ချစ်စရာ မုန်းစရာ အေဗီတာ ( အပိုင်း ၁ ) By Spring Flowers


May 23, 2012 at 1:41pm
  •               တောင်အမေရိကတိုက်မှာ အာဂျင်တီးနားနိုင်ငံက အေဗီတာ Evita ဆိုရင် မသိသူမရှိ ။ တကယ်ကတော့ အဲဒီနာမည်က တောင်အမေရိကတင်မက ဥရောပ၊ အမေရိကနဲ့ တခြားနေရာများမှာလည်း သိကြပါတယ်။ နာမည်ကြီးသလောက်လည်း ခံစားမှုအမျိုးမျိုးကို ဖြစ်စေတဲ့သူ ။ သူ့ဇာတိရပ် အာဂျင်တီးနားမှာတော့ '' အေဗီတာထိ ဓါးကြည့်'' လို့ ဆိုရလောက်အောင် သူ့ကို အသည်းအသန်ကိုးကွယ်တဲ့လူတွေရှိခဲ့တယ်။ သူသေတော့ ရှိုက်ကြီးတငင် ငိုတဲ့လူတွေ သန်းပေါင်းများစွာရှိသလို ရှန်ပိန်ခွက်တချွင်ချွင်နဲ့ အောင်ပွဲခံတဲ့လူတွေလည်း ရှိခဲ့တာဘဲ။ အသက် ၃၃ နှစ်မှာ သေတယ်ဆိုတာကို တွေးကြည့်လိုက်ပါ ။ အရွယ်ကောင်း လို့ ဆိုဖို့တောင် စောနေသလိုဘဲ မဟုတ်လား  ။ ဒါပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ လောကကြီးက ထွက်သွားခဲ့သူလို့ မယုံနိုင်လောက်အောင် အေဗီတာက ချစ်ခင်ကိုးကွယ်မှုတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ သေပြီးတဲ့နောက်မှာတောင် ပြီးမသွားဘဲ ဆေးစိမ်ထားတဲ့ သူ့အလောင်းဟာ ပြောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေသေး ....ဒါဆို Evita ဆိုတာ ဘယ်သူပါလိမ့် ............။


အမည်အပြည့်အစုံ            ................    Eva Peron
လူသိများတဲ့ နာမည်          ................    Evita  သို့မဟုတ် Evita Peron
မွေးသက္ကရာဇ်                   ................    ၁၉၁၉ မေလ ၇ ရက်နေ့
သေဆုံးတဲ့နှစ်                  ................    ၁၉၅၂ ဇူလိုင် ၂၆
ရာထူး                            ................    ၂၆ ယောက်မြောက် အာဂျင်တီးနား သမ္မတ ဟွမ် ပေရွန်း  Juan Peron ရဲ့ ဒုတိယဇနီး
  •                   အာဂျင်တီးနားဆိုတဲ့ တိုင်းပြည်ရှိရာ လက်တင်အမေရိက Latin America ဆိုတာ ဘာလဲလို့ အရင် ပြောပါရစေ။ ဟိုးအရင်တုန်းက အီတလီနိုင်ငံရောမမြို့မှာ လက်တင် Latin ဆိုတဲ့ စကားကို ပြောကြသတဲ့ ။ နောက်တော့ ရောမသားတွေဟာ တခြား ဥရောပနိုင်ငံတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး ရောမအင်ပါယာဆိုတာကြီးကို တည်ထောင်ခဲ့ကြတယ်။ ဒီတော့သူတို့ ပြောတဲ့ လက်တင်စကားဟာလည်း တစ်ခြားတိုင်းပြည်တွေကို ပြန့်နှံ့ပြီးသကာလ အဲဒီအရပ်ဒေသတွေမှာ အရင်ရှိပြီးသား တိုင်းရင်းသားစကားတွေနဲ့ ရောထွေးပြီး  စပိန်၊ အီတလီ၊ ပြင်သစ်၊ ပေါ်တူဂီ၊ ရိုးမေးနီးယား စတဲ့ စကားတွေ ဖြစ်လာတယ်။ ဒါကြောင့် အဲဒီဘာသာစကားတွေကို လက်တင်က ဆင်းသက်လာတဲ့ ဘာသာတွေ လို့ ခေါ်တယ်။ ၁၅ ရာစုမှာ ပေါ်တူဂီနဲ့ စပိန်တွေဟာ တောင်အမေရိကတိုက်ဖက်ကို သွားပြီး နယ်ချဲ့ကြပြန်တယ်။ သူတို့ကိုလိုနီဖြစ်သွားရတဲ့တိုင်းရင်းသားတွေရဲ့ ဒေသစကားတွေဟာ စပိန်နဲ့ ပေါ်တူဂီစကားရဲ့ ၀ါးမြိုခြင်း ခံလိုက်ရတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ အမေရိကန်နိုင်ငံရဲ့ အောက်နားတောက်လျှောက်က နိုင်ငံတွေနဲ့ တောင်အမေရိကတိုက်တစ်ခုလုံးမှာ စပိန်နဲ့ ပေါ်တူဂီစကားကို အဓိကသုံးကြတယ်။ အတိအကျပြောရရင်တော့တောင်အမေရိကတိုက်ရဲ့ အကြီးဆုံးနိုင်ငံ ဘရာဇီးက ပေါ်တူဂီစကားပြောပြီး ကျန်တဲ့ နိုင်ငံတွေက စပိန်စကား ပြောကြတယ်။ ( ပြင်သစ်၊ ဒပ်ခ်ျနဲ့ ဒေသသုံးစကားတွေလည်း အနည်းငယ်ရှိတယ် ။ ) အဲဒီလို လက်တင်ဘာသာက ဆင်းသက်လာတဲ့ စပိန်နဲ့ ပေါ်တူဂီစကားတွေကို သုံးလို့ လက်တင်အမေရိကလို့ ခေါ်တာပါ ။

