပ်ဆောင် ပီပြင်သူတွေရော၊ မပီပြင်သူတွေပါများစွာရှိခဲ့တယ်။ အဲဒီထဲက နာမည်အကြီးဆုံးကတော့ ဇာဘုရင်ရဲ့ စတုတ္တသမီးယောင်ဆောင်တဲ့ ပိုလန်သူတစ်ယောက်ဖြစ်တယ်။ သူ့သုံးခဲ့တဲ့ နာမည်တုတွေများစွာထဲမှာ အန်နာ အန်ဒါဆွန် Anna Anderson ဆိုတဲ့ နာမည်ဟာ အထင်ရှားဆုံး။

  •                သူစပေါ်လာပုံက ယဉ်တယ်ဗျာ... အတိတ်မေ့တဲ့ စတိုင်နဲ့ ထွက်လာတာ။ သူ့ကို လူတွေသတိစထားမိတာက ဂျာမနီနိုင်ငံ ဘာလင်မြို့တံတားတစ်ခုပေါ်ကနေ ရေထဲခုန်ချ သေကြောင်းကြံတဲ့မိန်းကလေးတစ်ယောက်အဖြစ်နဲ့ပါ။ သူ့ကို ရဲတစ်ယောက်က အချိန်မှီ ကယ်လိုက်နိုင်တယ်။ သတိရတော့သူ့ကိုယ်သူ ဘယ်သူ ဘယ်ဝါမှန်းမသိဘူးဆိုလို့ နောက်ဆုံး စိတ္တဇဆေးရုံကို ရောက်သွားခဲ့တယ်။ ဘာမှကို မေးလို့မရတော့ စိတ္တဇဆေးရုံတက်ဖို့ နာမည်ဖြည့်တဲ့နေရာမှာ  Fräulein Unbekannt လို့ ဂျာမန်လို ဖြည့်ပေးလိုက်ကြတယ်။  Fräulein ဆိုတာက ဂျာမန်လို Miss ဖြစ်ပြီး Unbekannt ဆိုတာကတော့ အမည်မသိသူ Unknown ။ ဒီတော့ အမည်မသိ မိန်းကလေး Miss Unknown ပေါ့။
  •              ဒီလိုနဲ့ အမည်မသိမိန်းကလေးဟာ သွားစရာနေရာလည်းမရှိတော့ ဆေးရုံမှာဘဲ သောင်တင်နေခဲ့တယ်။ စကားလည်း မည်မည်ရရ ဘယ်သူနဲ့မှ မပြောဘူး။ (၂ ) နှစ်လောက်အကြာ  တစ်နေ့မှာ သူနဲ့တစ်ဆေးရုံတည်းတက်နေသူ စိတ္တဇဝေဒနာရှင် ကလာရာ ဆိုတဲ့သူဟာ မဂဇင်းတစ်ခုမှာ ဇာဘုရင်မိသားစုပုံကို တွေ့မိသတဲ့။ ပြီးတော့ သူနဲ့တစ်ခန်းတည်းနေ အမည်မသိ မိန်းကလေးကို တလှည့်ဓါတ်ပုံကို တလှည့်အတော်ကြာအောင် ကြည့်သတဲ့။ ပြီးတော့မိန်းကလေးဆီကို အဲဒီပုံ ယူလာပြတယ်။ ဓါတ်ပုံထဲက ဇာဘုရင်ရဲ့ ဒုတိယသမီး တာတီယာနာ Tatiana ရဲ့ပုံကို လက်ညှိုးထိုးပြီး '' အဲဒါမင်းလား '' လို့ မေးသတဲ့။မိန်းကလေးက အဲဒီပုံကို ကြည့်ပြီး ဘာမှမပြောဘူး။ ငြင်းလည်းမငြင်လိုက်ဘူး။ အဲဒီမှာတင် ကလာရာက  ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းလို့ရွှေဥာဏ်တော် စူးရောက်သွားပုံရတယ်။ ဆေးရုံက ဆင်းတော့ ဇာဘုရင်ရဲ့ ဒုတိယသမီးကို စိတ္တဇဆေးရုံမှာ တွေခဲ့ပါတယ်ဆိုပြီး လျှောက်ပြောတော့တာဘဲ။ ဒီသတင်းဟာ ရုရှားပြည်ပြေးတွေရဲ့ နားကို ရောက်သွားတယ်။
               တစ်မိသားစုလုံး ပက်ပက်စက်စက် အသတ်ခံရချိန်မှာ နုနုထွတ်ထွတ် ဘုရင့်သမီးတစ်ယောက်ဟာ ဗော်ရှီဗစ် လျှို့ဝှက်ရဲ secret police တွေရဲ့ ကွပ်မျက်မှုကို အစောင့်တွေ တင်းကြပ်နေအောင် ချထားတဲ့ ကြားက လွတ်သွားတယ် ????? ရိုးရိုးသာမန်အချိန်မှာသာဆိုရင် စိတ်မနှံသူတစ်ယောက်က အဲဒီလိုပြောတာကို အလေးထားကြမှာ မဟုတ်ဘူးဆိုတာ ပြောစရာတောင်မလိုပါဘူး။

