စာရေးချင်တယ်

အရင်တုန်းက လက်ဆော့မိတဲ့ ဘလော့လေးတွေ အကြောင်းကြောင်းကြောင့် ပျက်သွားတဲ့ နောက် စာရေးတဲ့ ဘက် ခြေဦးမလှည့်မိတာ ကြာပြီ ။ တခါတလေ ပြောချင်တဲ့ စိတ်ကလေးတွေ ပေါ်လာရင်တော့ စာလေးရေးပြီး မှတ်ထားမိချင်တယ် ။ စိတ်ပြေလက်ပျောက်ရှိတာပေါ့ ။ အနည်းဆုံးကိုယ့်ဘာသာ ကိုယ် ပြန်စကားပြောနေသလို မျိုးလေးရေးချင်မိတယ် ။ ပရိတ်သတ်တွေ ဘာတွေနဲ့တော့ နာမည်တခုရလောက်အောင်ရေးတဲ့ အဆင့် ကိုယ့်မှာ မရှိပါဘူး ။ စာလုံးပေါင်းသတ်ပုံတော့ မှန်အောင်ရေးဘို့ ဆုံးဖြတ်ထားမိတယ် ။ နို့မို့ ကိုယ့်သာသာကိုယ် ပြန်အထင်သေးမိမှာ လေ :P ။ စာရေးနေတဲ့ နိုင်ငံကျော်တချို့တောင်မှ အသံထွက် အတိုင်းရေးနေတာတွေ တွေ့ရတော့ စိတ်ပျက်မိတယ် ။

နေ့စဉ်ကြုံတွေ့နေရတာလေးတွေက ဝတ္တုတွေထက် စိတ်ဝင်စားဘို့ပိုကောင်းပေမယ့် ရေးချလိုက်ဘို့ကျတော့ မကောင်းဘူးလေ ။ လူတယောက်ရဲ့ အကြောင်းကို ရေးချရတဲ့ အလုပ်က တာဝန်ကြီးတယ် ။ ကိုယ့်ရဲ့ အမြင်က သမာသမတ်ကျဘို့ ဆိုတာကလဲ လွယ်မယောင်နဲ့ ခက်တဲ့ အရာမျိုးကိုး ။ သူ့ဘက်က ကြည့်တော့ လက်ဖဝါး ကိုယ့်ဘက်က ကြည့်တော့ လက်ဖမိုး ဆိုတာ မျိုးတွေ ရှိတတ်တယ် ။ ပြီးတော့လည်း အသက်အရွယ် အချိန်အခါ ပတ်ဝန်းကျင် အပြောင်းအလဲတွေက အတွေးအမြင်တွေ ကို ပြောင်းလဲနိုင်ဘို့ အတွက် အဓိက အားကောင်းတဲ့ မောင်းတံကြီးတွေပဲ ။

မျက်စိနဲ့ တပ်အပ် မြင်ခဲ့တာတွေတောင်မှားနိုင်သေးတယ်လို့ ကိုယ့်ဘာသာ သိတဲ့နောက် သိသမျှကို ချရေးဘို့ဝန်လေးလာတတ်ပြီ ။ အရင်ကရေးခဲ့သလားဆိုတော့လဲ မရေးခဲ့ပါဘူး ။ သာမာန်ကာလျှံကာ ကော်မန့်လောက် ဘာလောက်ပဲ ရေးခဲ့ဘူးတယ် ။ လူတွေ အကြောင်းမပါပဲနဲ့ ရေးထားတဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာလေးတွေရေးရင်တော့ အတွေးအခေါ် ရင့်ကျက်မှရမယ် ။ လူတယောက်ရဲ့ စာထဲမှာ အဲဒီလူရဲ့ ရုပ်ပုံ၊ သွင်ပြင် မပါပဲနဲ့ သူရဲ့ ကလောင်ဖျားမှာတင် သူ့ဘဝ လေးပုံတပုံလောက် သိနိုင်တယ်လေ။