 အမေရိကန်နိုင်ငံရဲ့ အောက်ပိုင်းတစ်လျှောက် ( အစိမ်းရောင်ခြယ်ထားတဲ့နေရာတစ်ခုလုံး )ကို Latin Americaုလို့ ခေါ်တယ်။
အမေရိကန်နိုင်ငံရဲ့ အောက်ပိုင်းတစ်လျှောက် ( အစိမ်းရောင်ခြယ်ထားတဲ့နေရာတစ်ခုလုံး )ကို Latin Americaုလို့ ခေါ်တယ်။
အကြီးဆုံးနိုင်ငံဖြစ်တဲ့ဘရာဇီးတစ်ခုသာ ပေါ်တူဂီစကားပြောပြီး ကျန်တဲ့နေရာတွေအားလုံးနီးပါး ( အာဂျင်တီးနား ) အပါအ၀င် စပိန်စကားကို သုံးကြသည်။  တကမ္ဘာလုံးမှာ တရုတ် Mandarin စကားပြောသူ သန်း ၈၅၀ လောက်ရှိပြီး စပိန်စကားပြောတဲ့သူက သန်း ၅၀၀ လောက်နဲ့ ဒုတိယလိုက်တယ်လို့ ဆိုတယ်။
အကြီးဆုံးနိုင်ငံဖြစ်တဲ့ဘရာဇီးတစ်ခုသာ ပေါ်တူဂီစကားပြောပြီး ကျန်တဲ့နေရာတွေအားလုံးနီးပါး ( အာဂျင်တီးနား ) အပါအ၀င် စပိန်စကားကို သုံးကြသည်။ တကမ္ဘာလုံးမှာ တရုတ် Mandarin စကားပြောသူ သန်း ၈၅၀ လောက်ရှိပြီး စပိန်စကားပြောတဲ့သူက သန်း ၅၀၀ လောက်နဲ့ ဒုတိယလိုက်တယ်လို့ ဆိုတယ်။
  •                     အာဂျင်တီးနားက လက်တင်အမေရိကမှာ ဘရာဇီးပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံပါဘဲ ။ အေဗီတာကို အာဂျင်တီးနား တောင်ပိုင်းက တောမြို့လေးတစ်မြို့မှာ မွေးတာပါ။ မွေးချင်း ငါးယောက်ထဲမှာ အငယ်ဆုံးတဲ့ ။ သူ့အဖေက ခြံ မြေ ပိုင်ရှင် လူကုံထံတစ်ယောက် ဖြစ်ပြီး တောသဌေး ရပ်ရွာလူကြီးလို့ ဆိုပါတယ် ။ ဒါပေမယ့် ပြသာနာက သူ့အဖေမှာ မိန်းမ ၂ ယောက်ရှိနေပါသတဲ့ ။ အဲဒီ ၂ ယောက်ထဲမှာ အေဗီတာ တို့ အမေက အငယ်အနှောင်း တရားမ၀င်သူဆိုတော့ အေဗီတာတို့ မောင်နှမငါးယောက်ကလည်း တရားမ၀င် သားသမီးတွေပေါ့။ အစကတော့ သူ့အဖေဟာ မိသားစုနှစ်စုလုံးကို မျှမျှတတ စောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် အေဗီတာကို မွေးလာတဲ့ ၁၉၁၉ နောက်ပိုင်းမှာ နိုင်ငံရေးတွေ မတည်ငြိမ်၊ စီးပွားရေးတွေ ကျတော့ ကသီလင်တတွေဖြစ်ပြီး သူ့အဖေဟာ မိသားစု ၂ စုထဲက တစ်စုကို ရွေးရမယ့် အခြေအနေဆိုက်လာခဲ့တယ်။ တိုတိုပြောရရင်တော့ အဖေဟာ တရားမ၀င်တဲ့ အေဗီတာတို့ မိသားစုကို မရွေးခဲ့ ။ အဖေ ပစ်သွားတော့ အေဗီတာက ၁ နှစ်သမီး ။ မသိတတ်ခင်အရွယ်ကတည်းက  စွန့်ပစ်ခံလိုက်ရတဲ့ အဖြစ်ဟာ သူ့စိတ်မှာ ဖျောက်ဖျက်လို့ မရအောင် စွဲကျန်နေခဲ့တယ် လို့ ဆိုတယ် ။ အေဗီတာ ၆ နှစ်လောက်မှာ အဖေ ကားမှောက်ပြီး သေတယ်။ အဖေဆီက ရလိုက်တာဆိုလို့  ဒွာတေ Duarte ဆိုတဲ့ မျိုးရိုးနာမည် တစ်ခု သာပါ ။ ဒါကြောင့် အေဗီတာရဲ့ ငယ်နာမည်က မာရီယာ အေဗာ ဒွာတေ Maria Eva Duarte တဲ့ ။