  •              ဒါပေမယ့် အန်နာ အန်ဒါဆွန် Anna Anderson ပေါ်လာတဲ့ ၁၉၂၀ နှစ်များဆိုတာ ရုရှားပြည်ကြီးမှာ ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ဘုရင်စနစ် ကျဆုံးသွားတာ သိပ်မကြာသေးချိန်၊ ပြီးတော့ ဗော်ရှီဗစ်တွေဖွဲ့စည်းလိုက်တဲ့ ကွန်မြူနစ်စစ်တပ် Red Army နဲ့ ဘုရင်စနစ်ကို လိုလားပြီး ကွန်မြူနစ်ဆန့်ကျင်တဲ့ White Army တို့ကြား အငြိုးကြီးစွာ ချနေတဲ့ ရုရှားပြည်တွင်းစစ်ဖြစ်နေချိန် ဖြစ်တယ်။ တကယ့်ကို ပွက်လောရိုက် နှစ်ဦးနှစ်ဘက် အမုန်းမီးတောက်လောင်နေချိန်ဖြစ်တယ်။ ဇာဘုရင်ကို ဖြုတ်ချလိုက်တဲ့ ၁၉၁၇ တော်လှန်ရေးအပြီးမှာ နိုင်ငံရေးမငြိမ်သက်မှုတွေ ဆက်တိုက်။ ဗော်ရှီဗစ်တွေနဲ့ ဇာဘုရင်ကို လိုလားသူများကြား ရန်တွေပွား နောင်ဂျိန်တွေချ။ ဒီလိုနဲ့ ပြည်တွင်းစစ်ကြောင့် နိုင်ငံခြားကို ထွက်ပြေးရသူတွေ ( ၂ )သန်းလောက်ရှိခဲ့တယ်။ ၁၉၂၀ လောက်မှာ ဂျာမနီနိုင်ငံတစ်ခုတည်းမှာတင် ရုရှားပြည်ပြေးတွေငါးသိန်းလောက်ရှိပြီး ဘာလင်မှာ အနည်းဆုံး တစ်သိန်းလောက်ရှိနေသတဲ့။ ဒါဟာ ဥရောပမှာဆို ပြင်သစ်နိုင်ငံ ပဲရစ်စ် မြို့ကလွဲရင် ဒုတိယအများဆုံးရုရှားပြည်ပြေးတွေရှိရာနေရာဖြစ်တယ်။ ရုရှားပြည်ပြေးတွေဟာ ကိုယ့်တိုင်းပြည်ကို လွမ်းနာကျနေရတယ်။ ဇာဘုရင်မိသားစုရဲ့ အဖြစ်ဆိုးကို ယူကြုံးမရဖြစ်နေသူတွေလည်းရှိတယ်။ ဒီတော့နိုင်ငံခြားရောက် ရုရှားတွေအတွက် ဇာဘုရင့်သမီးတစ်ယောက် အသက်ရှင်ကျန်နေသေးတယ်ဆိုတဲ့သတင်းဟာ ဘယ်လောက်တာသွားသလဲ မှန်းကြည့်လို့ရပါတယ်။ ဒီကြားထဲမှာမှ ဒီအရူးမလေးကို အသုံးချပြီး ဒီအခြေအနေကို ဂွင်ရိုက်ချင်သူများပေါ်လာတော့ ဒီသတင်းဟာ ကားပြီးရင်း ကားလာခဲ့တယ်။
အန်နာစတေးရှား (ဘုရင့်သမီးအစစ် ) ငယ်စဉ်ကနဲ့ဆယ်ကျော်သက်ရွယ်
အန်နာစတေးရှား (ဘုရင့်သမီးအစစ် ) ငယ်စဉ်ကနဲ့ဆယ်ကျော်သက်ရွယ်
  •               ဒီတော့ သူ့ကို စိတ္တဇဆေးရုံမှာ ဇာဘုရင့်သမီးဆိုပြီး လာကြည့်သူတွေ တစတစများလာသတဲ့။ အဲဒီအထဲမှာ ဇာဘုရင်မိသားစုကို အနီးကပ်ခစားခဲ့ရတဲ့ နန်းတွင်းသူနန်တွင်းသားတစ်ချို့ပါတယ်။ နန်းတွင်းသူတစ်ယောက်ဟာ အန်ဒါဆွန်ကို ကြည့်ပြီး '' ဟင့်အင်း ...ဒါငါတို့ဇာဘုရင်ရဲ့ ဒုတိယသမီး တာတီယာနာ Tatiana မဟုတ်ဘူး။ တာတီယာနာက ဒီထက် အရပ်ရှည်တယ် '' လို့ ဆိုပြီး ပြန်သွားတယ်။ ဒီတော့ နောက်သုံးလေးရက်လောက်အကြာမှာ ဘယ်သူကဘယ်လို အကြံပေးလိုက်တယ်မသိ၊ အန်ဒါဆွန်က '' ကျမကိုယ်ကျမ တာတီယာနာလို့ မပြောမိပါလား '' တဲ့။ ပြီးတော့ သူဟာ ဇာဘုရင်ရဲ့ စတုတ္ထမြောက်သမီး အန်နာစတေးရှား Anastasia လို့ဆိုပြန်တယ်။ ဆိုမှာပေါ့။အားလုံးထဲမှာ အန်နာစတေးရှားက အရပ်အပုဆုံး...အန်ဒါဆွန်ရဲ့ အရပ်နဲ့အတူတူလောက်ဘဲ။ ဇာဘုရင်ရဲ့ သမီးတွေဟာ အင်ပါယာကို ပိုင်တဲ့ဘုရင့်သမီးများမို့ သူတို့ရဲ့ ဂုဏ်ပုဒ်ဟာ ရိုးရိုးမင်းသမီး ဒပ်ချက်စ် Duchess ဆိုတာနဲ့ မလုံလောက်ဘဲ Grand Duchess ကြီးမြတ်သော မင်းသမီးလို့ ခေါ်ကြရတယ်။ ဒီတော့ သမီးတွေရဲ့ နာမည်ဟာ ကြီးစဉ်ငယ်လိုက်