အဲဒီတော့ အဆိပ်အတောက်လဲ မပါအောင် ၊ခံစားချက်လေးလဲ ပြေလျော့အောင်၊ ကြွားရာလဲ မရောက်အောင် ဘယ်သူကိုမှ ထိခိုက် နစ်နာ မှုလဲ မရှိအောင်၊ စိတ္တဇလည်း မပါအောင် ပဲ ရေးချင်တယ် ။ လူဆိုတာ စိတ္တဇနဲ့ မကင်းတဲ့ သတ္တဝါပဲလေ ။ ဖတ်တဲ့သူတွေ ဗဟုသုတရအောင် သုတရသ ပါအောင်ရေးနိုင်တဲ့ စာရေးသူပုဂ္ဂိုလ်များကိုတော့ လေးစားမိတယ် ။


ဒီပုဂ္ဂိုလ်တွေရဲ့ စာတွေ ကြိုက်ရင် အနှီပုဂ္ဂိုလ်တွေရဲ့ အင်စပိုက်ရေးရှင်း လွှမ်းမိုးမှု အငွေ့ အသက်လေးတွေ တော့ ကိုယ်ရေးတဲ့စာတွေထဲ ပါလာမှာပဲ ။ ဘယ်သူ့ကို လေးစားမိလဲ ဆိုတာတော့ စာတွေ ရေးတာ များလာမှ ကိုယ့်ဘာသာကိုယ် ရှာဖွေကြည့်တော့မယ် ။


ပေါ့ပေါ့ပါးပါး အဆင့်လောက်ပဲ ရေးတတ်တဲ့ ကိုယ်ကတော့ လေးနေရင်တောင် ပြန်ဖြုတ်ချ မိမှာပဲ ။ စာတပုဒ်ရေးရင် ကိုယ် အတပ်မက်ဆုံးအရာက ရေးသူရဲ့ ရိုးသားမှုပဲ ။ " ရိုးသား" တယ် ဆိုတဲ့ စကားလုံးထဲမှာ "ရိုး" ဆိုတဲ့ စာလုံးက လည်မလိုနဲ့ ရှုပ်တဲ့ စကားလုံးပဲ ။ ရိုးသားတယ် ဆိုတဲ့ စကားကို ခရေဇီ ဖြစ်လိုက်တာနဲ့ မရိုးတော့တာ ။သူက ပရော်ဘလန် ။ သူ့ကို အလွဲသုံးစားလုပ်နေသူတွေ တပုံကြီး အများကြီး ။ အမှန်ပြောရရင် ကိုယ် ဒါတွေ အတွက် sick ဖျားနေတာ ကြာပြီ ။ လုံးဝ မရိုးတဲ့ ရိုးသားမှု ။ လုံးဝ မရိုးသားတဲ့ ရိုးသားမှု ။ ပြီးတော့ လုံးဝ ရိုးမသွားတဲ့ ရိုးသားမှုတွေ ပါတဲ့ စာတွေဟာ ကိုယ့်လို လူတွေ အတွက် အာဟာရတွေပဲ ။ ဆီဦးထောပတ်တွေ မဖတ်ချင်ပါဘူး ။


ဒီလိုပေါ့လေ....




စာလေးတွေ ရေးချင်တယ်... စာလေးတွေ ရေးဦးမယ်.... စာမဖတ်ပဲနဲ့ စိတ်ကို ဖတ်ပြီးလဲ ရေးမယ်.... စိတ်ကို မေ့ထားပြီး စာတွေ ဖတ်ပြီးလဲရေးမယ်.... တနှစ်လောက်မှ တပုဒ်ပဲဖြစ်ဖြစ်.... ဘသူမှ မကြိုက်ရင်နေပါစေ .. ကိုယ်မလိုအပ်ပါဘူး... ကိုယ်လိုအပ်တာ ကိုယ့်ဘာသာကိုယ်ပါပဲ... ။ ကိုယ့် အာဟာရအတွက် ရေးလိုက်ပါဦးမယ် နော်။






ပျော်ရွှင်ပါစေ




မှ


ရေးသူ

Comments

  1. (စာတပုဒ်ရေးရင် ကိုယ် အတပ်မက်ဆုံးအရာက ရေးသူရဲ့ ရိုးသားမှုပဲ ။ )
    ဒါလေးကိုယ်နဲ့အမြင်တူတယ်....
    ကိုယ်လဲရိုးသားစွာရေးသားမှုကိုတပ်မက်တယ်...