Maria Eva Duarte
Maria Eva Duarte
  •                အဖေပစ်သွားတဲ့ကတည်း သူ့အမေဟာ ကလေးတစ်ပြုံနဲ့ ဖြစ်သလို ရုန်းရတာ အဖေဆုံးတော့ ပိုးဆိုးတော့တာပေါ့ ။ တပြားတချပ်မှ ထောက်ပံမယ့်သူ မရှိတော့ဘူး ။ ဒါကြောင့် သူတို့မိသားစုဟာ အဆင်းရဲဆုံးဆိုတဲ့ ရပ်ကွက်ကို ရွှေ့ပြီး အမေနဲ့ သမီးအကြီးတွေဟာ အပ်ချုပ်လိုက်လို့ လိုက်၊ သူများအိမ်တွေမှာ ထမင်းချက်လုပ်လိုလုပ်နဲ့ ကြုံသလို စားဝတ်နေရေးကို ဖြေရှင်းခဲ့ရသတဲ့။ နောက်ပိုင်းမှာ အေဗီတာရဲ့ အစ်ကိုတွေအလုပ်ရတော့ နည်းနည်းပိုအသက်ရှူချောင်လာခဲ့တယ်။ အရင်ကနေတဲ့ တစ်ခန်းတည်းသောအိမ်ကနေ နည်းနည်းကျယ်တဲ့ အိမ်ကို ပြောင်းနိုင်ခဲ့ကြတယ် ။ အေဗီတာကိုလည်း ကျောင်းထားနိုင်ခဲ့ကြတယ်။ ဒါပေမယ့် အေဗီတာဟာ စာကို စိတ်မ၀င်စား ။ ကျောင်းပြဇာတ်တို့ တေးဂီတပွဲတို့ဆိုရင်တော့ ရှေ့ဆုံးက ပါတတ်တယ်။ သူက ရုပ်ရှင်ကိုလည်း အသေကြိုက်ဆိုဘဲ ။ စာကို ဟုတ်တိပတ်တိစိတ်မ၀င်စားဘဲ ငယ်ငယ်ကတည်းက ရုပ်ရှင်မင်းသမီးရူးရူးနေခဲ့တယ်။ အမေကတော့ ဆယ်ကျော်သက် အေဗီတာကို ကြည့်ပြီး သင့်တော်တဲ့ လူတွေ့ရင် ပေးစားလိုက်မှဘဲလို့ ကြံနေခဲ့သတဲ့ ။ဒါပေမယ့် မ အေဗီတာ တစ်ယောက်ကတော့ တောမြို့ကလေးမှာ ယောက်ျားယူ၊ ကလေးမွေးပြီး တော်ရုံ အိမ်ရှင်မအဖြစ်နဲ့ သူ့ဘ၀ကို နှစ်လိုက်ဖို့ နည်းနည်းမှ စဉ်းစားလို့မရ ။ လိုရင်းကိုပြောရရင်တော့ အေဗီတာဟာ အသက် ၁၅ နှစ်မှာ အာဂျင်တီးနားရဲ့ မြို့တော် ဘွေးနော့စ် အဲရစ်စ် Buonos Aires  ကို ယောင်လည်လည်နဲ့ မင်သမီးလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြီးပိုက်ပြီး ရောက်သွားပါတော့တယ်။
Buonos Aires ကို ရောက်လာတဲ့ ၁၅ နှစ်အရွယ် အေဗီတာ ( သူတို့ ၁၅ နှစ်ကလည်း ကြောက်စရာလန့်စရာ )
Buonos Aires ကို ရောက်လာတဲ့ ၁၅ နှစ်အရွယ် အေဗီတာ ( သူတို့ ၁၅ နှစ်ကလည်း ကြောက်စရာလန့်စရာ )
  •               ဘယ်လိုနည်းနဲ့ ဘွေးနော့စ် အဲရစ်စ် Buonos Aires မြို့ကို အေဗီတာ ရောက်သွားသလဲဆိုတာတော့ အမျိုးမျိုး ပြောကြတယ်။ တစ်ချို့ကတော့ လှတပတ အေဗီတာကို သူတို့ မြို့ကလေးမှာ လာဖျော်ဖြေတဲ့ Austin Magaldi ဆိုတဲ့ အဆိုတော်က သွေးဆောင်ဖျားယောင်းပြီး ခေါ်သွားတယ်လို့ ဆိုတယ်။ တစ်ချို့ကတော့ အေဗီတာက အဆိုတော်ကို မြူဆွယ်ပြီး အတင်းလိုက်လာတာလို့ ဆိုတယ်။ အေဗီတာတို့ မိသားစုကတော့ အေဗီတာကို တားလို့ မရလို့ အမေကိုယ်တိုင် မြို့ထိ ရထားနဲ့ လိုက်ပို့တယ်လို့ ဖာဖာထေးထေးပြောပြန်တယ် ။ ဘယ်လိုဘဲရောက်ရောက် အေဗီတာ မြို့ကို ရောက်သွားချိန်မှာ မင်းသမီးဖြစ်ချင်တဲ့ရည်ရွယ်ချက် ၊ အ၀တ်အစားတိုလီမိုလီထည့်ထားတဲ့ အိတ်တစ်လုံးနဲ့ သူ့ရုပ်ကလွဲလို့ ဘာမှမပါ။ ဘယ်သူမှလည်း မပါ။