  • ၁. အော်ဂါ ....သို့မဟုတ် Grand Duchess Olga

  • ၂.တာတီယာနာ Grand Duchess Tatiana

  • ၃.မာရီယာ Grand Duchess Maria

  • ၄.အန်နာစတေးရှား Grand Duchess Anastasia
 ( အန်နာစတေးရှား Anastasia ဆိုတဲ့နာမည် ကို မှတ်မိရင်ရပါပြီ။ ဘာကြောင့်လည်းဆိုတော့ ပိုလန်သူ ဂေါက်သီးမလေးဟာ နောက်ပိုင်းမှာ သူ့ကိုယ်သူ အန်နာအန်ဒါဆွန် Anna Anderson ဆိုတဲ့ခပ်ဆင်ဆင်နာမည်ပေးပြီး သေသည်ထိ ဂွင်ရိုက်သွားလို့ပါဘဲ။ )
 Grand Duchess         များငယ်စဉ်က ပုံ
Grand Duchess များငယ်စဉ်က ပုံ
  •              ဒီနေရာမှာ ရှင်းအောင် ပြောရရင် အစက လာကြည့်သူတွေဟာ သဘောရိုးနဲ့ လာကြတာပါ။ အန်ဒါဆွန်သည်လည်း လိမ်လည်လိုတဲ့ ဆန္ဒပါချင်မှ ပါမယ်လို့ ဆိုကြတယ်။ ဒါပေမယ့် လာကြည့်သူများရဲ့မျှော်လင့်ချက် ဟာ အခြေအနေကို အတော် လွှမ်းမိုးမှုရှိခဲ့တယ် ။ နောက်ပိုင်းမှာ စိတ်မနှံ့တဲ့ သူ့ကို အသုံးချပြီး ဇာဘုရင်မှာ ကျန်ခဲ့မယ့် စည်းစိမ်ဆိုတာတွေကို အချောင်မှန်းတဲ့သူတွေ ပေါ်လာခဲ့တယ် ။ ဒီနေ့ခေတ်မှာ ဒီဇာတ်လမ်းကြီးတစ်ခုလုံးကို ရှင်းလင်းအောင် သိပြီကိုး။ ပြောရတာလွယ်တာပေါ့။ အဲဒီခေတ်တုန်းကတော့ DNA test ဆိုတာလည်း မပေါ်သေးဘူး။ ဇာဘုရင်တို့မိသားစုကို ဘယ်မှာ မြှုပ်ထားတယ်ဆိုတာကိုလည်း ဗော်ရှီဗစ်တွေက လျှို့ဝှက်ထားတော့ သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးမှုတွေ လုပ်လို့မှ မရခဲ့တာ။ ဒါကြောင့်လူတွေရဲ့ မျှော်လင့်ချက်ကို အခွင့်ကောင်းယူပြီး အခြေအနေကို အမြတ်ထုတ်ချင်သူတွေအဖို့ လွယ်ခဲ့တယ်။ စကားဟဟ မပြောတဲ့ စိတ်မနှံ့သူကို မြှောက်ပေးပြီး စိတ်ကြီးဝင်အောင် လုပ်ပေးခဲ့ကြတယ်။ ဒီလိုနဲ့ အန်ဒါဆွန်ဟာ သေချင်လို့ ရေထဲခုန်ချပါတယ်ဆိုမှ အဆယ်ခံရပြီး ဘုရင့်သမီးလို့ ဖူးဖူးမှုတ်ခံရတဲ့ ဘ၀ကို ဘုမသိဘမသိရောက်ခဲ့တယ်။ ဘ၀အသစ်ထဲမှာ မင်းသမီး အန်နာစတေးရှား အဖြစ် သာယာနေခဲ့ပြီ။
  •             သူ့ကို ကြိုးကိုင် အသုံးချသူတွေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ အတိအကျ ဘယ်သူမှ မသိပါဘူး။ ဒါပေမယ့်ဥပမာ ပြောရရင် သူ့နားမှာ တစ်ယောက်မဟုတ်တစ်ယောက်ဝိုင်းနေသူတွေ ရှိတယ်လို့ဆိုတယ်။ သူ့ကို ဘုရင့်သမီးအစစ်လို့ မယုံသူတွေက မေးမြန်းအစ်အောက်တိုင်း သူအနားမှာ ၀ိုင်းနေတဲ့လူတွေဟာ အဖြေကို ကြောင်းပေးတတ်ကြသတဲ့။ သူဘာကြောင့် ရုရှားစကားမတတ်ရသလဲ၊ ဘာကြောင့် မင်းသမီး အန်နာစတေးရှား ပြောတတ်တဲ့ ပြင်သစ်နဲ့ အင်္ဂလိပ်စကားကို မပြောတတ်ရတာလဲ ဆိုတာကို အတိတ်မေ့နေလို့ပါ ဆိုပြီး ကာဗာပေးခဲ့ကြတယ်။  ဘာကြောင့် အန်နာစတေးရှား တခါမှ မသင်ယူဖူးတဲ့ ဂျာမန်စကားကို ပြောတတ်နေတာလဲ ဆိုတော့ '' ထွက်ပြေးပြီး ဂျာမနီမှာ သုံးလေးနှစ် နေပြီးမှတော့ ဂျာမန်စကား တတ်တာအဆန်းလား '' တဲ့ ။ မယုံတဲ့လူတွေရဲ့ သံသယစကားတွေကို သူတို့လိုချင်တဲ့ပုံစံရောက်အောင် ယက်ပြီး ပြောခဲ့ကြတယ်။