    ReplyDelete
  2. ရေးဖြစ်အောင်ရေးနော် အားပေးနေမယ်...

    ReplyDelete
  3. ကျေးဇူးပါ သယ်ချင်း

    ReplyDelete
  4. အလို...ပထမဆုံးပို့စ်မှာမှ ဦးဟန်ကြည် ရောက်ဖြစ်သကိုး...မင်္ဂလာရှိလိုက်လေခြင်း...စာလုံးပေါင်းသတ်ပုံနဲ့ပတ်သက်လို့ ကိုယ်လို sensitive ဖြစ်တဲ့လူတစ်ယောက်ထပ်တွေ့ရပြန်တော့ ကျက်သရေရှိလိုက်လေခြင်း...ဘလော့ရွာအတွက် တစ်အားတက်လိုက်ပါဘိတော့တယ်...

    ဒါတင်ဘယ်ကလိမ့်တုန်း...ဦးဟန်ကြည် တွင်တွင်သုံးတဲံ့ အနှီတို့ အနှာတို့ကိုပါ တွေ့လိုက်ရပြန်တော့...ကိုင်း...အနှီထက် ပိုချမ်းမြေ့တဲ့ ဖရဏာပီတိ ဘယ်မှာရှိလိမ့်တုန်းဗျာ...း)

    ပျော်ရွှင်ချမ်းမြေ့သော ဘလော့ဒေးဖြစ်ပါစေဗျား...

    ReplyDelete
  5. မင်္ဂလာပါရှင့် ကျေးဇူးအများကြီး တင်ပါတယ်... FB ကို ညောင်းလာလို့ ဘလော့ ဘက် မျက်စေ့အစာလာကျွေးတာပါရှင့်... :D

    ReplyDelete
  6. ကိုယ်လည်းစာလုံးပေါင်းမှားတဲ့အခါရှိပေမဲ့
    ပုံနှိပ်ထုတ်တဲ့ဝတ္ထုတွေမှာစာလုံးပေါင်းမှားရင်ဆက်မဖတ်ချင်ဘူး။
    ကိုယ်ခိုင်ရေးတာတွေသဘောကျတယ်။
    အိုင်အိုရာ

    ReplyDelete
  7. ကျေးဇူး သယ်ချင်း အိုင်အိုရာ :)

    ReplyDelete
  8. မသီတာ ညွှန်လို့ ရောက်လာတယ်။ ရေးချင်တာ ရေးသာရေး.. ပုံလေးထဲကလို self censored နည်းနည်းပါးပါးပဲ လုပ်ပေါ့.. :)

    ReplyDelete
  9. လည်လည်လာသွားပါတယ်ရှင့်း)

    ခင်မင်လျက်
    ဆုမြတ်မိုး

    ReplyDelete
  10. Kay... လေဒီဒလဟောလေးလား...:P လာလည်တာ ဝမ်းသာပါတယ်နော်

    ဆုမြတ်မိုး.... လာလည်တာ ကျေးဇူးတင်ပါတယ် ညီမ ပျော်ရွှင်ပါစေနော်

    ReplyDelete
  11. စာလုံးပေါင်းတော့ ပုံရိပ်လည်း တတ်နိုင်သလောက် မှန်အောင် ကြိုးစားတယ်။ စိတ်ကို ဖတ်ပြီး ရေးနိုင်ပါစေ။

    ReplyDelete
    Replies
    1. ကျေးဇူးပဲနော် ညီမ ပုံရိပ်

      Delete

Post a Comment

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်