  •                 ဒီလိုဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း တောသူ အေဗီတာတစ်ယောက် မြို့ပေါ်ရောက်တော့ မြို့နေဘ၀တွေဟာ သူထင်တာနဲ့ တခြားစီပါလား ဆိုတာ ပေါက်သွားပါသတဲ့ ။ အထူးသဖြင့် သူ့လို အခြေခံလူတန်းစားအတွက်ပေါ့ ။ သူတို့ တောမြို့သေးသေးလေးကလူတွေက Buonos Aires ဟာ ဘယ်လောက်ခန်းနားကြောင်း မစားရ၀မခန်း ပြောတတ်ကြတယ်။ မြို့ကို ရောက်ရင်ဘဲ ကိုယ်တွေရဲ့ စုတ်ပြတ်သတ်နေတဲ့ဘ၀တွေဟာ နတ်ရေကန်ထဲကျသွားသလို ပြောင်းသွားမယ့် ပုံ စိတ်ကူးယဉ်ဖဲရိုက်တတ်ကြတယ် လို့ အေဗီတာက နောက်ပိုင်းမှာ ပြန်ပြောပြပါတယ် ။ သူရောက်သွားချိန်မှာ ဆင်းရဲသားကျောမွဲတွေရဲ့ မြို့နေဘ၀ဆိုတာကြီးကို တွေ့တော့ သူ့ရဲ့ စိတ်ကူးယဉ်ပူဖောင်းလေးတွေလည်း ပေါက်ကုန်ရတော့တာဘဲ ။ အဲဒီအချိန်က ဘ၀သစ်စမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ဘွေးနော့စ် အဲရစ်စ် Buonos Aires မြို့ပေါ်တက်လာသူတွေဟာ ပုရွက်ဆိတ်အုံကြီး ပြောင်းလာတာထက် ဆိုးသတဲ့ ။ ခေတ်ကိုလည်း ကြည့်လိုက်ပါဦး ။ ၁၉၃၀ နဲ့ ၄၀ ကြားမှာ ၂၀ ရာစုရဲ့ အဆိုးဆုံး စီးပွားပျက်ကပ်ကြီးဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်ခဲ့တယ်။ အာဂျင်တီးနားလည်း ဘယ်လွတ်ပါ့မလဲ့ ။ တောက လယ်သမားတွေဟာ အလုံးအရင်းနဲ့ စက်မှုထွန်းကားတဲ့ မြို့ကို တက်လာကြတယ်။ နေစရာမရှိလို့ မြို့နီးချုပ်စပ်တွေမှာ villas miserias ဆိုတာတွေ နင်းကန်ပေါ်လာတယ်။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ villas of misery ...တကယ်တော့ ကျူးကျော်ရပ်ကွက်တွေကို ပြောတာပါ။ အေဗီတာလည်း အတိုင်းအတာတစ်ခုထိ အဲဒီ ကျူးကျော်ရပ်ကွက်တွေမှာ နေလိုက်ရသတဲ့ ။

မြို့တော် Buonos Aires
မြို့တော် Buonos Aires
villas miserias ခေါ် ကျူးကျော်ရပ်ကွက်များ
villas miserias ခေါ် ကျူးကျော်ရပ်ကွက်များ

  •                မြို့သူဌေးတွေမရှိဘူးလားဆိုတော့ ရှိပါ့ ။ ကျိကျိတက်ချမ်းသာတဲ့ အိုလီဂါ့ခ် oligarchs လို့ ခေါ်တဲ့ လူချမ်းသာတွေလည်း တိုင်းပြည်လူဦးရေနဲ့ ယှဉ်ရင် လက်တစ်ဆုပ်စာလောက်တော့ ရှိပါတယ် ။ အိုလီဂါ့ခ် oligarch ဆိုတာ ခရိုနီ crony တွေနဲ့ သူမသာ ကိုယ်အသုဘပါဘဲ ။ တိုင်းပြည်ရဲ့ ဂုတ်သွေးစုပ် လူချမ်းသာ ( များသောအားဖြင့် အာဏာလည်း ရှိတဲ့ )  လူချမ်းသာတစ်စုကို ဆိုလိုတယ်။ အိုလီဂါ့ခ်တွေဟာ ပုရွက်ဆိတ်တွေလို အုံနဲ့ ကျင်းနဲ့ မြို့ပေါ် တရစပ်ရောက်ချလာနေတဲ့ တောသားတွေကို ကြည့်ပြီး မျက်လုံးပြူးမျက်ဆံပြူး ဖြစ်နေကြတယ်။ သူတို့က တောသား ဆင်းရဲသားတွေကို black heads တွေလို့ ခေါ်တယ်။ ဆင်းရဲသား အသားမည်းတွေပေါ့ ။ အေဗီတာသည်လည်း အဲဒီ ဆင်းရဲသား ကျောမွဲတွေထဲက တစ်ယောက် ။ သူ့အတွက် အနှိမ်ခံရတာ၊ မတရားဆက်ဆံခြင်းခံရတာနဲ့ တခုခုဖြစ်ရင် ဘယ်သူကမှ ဟုတ်တိပတ်တိ ရပ်တည်ပေးခြင်းမရှိတာတွေဟာ အဆန်းမဟုတ် ။ ငယ်ငယ်ကတည်းက မျက်ဝါးထင်ထင်လည်း မြင်ရတယ်။ ကိုယ်တွေ့လည်း ဖြစ်ခဲ့တယ်။

  •                 ဒီလိုနဲ့ သူအနုပညာလောကထဲ ရောက်လာခဲ့တယ်။ ဘယ်လိုနည်းနဲ့ ရောက်လာသလဲဆိုတာကလည်း သိပ်မသဲကွဲ ။ သူ့ကို ခေါ်လာတဲ့ အဆိုတော်ရဲ့ ပြောဆိုပေးမှုကြောင့်လို့ဆိုသူက ဆိုတယ်။  မြို့တော်ကြီးမှာ စားဝတ်နေရေးတင်မက ရုပ်ရှင်မင်းသမီးဖြစ်ရစေ့မယ်ဆိုတဲ့ ရည်ရွယ်ချက်ကိုလည်း အကောင်အထည်ဖော်ဖို့ စပွန်ဆာပေးတဲ့ ကိုကိုတွေကို ထည်လဲတွဲခဲ့ရတယ်လို့ ပြောသူပြောတယ်။  ဘာဘဲဖြစ်ဖြစ် အသားအရည် လှလှနဲ့ အရပ်မြင့်မြင့် အေဗီတာဟာ သုံးနှစ်လောက်အကြာမှာတော့ သိပ်နာမည်မကြီးတဲ့ သရုပ်ဆောင် မော်ဒယ် တစ်ယောက်ဖြစ်လာတယ်။ သူပါဝင်ရတာတွေက များသောအားဖြင့် B-grade movie လို့ ခေါ်တဲ့ ဘတ်ဂျက်နည်းနည်းနဲ့ ရိုက်တဲ့ ရုပ်ရှင်တွေပါ ။

  •               ၁၉၄၂ လောက်မှာတော့ သူဟာ လျမ်းလျမ်းတောက်မဟုတ်ပေမယ့် လူတော်တော်သိနေပါပြီ ။ ငွေရေးကြေးရေးလည်း ပြေလည်နေပြီ။ သူက ရုပ်ရှင်မှာထက် ရေဒီယိုဇာတ်လမ်းတွေမှာ ပိုအဆင်ပြေတယ်။  အာဂျင်တီးနားရဲ့ နာမည်အကြီးဆုံး ရေဒီယိုတစ်ခုက နေစဉ်လွှင့်တဲ့ ရေဒီယို ဇာတ်လမ်းတစ်ပုဒ်မှာ ပါခွင့်ရခဲ့တယ်။ တစ်နှစ်ထဲမှာဘဲ နောက်ရေဒီယိုတစ်ခုက သူ့ကို ၅ နှစ်စာချုပ်နဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဖို့ ငှားလိုက်ပြန်တယ်။ အဲဒီနောက်တော့ သူဟာ  အဲဒီရေဒီယိုရဲ့ ပိုင်ရှင်တစ်ဝက် ဖြစ်လာတဲ့ အထိ ၀င်ငွေကောင်းလာခဲ့တယ်။ ရုပ်ရှင်မှာ သိပ်မဖြစ်မြောက်ပေမယ့် ရေဒီယို မင်းသမီးတွေထဲမှာ ကြေးအမြင့်ဆုံးရသူ တစ်ယောက်ဖြစ်လာတယ်။

  •               ၀င်ငွေကောင်းလာပုံက သူဟာ ဘွေးနော့စ်အဲရစ်စ် Buonos Aires မြို့တော်ရဲ့ သူဌေးတွေနေတဲ့ ရေကော်လက်တာ Recoleta ဆိုတဲ့ ရပ်ကွက်မှာ တိုက်ခန်းဝယ်နိုင်တဲ့ အထိ ။ Recoleta မှာ နေနိုင်ဖို့ ဆိုတာ တော်ရုံသူဌေး မစဉ်းစားနိုင်တဲ့ ကိစ္စ။ ပန်းခြံတွေ၊ ပလာဇာတွေ၊ ရုပ်တုတွေနဲ့ အရမ်းခန်းနားတဲ့ နေရာ ။ အာဂျင်းတိုင်း Argentine ( အာဂျင်တီးနား နိုင်ငံသား တွေကို Argentine သို့မဟုတ် Argentinian လို့ ခေါ်တယ် ) တွေက ''  အသက်ရှင်နေစဉ်မှာ ဘယ်လောက်ဘဲ ချမ်းသာပါစေ နာမည်ကြီးပါစေ ၊ သေလို့ Recoleta သင်္ချိုင်းမှာမှ အမြှုပ်မခံရရင် မင်းဟာ ဘာကောင်မှ မဟုတ်ဘူး '' လို့တောင် ဆိုလေ့ရှိကြသတဲ့ ။


အေဗာဒွာတေဆိုတဲ့ ငယ်နာမည်နဲ့ သရုပ်ဆောင် အေဗီတာ
အေဗာဒွာတေဆိုတဲ့ ငယ်နာမည်နဲ့ သရုပ်ဆောင် အေဗီတာ

  •             ရေဒီယိုမင်းသမီး အေဗီတာဟာ ၁၉၄၃ မှာ အာဂျင်တိုင်း ရေဒီယိုအသင်း Argentine Radio Syndicate ကို စတင်တည်ထောင်သူများမှာ တစ်ယောက် ဖြစ်လာခဲ့တယ်။ ဒါဟာ သူ နိုင်ငံရေးထဲ စတင်ဝင်လာခြင်း ။ ၁၉၄၄ မှာ သူ့ရဲ့ ဖူးစာရှင် ဗိုလ်မှုး ပေရွန်း Peron ကို တွေ့ခဲ့တယ်။ သူတို့ နှစ်ယောက်ရဲ့ ဖူးစာရေးနတ်က ကဗျာတော့ မဆန်လှ ... ၁၉၄၄ မှာ အာဂျင်တီးနား အနောက်ပိုင်းက ဆန်ဟွမ်း San Juan ဆိုတဲ့ မြို့မှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးနဲ့ ပတ်သက်ပြီး တွေ့ကြပါ  ။ အဲဒီငလျင်ကြောင့် လူခြောက်ထောင်လောက် သေပြီး ပျက်စီးဆုံးရှုံးမှုတွေလည်း အများကြီး ။ ဒီတော့ ငလျင်ဒဏ်ခံလိုက်ရတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ရေးအတွက် ရံပုံငွေပွဲကို အာဂျင်တိုင်း အလုပ်သမားရေးရာ ဌာနက ဦးစီးပြီးလုပ်ပေးခဲ့တယ်။ ရံပုံငွေပွဲတွေလုပ်ရာမှာ ပါဝင်ကူညီပေးဖို့  အနုပညာရှင်တွေကို ဌာနက ဖိတ်ကြားခဲ့တယ်။ အလုပ်သမားရေးရာ ဌာနကို အုပ်ချုပ်ရသူက နောက်ပိုင်းမှာ သမ္မတလည်း ဖြစ် ၊ အေဗီတာရဲ့ ခင်ပွန်းလည်း ဖြစ်လာမယ့် ဗိုလ်မှုး ပေရွန်း Peron ပါဘဲ  ။ ပေရွန်း ရဲ့နာမည်အပြည့် အစုံက ဟွမ် ဒိုမင်းဂိုး ပေရွန်း Juan Domingo Peron ပါတဲ့ ။ ( စပိန်ဘာသာမှာ J ကို  '' ဟ ''သံထွက်တာကြောင့် Juan ကို ဟွမ် လို့ အသံထွက်ပါသည်။ ဥပမာ အမေရိကန် တက္ကသိုလ်တစ်ခု ဖြစ်တဲ့ San Jose ကို ဆန်ဟိုဆေး လို့ အသံထွက်သလိုမျိုး ။ ) ။