            အန်နာစတေးရှား အစစ် ၁၉၁၈ မှာ အသတ်ခံလိုက်ရချိန်မှာ အသက် ၁၇ နှစ်သာသာ။
ဒီအမည်မသိဂေါက်သီးလေး ( အန်ဒါဆွန် ) ဘာလင်တံတားပေါ်က ခုန်ချတော့ ၁၉၂၀ ။ သူ့ကိုလာကြည့်ကြတာက ၁၉၂၂ လောက်မှာ။ ဒါကြောင့် တကယ်တမ်းပြောရရင် မင်းသမီးအသတ်ခံရချိန်နဲ့ အန်ဒါဆွန်ပေါ်လာချိန်ဟာ ကွာလှ ၅ နှစ်ပေါ့။  မင်းသမီးအစစ်သာဆိုရင် အဲဒီအချိန်မှာ အသက် ၂၂ လောက်ရှိပြီ။ ဒါပေမယ့် အန်ဒါဆွန်ရဲ့ရုပ်ဟာ ၂၂ နှစ်အရွယ်ပုံစံမရှိဘဲ ရင့်ထော်ပြီး အသက်သုံးဆယ်လောက် ပုံစံပေါက်နေတယ်။ ဒါကို သတိထားမိတဲ့သူတွေက သံသယစကားဆိုရင် သူ့နားဝန်းရံနေသူတွေက '' အို.. ဒီလောက်တောင် အသက်လုပြီး ထွက်ပြေးရုန်းကန်ခဲ့ရတာ နန်းတွင်းမှာနေစဉ်က ရုပ်နဲ့တော့ ဘယ်တူပါ့မလဲ '' တဲ့။
အန်နာစတေးရှား (ဘယ် )နဲ့ အန်နာ အန်ဒါဆွန်......ကဲ...တူလားဟင် ?
အန်နာစတေးရှား (ဘယ် )နဲ့ အန်နာ အန်ဒါဆွန်......ကဲ...တူလားဟင် ?
  •             အန်ဒါဆွန်ကို ထောက်ခံသူတွေထဲမှာ ဇာဘုရင့်မိသားစုနဲ့အတူ အသတ်ခံလိုက်ရတဲ့ နန်းတွင်းသမားတော်ရဲ့ သားနဲ့သမီးက ထိပ်ဆုံးက။ သူတို့ဟာ ငယ်စဉ်က နန်းတွင်းမှာ ဘုရင့်သားသမီးတွေနဲ့ကစားဖော်ကစားဖက်တွေ ။ ဒါကို အကြောင်းပြပြီး သူတို့ဟာ အန်ဒါဆွန်ကို အန်နာစတေးရှားပါလို့ အခိုင်အမာဆိုတယ်။ သူ့ကို ဘုရင့်မိသားစုအကြောင်းတွေ၊ နန်းတွင်းရေးရာတွေကို သင်ပေးခဲ့တယ်။ ဒီလိုနဲ့ သူ့ကိုယ်သူ ဘုရင့်သမီးလို့ ထင်စပြုနေတဲ့ မိန်းကလေးဟာ တစတစ ပီပြင်အောင် သရုပ်ဆောင်ဖို့ အချက်အလက်တွေ ရလာခဲ့တယ်။ ဇာဘုရင့်သမီးကို တွေ့ချင်စိတ်နဲ့လာတဲ့ ရုရှားတွေကလည်း သူရဲ့ ရှေ့နောက်မညီတဲ့ စကားတွေကို အတိတ်မေ့နေတာပါ၊ နေမကောင်းလို့ပါဆိုပြီး ခွင့်လွှတ်ဖို့အဆင့်သင့်။ ဇာဘုရင့်သမီးတစ်ယောက် အသက်ရှင်ကျန်နေသေးတယ် ဆိုတဲ့သတင်းဟာ တဖြည်းဖြည်းနဲ့ နိုင်ငံတော်တော်များများကို ပြန့်သွားတယ်။ အန်နာစတေးရှား နာမည်နဲ့ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ၀တ္တုစာအုပ်တွေထွက်လာပါလေရော ။ ဒီမီဒီယာတွေအားလုံးဟာ သနားစရာ မင်းသမီးလေး အန်နာစတေးရှား ဗော်ရှီဗစ်တွေရန်က ခက်ခဲစွာထွက်ပြေးလွတ်လာပုံ၊ စိတ်ညစ်လို့ သေကြောင်းကြံခဲ့ပုံ၊ အတိတ်မေ့နေပုံတွေကို သရုပ်ဖော်ထားတယ်။ မီဒီယာတွေ ကြော်ငြာကောင်းတာကြောင့် အန်နာစတေးရှား သကြားလုံး၊ အန်နာစတေးရှား စိးကရက် တွေ ပေါ်လာခဲ့တယ်။ အန်ဒါဆွန်ဟာလည်း ကျော်ကြားသူ celebrity တစ်ယောက် ဖြစ်လာခဲ့ပြီ။ သူ့ကို အလကား အိမ်ပေါ်ခေါ်တင်ထားချင်သူတွေ များသထက်များလာခဲ့တယ်။ သြော်...မီဒီယာ...မီဒီယာရဲ့ တန်ခိုး...။