            သူတို့ ၂ ယောက်ဟာ အဲဒီရန်ပုံငွေပွဲမှာ တွေ့ကတည်းက တစ်တွဲတွဲ ခွဲလို့ကို မရတော့ ။ ပေရွန်းက ၄၈ နှစ် ။ အေဗီတာက ၂၄ နှစ်မို့ အသက်ထက်ဝက်တိတိ ကွာတယ်။


  •              အသက်ကြီးရုံမက ပေရွန်းက မုဆိုးဖိုဖြစ်ပြီး လူရည်လည် ဘ၀အတွေ့အကြုံများသူတစ်ယောက်ပါ ။  အသက် ၂၀ ကျော်ဘ၀ကတည်းက စစ်တက္ကသိုလ်တက်ပြီး စစ်တပ်ထဲ ရောက်နေသူ ၊ စစ်တက္ကသိုလ်မှာဘဲ Military History သင်တဲ့ ဆရာအဖြစ် နှစ်အတော်ကြာ လုပ်ဖူးခဲ့တယ် ။ နောက်တော့ အာဂျင်တီးနားနဲ့ ကပ်နေတဲ့ ချီလီ Chile နိုင်ငံက အာဂျင်တီးနား သံရုံးမှာ စစ်ရေးကျွမ်းကျင်သူအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးတယ်။ အီတလီနိုင်ငံ အဲပ်စ် Alps တောင်တန်းတွေမှာသွားပြီး mountain warfare ဆိုတာကို သင်ဖူးတယ်။ mountain warfare ဆိုတာ ရန်သူကို နိုင်အောင်တိုက်ရုံမက တောင်ပေါ်ဒေသက ဆိုးဝါးကြမ်းတမ်းတဲ့ ရာသီဥတု၊ အန္တရာယ်များတဲ့ မြေအနေအထားတွေပေါ်မှာ ဘယ်လို ရှင်သန်မလဲဆိုတာကို သင်တာ ဖြစ်ပြီး များသောအားဖြင့် ဥရောပမှာ အမြင့်ဆုံးတောင်တွေရှိတဲ့ အဲပ်စ် Alps တောင်တန်းတွေမှာ လုပ်တာများလို့ Alpine warfare လို့လည်း ခေါ်သတဲ့ ။  တိုတို ပြောရရင်တော့ ပေရွန်ဟာ အီတလီ၊ ပြင်သစ်၊ စပိန်၊ ဟန်ဂေရီ၊ ယူဂိုစလာဗီးယား၊ အယ်ဘေးနီးယား စတဲ့ နိုင်ငံတွေမှာလည်း တာဝန်ကျဖူးတဲ့ သဘာရင့် စစ်သား။ အဲဒီအချိန်က ခေတ်စားနေတဲ့ အီတလီက မူဆိုလီနီရဲ့ ဖက်စစ်ဝါဒ၊ ဂျာမနီက ဟစ်တလာရဲ့ နာဇီဝါဒ တွေကို  အတိုင်းအတာတစ်ခုအထိ သဘောကျသူလည်း ဖြစ်သတဲ့ ။ အထူးသဖြင့် သူက အီတလီဖက်ဆစ်အာဏာရှင် မူဆိုလီနီရဲ့ အမျိုးသားရေးဝါဒ ပေါ်လစီတွေကို သဘောတွေ့သူလို့ ဆိုတယ်။  အေဗီတာနဲ့ တွေ့ချိန်မှာ သူက စစ်တပ်ထဲမှာ အတော်လေး အရေးပါသူ ဖြစ်နေပါပြီ ။ နောက်ပြီး အလုပ်သမားရေးရာ ဌာနရဲ့ ခေါင်းဆောင်။ အလုပ်သမားအရေးတွေကို ကိုယ်တွယ်ဖြေရှင်းရသူမို့ အောက်ခြေလူတန်းစားနဲ့ ရင်းနှီးပြီး ပြည်သူလူထုအပေါ်မှာ ပါဝါရှိသူ ဖြစ်တယ်။
အလုပ်သမားရေးရာဌာနခေါင်းဆောင် စစ်ဗိုလ်ပေရွန်း
အလုပ်သမားရေးရာဌာနခေါင်းဆောင် စစ်ဗိုလ်ပေရွန်း

  •               အေဗီတာနဲ့ ပေရွန်းဟာ ငလျင်ဒုက္ခသည်ကယ်ဆယ်ရေးမှာ တွေ့ပြီးကတည်းက အတူတူ တပူးတွဲတွဲ ။ အဲဒီအချိန်ကာလက လက်မထပ်ဘဲ အတူနေတာ ခေတ်မစားသေးတော့ သူတို့စုံတွဲဟာ အတော်လေး ကဲ့ရဲ့ခံခဲ့ရတယ်။ အထူးသဖြင့် နိုင်ငံရေးသမားနဲ့ ဖျော်ဖြေသူ သဘင်သည်ဆိုတာ အဆင့်မတူဘူး လို့ သတ်မှတ်ထားကြတဲ့ ကာလ။ ဒါကြောင့် ပေရွန်းရဲ့ စစ်တပ်အသိုင်းအ၀ိုင်းက သူတို့ ၂ ယောက် တွဲနေတာကို ခါးခါးသီးသီး ရှုတ်ချခဲ့တယ်။ ထူးဆန်းတယ်လို့ ဘဲ ပြောရမလား မသိ ။ ပေရွန်းဟာ သူ့အသိုင်းအ၀ိုင်းက မကျေနပ်တာကို သိသိကြီးနဲ့ဘဲ အေဗီတာကို အတော်လူရာသွင်းခဲ့ပါတယ် ။ အစည်းအဝေးပွဲတွေမှာတောင် အေဗီတာကို အနားမှာ ထိုင်ခိုင်းထားတတ်သတဲ့ ။ မိန်းမတွေ ခေါင်းဆောင်ပိုင်းနေရာမှာ မရှိတဲ့ခေတ်၊ အထူးသဖြင့် အာဂျင်တိုင်း စစ်အသိုင်းအ၀ိုင်းဟာ မာချိစမို machismo လို့ ခေါ်တဲ့ ယောက်ျားဝါဒစွဲတွေ လို့ နာမည်ကြီးချိန်ဆိုတော့ ပေရွန်းက အေဗီတာကို ပစားပေး ရှေ့တန်းတင်နေတာဟာ စစ်ဗိုလ်ချုပ်ကြီးတွေအတွက် အတော် ရင်ခံချင်စရာပါ ။

  •               အေဗီတာဟာ အစကတော့ နိုင်ငံရေးကို နားမလည်ဘဲ ပေရွန်းကြောင့်သာ သူ့အသိုင်းအ၀ိုင်းထဲ ရောက်လာတာလို့ ဆိုတယ်။ ပေရွန်းအပြောကတော့ ငယ်ရွယ်တဲ့ အေဗီတာကို သူ့တပည့်အဖြစ်ရွေးတာဟာ သူ့ကိုယ်ပွားတစ်ခုကို ဖန်တီးတာ ဆိုဘဲ ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အေဗီတာကတော့ ပေရွန်းတန်ခိုးနဲ့ ရေဒီယိုမှာ လခတိုးသွားပြီး ရေဒီယိုထုတ်လွှင့်သူများ အသင်းဖွဲ့တော့ ဥက္ကဌဖြစ်လာတယ်။ ဥက္ကဌဖြစ်ပြီးတာနဲ့ အေဗီတာဟာ ရေဒီယိုကနေ  ပိုလှတဲ့ အနာဂတ် ဆီသို့ '' Towards a Better Future ''  ဆိုတဲ့ ဇာတ်လမ်း စီးရီးတစ်ခုကို နေ့တိုင်း လွှင့်ပါတော့တယ် ။ အဲဒီ စီးရီးဟာ တကယ်တော့ ပေရွန်းရဲ့ အောင်မြင်မှုတွေကို ဇာတ်လမ်းလို ဖွဲ့ထားတဲ့ ၀ါဒဖြန့် စီးရီးတစ်ခု ဖြစ်ပြီး မကြာခဏဆိုသလို ပေရွန်းရဲ့ မိန့်ခွန်းတွေကို ထည့်လွှင်တတ်တယ် ။ သူကိုယ်တိုင် ၀င်သရုပ် ၀င်ဆောင်တဲ့ အခါ အေဗီတာဟာ စကားကြီးစကားကျယ်တွေ မသုံးဘဲ လူတိုင်းနားလည်လွယ်တဲ့ အရပ်သုံးစကားနဲ့ ပြောတတ်တယ်။ သူ့အသံဟာ အင်မတန်အားပါတက်ကြွပြီး  သူကိုယ်တိုင် ပေရွန်းအပေါ်ယုံကြည်သလို နားထောင်သူ ပရိသတ်က ယုံစားအားကိုးလာအောင် ပြောပြတတ်တယ်။

  •                  ပေရွန်း စစ်တပ်ထဲမှာ တန်ခိုးအာဏာထွားလာတာကို သမ္မတ ပေဒရို Pedro Pablo Ramirez က ရိပ်မိပေမယ့် တားဖို့က အခက် ။ ပေရွန်းဟာ စစ်တပ်တင်မက လူထုအပေါ်မှာလည်း သြဇာရှိနေသူ မဟုတ်လား ။ သိပ်မကြာခင်မှာ သမ္မတ ပေဒရိုဟာ ကိုယ့်သဘောနဲ့ ကိုယ်နှုတ်ထွက်သွားခဲ့တယ်။ တစ်ချို့ကတော့ ပေရွန်းလက်ချက်လို့ ဆိုတယ်။ ဘာကြောင့်လည်းဆိုတော့ အသစ်တက်တဲ့ သမ္မတက ပေရွန်းသူငယ်ချင်း ဖာရယ် Farrel ဆိုသူ ။ ပေရွန်းဟာ အလုပ်သမားရေးရာ ၀န်ကြီးပေမယ့် အဲဒီအချိန်မှာ အစိုးရအဖွဲ့ထဲမှာ အာဏာအရှိဆုံးလူတစ်ယောက်ဆိုတာ သိသာနေပါပြီ ။ ပေရွန်ရဲ့ အားသာချက်က အောက်ခြေအလုပ်သမားလူထုရဲ့ ထောက်ခံမှုကို ရထားတာဘဲ ။ အဲဒီအလုပ်သမားလူထုကို စပိန်လို ဒေစ်ကာမိစာဒိုစ် Descamisados လို့ ခေါ်တယ်။ တိုက်ရိုက် အဓိပ္ပါယ်က shirtless  အင်္ကျီ မပါသူများ တဲ့ ။