  • အန်နာစတေးရှားနာမည်နဲ့ ၀တ္တုကာတွန်း
  •                 ၁၉၂၂ က ၁၉၆၈ ကြားမှာ အန်နာအန်ဒါဆွန် Anna Anderson ဟာ ဂျာမနီနဲ့ အမေရိကန်နှစ်နိုင်ငံခွပြီး သူ့ကို ယုံကြည်ထောက်ခံသူများအိမ်မှာ လိုက်နေခဲ့တယ်။ နည်းတဲ့နှစ်တွေလားနော်။ နယူးယော့ခ်က လူ့မလိုင်အလွှာမှာ မင်းသမီး အန်နာစတေးရှားအနေနဲ့ ပျော်ပျော်ကြီးစံစားခဲ့တယ်။ ဒါပေမယ့်သူဟာ တကယ်လည်း စိတ်ပုံမှန်မရှိသူမို့ မကြာခဏဆိုသလို စိတ်ဖောက်ယောက်ယက်ခတ်ပြီး ပွဲကြမ်းတတ်တဲ့အတွက် စိတ္တဇဆေးရုံတွေနဲ့လည်း အဆက်မပြတ်ခဲ့ဘူး။
စိတ္တဇဆေးရုံမှာ
စိတ္တဇဆေးရုံမှာ
  •              ဒီကြားထဲမှာ သူ့ရဲ့ တကယ့်အတိတ်အကြောင်း ဘူးပေါ်သလို ပေါ်ခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ ဇာဘုရင်မရဲ့ အစ်ကို ( အန်နာစတေးရှား အစစ်ရဲ့ ဘကြီးတော်တဲ့) ဂျာမန်မင်းသားတစ်ပါးဟာ သူ့ကို နည်းနည်းမှ မယုံလို့ စုံထောက်သပ်သပ်ငှားပြီး သူ့နောက်ကြောင်းကို စုံစမ်းခိုင်းလိုက်သတဲ့ ။ စုံးစမ်းဖော်ထုတ်မှုအရသိရတာက မိန်းကလေးဟာ ဖရန်ဇီစကာ Franziska Schanzkowska လို့ အမည်ရတဲ့ ပိုလန်နိုင်ငံသူတစ်ယောက်။ သူ့အဖေဟာ ဆင်းရဲရတဲ့အထဲ အရက်ဂျိုးတစ်ယောက်ဖြစ်ပြီး သူတို့မောင်နှမတွေငယ်ငယ်လေးကတည်းက ဆုံးသွားခဲ့တယ်။ ငယ်ငယ်ကတည်းက ဖရန်ဇီစကာ ဟာ အဖော်မဲ့စွာ တစ်ယောက်တည်းနေတတ်တယ်။ လယ်ထဲမှာ အလုပ်လုပ်ရင်း အားချိန်မှာ သမိုင်းစာအုပ်တွေကို ဖတ်နေတတ်တယ်။ အထက်တန်းစားဟန်ပါပါ လူအမြင်ကပ်စရာ ပုံစံနဲ့ စကားပြောတတ်တယ်။ သူ့အိမ်က လူတွေ အပြောအရ သူဟာ ငယ်ငယ်ကတည်းက မျှော်မှန်းချက်ကြီးသတဲ့။ ရွာငယ်ငယ်လေးမှာ လူမသိသူမသိ သေသွားရမှာကို မလိုလားဘူး။ ရုပ်ရှင်မင်းသမီး သို့မဟုတ် အထက်တန်းလွှာမိန်းမတစ်ယောက်ယောက် အရမ်းဖြစ်ချင်ခဲ့သူ တဲ့။

              ၁၉၁၄ ပထမကမ္ဘာစစ်မဖြစ်ခင် နည်းနည်းအလိုမှာ အသက် ၁၈ နှစ်အရွယ် ဖရန်ဇီစကာဟာ ပိုလန်က သူ့တောရွာကို စွန့်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ကြီးကို ထွက်ခဲ့တယ်။ ဆိုင်တစ်ဆိုင်မှာ စာပွဲထိုးဝင်လုပ်ရင်း လူငယ်တစ်ယောက်နဲ့ ကြိုက်ခဲ့တယ်။ သူတို့ လက်မထပ်ခင်လေးမှာတင် စစ်ဖြစ်လို့ သူ့ကောင်လေးဟာ စစ်ထဲကို အခေါ်ခံရပါရော။ အဲဒီနောက်မှာ ဖရန်ဇီစကာဟာ လက်နက်စက်ရုံတစ်ရုံမှာ အလုပ်ဝင်လုပ်ခဲ့တယ်။ ၂ နှစ်လောက်နေတော့ သူ့ကောင်လေးဟာ တိုက်ပွဲမှာကျသွားသတဲ့။ အဲဒီကတည်းက သူဟာ စိတ်နဲ့ကိုယ်မကပ်တော့။ တစ်နေ့တော့ စက်ရုံမှာအလုပ်လုပ်ရင်း ဖရန်ဇီစကာဟာ လက်ထဲက လက်ပစ်ဗုန်းလွတ်ကျသတဲ့။ပေါက်ကွဲမှုကြောင့် သူ့မျက်စိအောက်မှာ အလုပ်သမားတစ်ယောက်ဟာ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး သေတာကို တွေ့လိုက်ရပြီး သူလည်း ခေါင်းနဲ့ကိုယ့်ပေါ်မှာ ဒဏ်ရာရသွားခဲ့တယ်။အဲဒီနောက်သူဟာ ဒီပရက်ရှင်တွေဝင် စိတ်ဂယောက်ဂရက်တွေဖြစ်လို့ သူ့ကို စိတ်ရောဂါကုဆေးရုံကို ပို့လိုက်ကြတယ် တဲ့။ ကိုယ်ပေါ်က ဒဏ်ရာတွေကောင်းသွားပေမယ့် စိတ်ဒဏ်ရာက မပျောက်ခဲ့။ နောက်ဆုံးတော့ ဆေးရုံက သူ့ကို လုံးဝပျောက်ကင်းတာမဟုတ်ပေမယ့် အန္တရာယ်ပေးနိုင်လောက်သူမဟုတ်လို့ သတ်မှတ်ပြီး ဆင်းခွင့်ပေးလိုက်ပါတယ်။ ဒါပေမယ့်သူဟာ အရင်ကလို အလုပ်ကို အချိန်ကြာကြာ အာရုံစိုက်မလုပ်နိုင်တော့ဘဲ စိတ်ရောဂါကု ဆေးရုံကိုဘဲ ၀င်လိုက်ထွက်လိုက်လုပ်နေခဲ့ရတယ်။ ၁၉၂၀ ကစပြီး ပျောက်သွားလိုက်တာ ပိုလန်မှာ ကျန်ခဲ့တဲ့ သူ့မိသားစုဟာ သူ့ဆီက အဆက်အသွယ်လုံးဝမရတော့ဘူး တဲ့။ ၁၉၂၀ ဆိုတာ ဘာလင်မှာ သူတံတားပေါ်က ခုန်ချတဲ့ နှစ်ပေါ့။ သူရုတ်တရက်ပျောက်သွားတော့ သူ့မိသားစုဟာ ဘာလင်ရဲစခန်းမှာ လူပျောက်မှုဖွင့်ထားခဲ့တယ်။ စုံထောက်ဟာ ပျောက်သွားတဲ့ ဖရန်ဇီစကာရဲ့ ဓါတ်ပုံကို ရဲစခန်းက ရလာခဲ့တယ်။
ပိုလန်မှာ ရိုက်ထားတဲ့ ဖရန်ဇီစကာနဲ့ ဂျာမနီမှာ သေကြောင်းကြံတဲ့ အန်ဒါဆွန်ပုံ
ပိုလန်မှာ ရိုက်ထားတဲ့ ဖရန်ဇီစကာနဲ့ ဂျာမနီမှာ သေကြောင်းကြံတဲ့ အန်ဒါဆွန်ပုံ
  •                 ဂျာမန်မင်းသားနဲ့ စုံထောက်ဟာ ပိုလန်မိသားစုကို ဆက်သွယ်ပြီး အန်ဒါဆွန်နဲ့ တွေ့ပေးခဲ့တယ်။ အစပိုင်းမှာတော့ သူ့မိသားစုက အန်ဒါဆွန်ဟာ သူ့တို့သမီး ဖရန်ဇီစကာ ဖြစ်ကြောင်း အခိုင်အမာပြောပါတယ်။ ဒါပေမယ့် သူတို့သမီးပါလို့ ကြမ်းကြိမ်လွှာကို တကယ်လက်မှတ်ထိုးရမယ့် နေ့မှာတော့ လူတူတာပါ လို့ပြောင်းဆိုပြန်ပါရော ။ ကြားထဲက နေ့တွေမှာ အန်ဒါဆွန်နဲ့ သူ့အပေါင်းအပါတွေဟာ ပိုလန်မိသားစုကို လက်ချာရိုက်လိုက်တယ်လို့ ယူဆကြတယ်။ တဖက်က ကြည့်ရင်လည်း ပိုလန်မိသားစုအနေနဲ့ အန်ဒါဆွန်ဟာ သူ့တို့သမီးဆိုတာ ၀န်ခံလက်မှတ်ထိုးပေးလိုက်ခြင်းအားဖြင့် ဘာအကျိုးရမလဲ။ သူတို့သမီးအတွက်ရော ဘာအကျိုးရမှာမို့လဲလေ ။ ဘာမှအကျိုးမရတဲ့အပြင် အန်ဒါဆွန်လည်း လိမ်လည်မှုနဲ့ ထောင်ထဲဝင်ရမယ်။ မင်းသမီးအန်နာစတေးရှား အမှတ်နဲ့ အန်ဒါဆွန်ရဲ့ ဆေးရုံစရိတ်၊ နေထိုင်စရိတ်တွေကို ထောက်ပံ့နေသူတွေဟာ အမှန်ကို သိသွားခဲ့ရင် အဲဒီစရိတ်တွေကို သူတို့မိသားစုဆီက ပြန်တောင်းမယ့်အလားအလာကလည်း ရှိနေတာကိုး ။ ဒီတော့ အန်ဒါဆွန်အနေနဲ့ မင်းသမီး အဖြစ် ဟန်ဆောင်နေတာသာ အားလုံးအတွက် အကောင်းဆုံး လို့ သူ့မိသားစုက သဘောပိုက်သွားကြတယ်လို့ ဆိုတယ်။ ကံကောင်းလို့ဇာဘုရင်စနစ်ပြန်ထွန်းကားသည် ရှိသော် သူတို့သမီးကို မင်းသမီး အန်နာစတေးရှားအဖြစ် လူတွေက ဆက်ယုံနေရင် သူတို့လည်း ရေမြင့်ကြာတင့်ဖြစ်မယ်မဟုတ်လား...........။
 မင်းသမီးအန်နာ စတေးရှား
မင်းသမီးအန်နာ စတေးရှား
  •              အန်ဒါဆွန့်ရဲ့ အတိတ်ကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် သူ့ကို ထောက်ခံသူတွေက ဒီအကြောင်းကို ဖော်ထုတ်ခဲ့တဲ့ ဂျာမန်မင်းသားဟာ အန်နာစတေးရှား မင်းသမီးပြန်လာမှာကို မလိုလားလို့၊ မနာလိုလို့ လုပ်ကြံပြောတာပါဆိုပြီး စွပ်စွဲခဲ့ကြတယ်။ အန်ဒါဆွန်ရဲ့ မိသားစုအရင်းက သူတို့သမီး ဖြစ်ကြောင်း လက်မှတ်မထိုးတာကလည်း ဘုရင့်သမီး အစစ်ဖြစ်တယ်ဆိုတဲ့ အပြောတွေကို ခိုင်မာစေပြန်တယ်။

  •                အန်ဒါဆွန်ကို မယုံတဲ့သူတွေထဲမှာ အထင်ရှားဆုံးနောက်တစ်ယောက်ကတော့ ဘုရင့်သမီးတော်တွေကို ပြင်သစ်စာသင်ပေးခဲ့ရတဲ့ ဆရာ Pierre Gilliard ။ နန်းတွင်းမှာ ၁၃ နှစ်ဆရာလုပ်ခဲ့သူမို့ ဘုရင့်မိသားစုနဲ့အရမ်းရင်းနှီးသူပါ။ သူဟာ ရုရှားစကား၊ ပြင်သစ်စကား တစ်လုံးမှ မတတ်တဲ့ရွက်ကြမ်းရေးကျိုပုံနဲ့ဂေါက်သီးလေး အန်ဒါဆွန်ကို တွေ့တော့ အတုမှန်း ချက်ချင်းသိသတဲ့။ ဒါပေမယ့် ချက်ချင်းမပြောသေးဘဲ တစ်နှစ်လောက် သေချာစောင့်ကြည့်စမ်းသပ်ပြီးမှ သတင်းစာတစ်ခုမှာ သူ့တပည့်အန်နာစတေးရှား မဟုတ်ဘူးလို့ ကြေငြာခဲ့တယ်။ ဒါပေမယ့်အန်ဒါဆွန်ရဲ့ နောက်လိုက်တွေက သူ့ကိုလည်း မနာလိုပုဒ်မနဲ့ စွပ်စွဲပြန်ပါရော။ ဒီတော့ Pierre Gilliard ဟာ  '' အန်နာစတေးရှား အယောင်ဆောင်သူ The False Anastasia '' နာမည်နဲ့ စာအုပ်ရေးပြီး အန်ဒါဆွန်ကို အားပေးအားမြှောက်ပြုတဲ့ မီဒီယာတွေကို ပြန်တိုက်ခဲ့တယ်။ နောက်ပိုင်းမှာ အန်ဒါဆွန်နဲ့ သူ့အပေါင်းအပါတွေဟာ ဇာဘုရင့်အမွေတွေကို ဂျာမန်တရားရုံးကတဆင့် တောင်းခဲ့ကြလို့ ၃၂ နှစ်ကြာ အမှုဖြစ်တယ်။ အဲဒီအမှုမှာလည်း ဆရာ Pierre Gilliard ဟာ သက်သေအဖြစ် အန်ဒါဆွန်ကို ဆန့်ကျင်ပြီး အကြိမ်ကြိမ်ထွက်ဆိုခဲ့ပါတယ်။ သူဟာ သေတဲ့အထိ သူ့တပည့်ယောင်ဆောင်တဲ့ မိန်းကလေးကို ဆန့်ကျင်ရင်း သူ့တပည့်ဘက်က ရပ်တည်ခဲ့တယ်။ ဒါပေမယ့် သူသေချိန်မှာ ဒီဇာတ်လမ်းဟာ ပြီးဖို့နေနေသာသာ အရှိန်ကောင်းတုန်း။ အန်ဒါဆွန်ဟာလည်း တရားသာမ၀င်တာ အန်နာစတေးရှားဆိုပြီး သူ့ကို ခေါ်ထားချင်သူတွေ နေရာပေးမယ့်သူတွေ ရှိတုန်း။

ပြင်သစ်ဆရာ Pierre Gilliard နဲ့ ဘုရင့်သမီးများ
ပြင်သစ်ဆရာ Pierre Gilliard နဲ့ ဘုရင့်သမီးများ
  •               ဒီလို အန်ဒါဆွန်ကို ကူညီပါရစေ ဖြစ်နေသူတွေမှာ အကြောင်းအမျိုးမျိုး ရှိတယ်လေ။ တစ်ချို့ကလည်း တကယ်သနားယုံကြည်လို့၊ တစ်ချို့ကတော့ တကယ်လို့သာ ရုရှားမှာ ဇာဘုရင်စနစ်ပြန်လည်ထွန်းကားလာသည်ရှိသော် ဒီလိုကူညီခဲ့မှုကြောင့်နေရာကောင်းကောင်းရာထူးကြီးကြီးရချင်လို့၊ တစ်ချို့ကတော့ ဇာဘုရင့်သမီးက သူတို့အိမ်မှာဧည့်သည်အဖြစ်လာနေတယ်ဆိုတဲ့ ဂုဏ်ကို မက်လို့၊ တစ်ချို့ကတော့ သူ့အကြောင်းကို စာအုပ်ရေး၊ သီချင်းရေး၊ ရုပ်ရှင်ရိုက်နဲ့ အဲဒီကရတဲ့ မူပိုင်ခွင့်တွေနဲ ချမ်းသာချင်လို့။ ဒီလိုနဲ့ဘဲ သူ့ကို ကမ္ဘာက သိခဲ့ပြီ။
              အန်ဒါဆွန်ဟာလည်း အစပိုင်းမှာ အူကြောင်ကြောင်နဲ့ ရှေ့နောက်မညီတဲ့ စကားတွေကို ပြောပြီးသကာလ အခုတော့သူ့အကြောင်း ရေးထားတဲ့ စာအုပ်များစွာက ကြောရိုးကို ယူပြီး ဇာတ်လမ်းတစ်ခုကို ပင်တိုင်ထားပြီး ပြောတတ်ခဲ့ပြီ။ သူ့ဇာတ်လမ်းအရ ဗော်ရှီဗစ်တွေဟာ သူ့မိသားစုတစ်ခုလုံးကို ပစ်သတ်ခဲ့တယ်၊ သူကတော့ ဒဏ်ရာအကြီးအကျယ်ရသွားပေမယ့် မသေခဲ့ဘူး။ အဲဒါကို ရိပ်မိတဲ့ ဗော်ရှီဗစ်စစ်သားတစ်ယောက်ဟာ သူ့ကို သနားပြီး လှည်းတစ်ခုပေါ်မှာ တင်၊ တိတ်တိတ်လေးကယ်ထုတ်သွားသတဲ့။ ပြီးတော့ ရိုမေးနီးယားနိုင်ငံထဲက ဘူကာရက်စ် Bucharest ဆိုတဲ့ မြို့ကို ခေါ်သွားသတဲ့။ တကယ်တော့ ဇာဘုရင့်မိသားစုကို ကွပ်မျက်လိုက်တဲ့နေရာ Ekaterinburg ဆိုတဲ့ မြို့နဲ့ Bucharest မြို့ဟာ မိုင် ၂၀၀၀ လောက်ဝေးပြီး သေလုနီးပါးဒဏ်ရာရနေတဲ့ မိန်းကလေးတစ်ယောက်ကို ဆေးမရှိဝါးမရှိ အစာမရှိတဲ့ လမ်းမှာ သယ်သွားနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ အရေးထဲ ဗော်ရှီဗစ်စစ်တပ်တွေနဲ့ တွေ့မှာစိုးလို့ သွားနေကျလမ်းကမသွားဘဲ တောကြိုအုံကြားက သွားရသတဲ့။ တကယ်လို့ သေကံမရောက်အသက်မပျောက်ဘဲ ရောက်သွားတယ်ထားဦး ။ အဲဒီလို အခြေအနေတွေနဲ့ သွားရတဲ့ ခရီးဟာ အဲဒီခေတ်စာရေးဆရာတွေရေးသလို ၄ လ ခွဲနဲ့ ဘယ်လိုမှ မရောက်နိုင်ဘူး လို့ နောက်ပိုင်းမှာ သုံးသပ်ခဲ့ကြတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီ မိုင်နှစ်ထောင်ဆိုတာ အဖြောင့်သွားခရီးအကွာဝေးကို ပြောတာဖြစ်ပြီး တကယ်တမ်းမှာတော့ လမ်းမှာ ထူထပ်တဲ့ သစ်တောတွေ၊ မြင့်မားတဲ့ တောင်တန်းတွေ၊ပေါများလှတဲ့ မြစ်ချောင်းအင်းအိုင်တွေနဲ့ လုံးဝမချောမွေ့ပါဘူး။ ပြီးတော့ကမ္ဘာ အအေးဆုံးဒေသတွေထဲက တစ်ခုဖြစ်တဲ့ ဆိုက်ဘေးရီးယားပြည်နယ်ရဲ့ ဆိုးဝါးကြမ်းတမ်းလှတဲ့ ဆောင်းရာသီရှည်ကြီးဟာ ဒီလို အခြေအနေနဲ့ လူကို ဘယ်လိုချမ်းသာပေးမှာတဲ့လဲ။

                အဲ...အရေးထဲ အဲဒီလမ်းမှာ သူ့ကို ကယ်ခဲ့တဲ့စစ်သားနဲ့ ညားပြီး ရိုမေးနီးယားရောက်တော့ သားတစ်ယောက်တောင် မွေးလိုက်သေးသတဲ့။ နောက်တော့ ယောကျာ်းလည်း သေ၊ သားဟာလည်း မိဘမဲ့ဂေဟာကို ရောက်ပြီး သူနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ ဆိုတယ်။ သူလည်း စိတ်ညစ်ညစ်နဲ့ဘာလင်တံတားပေါ်က ခုန်ချတာပါတဲ့ ကွယ်။

အန်နာစတေးရှား ဇာတ်လမ်း ၀တ္တုများ........။ ကာတွန်းကားများ......။

ဒုတိယပိုင်းကို note မှာ ဆက်ဖတ်ပါရန်.........။     

Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်