  •                    တကယ်တော့ ဒီစကားဟာ အင်္ကျီစုတ်စုတ်ပြတ်ပြတ် နဲ့ တခါတလေ အ၀တ်တောင် မ၀တ်နိုင်အောင် ဆင်းရဲကြတဲ့ အောက်ခြေလူတန်းစားကို  အာဂျင်တီးနား အထက်တန်းလွှာက နှိမ်ပြီး ခေါ်တဲ့စကားပါ ။ ဒါပေမယ့် ပေရွန်းနဲ့ အေဗီတာတို့ လက်ထက်ကျမှဘဲ ဒီစကားဟာ ဂုဏ်ယူစရာစကားတမျှ ပြောင်းသွားခဲ့တယ်။ ဘာကြောင့်လည်း ဆိုတော့ ပေရွန်းကို ထောက်ခံသူ အခြခံလူတန်းစားကို ရည်ရွှန်းလိုတိုင်း အေဗီတာဟာ Descamisados ( the shirtless ) ဆိုပြီး ချစ်စနိုးပုံစံ သုံးခဲ့တယ်။ Descamisados တွေရဲ့ ထောက်ခံမှုကို ရထားတဲ့ ပေရွန်းကို အစိုးရအတွင်းပိုင်းက လန့်နေရတယ် ။ နောက်ဆုံးမှာ သူတန်းခိုးကြီးလာတာကို ကြောက်တဲ့ အစိုးရဟာ ပေရွန်းကို ဖမ်းပြီး အချုပ်ထဲထည့်လိုက် ပါတော့ တယ်။
  •                    ပေရွန်းရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ အလုပ်သမားအဖွဲ့အစည်းတွေဟာ ချက်ချင်းဆိုသလို စည်းရုံးပြီး သူတို့ ခေါင်းဆောင်လွတ်မြောက်ရေးအတွက် ဆန္ဒပြဖို့ စိုင်းပြင်းကြတယ်။ ပေရွန်းကို ဖမ်းပြီး ခြောက်ရက်အကြာမှာ အောက်ခြေလူတန်းစား ၃ သိန်းကျော်လောက် သမ္မတအိမ်တော်  Pink House ရှေ့ကို ပေါက်ချလာပြီး ပေရွန်းကို လွှတ်ဖို့ တောင်းဆိုကြတယ်။
အလုပ်သမားရေးရာဌာနခေါင်းဆောင် စစ်ဗိုလ်ပေရွန်း
အလုပ်သမားရေးရာဌာနခေါင်းဆောင် စစ်ဗိုလ်ပေရွန်း

  •               ရောက်လာတဲ့ လူထုလူတပ်ကို ကြည့်ပြီး အစိုးရက ပေရွန်းကို မလွှတ်ဘဲ မနေရဲတော့လို့ လွှတ်ပေးလိုက်ရပါတယ်။ တစ်ချို့က ဒီ ဆန္ဒပြပွဲကို အေဗီတာ စီစဉ်တာလို့ ဆိုတယ် ။ တစ်ချို့ကတော့ အလုပ်သမား သမဂတွေကို စည်းရုံးပြီး ဒီလို ပွဲမျိုးကို စီစဉ်နိုင်လောက်အောင် အေဗီတာဟာ အဲဒီတုန်းက တန်ခိုးအာဏာမရှိသေးဘူးလို့ ဆိုတယ်။ ဒီအဖြစ်အပျက်ရဲ့ လိုရင်းကတော့ ပေရွန်းဟာ လွတ်လာရုံတင်မကဘဲ  မျှော်လင့်တကြီးစောင့်နေတဲ့ လူသုံးသိန်းကျော်ကို သမ္မတအိမ်တော်ပေါ်ကနေမိန့်ခွန်းပြောတာပါဘဲ ။ မိန့်ခွန်းရဲ့ အဓိကအချက်တွေကတော့ အလုပ်သမားလူတန်းစားရဲ့ အခွင့်အရေးတွေကို ဆက်ပြီး ကာကွယ်စောင့်ရှောက်ပေးသွားမယ်ဆိုတာပါ ။ ကျွန်တွေလို့ အနှိမ်ခံခဲ့ရတဲ့ဆင်းရဲသားနင်းပြားများအဖို့တော့ တကယ့်ကို စိတ်ဓါတ်တက်ကြွစရာ မိန့်ခွန်း ဖြစ်သလို သူတို့ဘက်ကရပ်တည်ပေးတဲ့ ပေရွန်းဟာ ကယ်တင်ရှင်ကြီး တစ်ပါး ပါဘဲ ။ ဒီပွဲဟာ ပေရွန်းအောင်ပွဲခံတဲ့ပွဲ။
  •                  သိပ်မကြာပါဘူး။ ပေရွန်းဟာ သူ့ရဲ့ အေဗီတာကို တရားဝင် လက်ထပ်ယူလိုက်ပါတယ်။ တရားမ၀င်သမီး အေဗီတာအတွက်တော့ ဒါဟာ အိမ်မက်ကြီးတစ်ခု အကောင်အထည်ပေါ်တာပါ။ အေဗီတာဟာ တရားဝင်ဇနီးဖြစ်တဲ့ ၁၉၄၅ မှာဘဲ သူ့ရဲ့ မလှပတဲ့ အတိတ်ကို ဖျောက်ဖျက်ဖို့ အတွက် မွေးစာရင်းဟောင်းကို ဖျောက်ဖျက်ပြီး အသစ်လုပ်ခဲ့တယ်လို့ ဆိုတယ်။ သူ့အသက်ကိုလည်း သုံးနှစ်ပိုငယ်အောင် ဖြည့်လိုက်ပါသတဲ့ ။ တရားမ၀င်သမီးဖြစ်ရတဲ့ သိမ်ငယ်မှု ၊ အဲဒါကြောင့် အနှိမ်ခံရမှုတွေကို သူစိတ်ကုန်လှပြီ ။ အခုတော့ ပေရွန်းကြောင့် သူလူရာဝင်ခဲ့ပြီ။  စစ်တပ်နဲ့ လူချမ်းသာအသိုင်းအ၀ိုင်းက ဆန့်ကျင်မျက်မုန်းကျိုးနေတဲ့ ကြားက ပေရွန်းဟာ အေဗီတာကို ယူခဲ့တာ ဖြစ်တယ်။ သဘင်သည်တစ်ယောက်နဲ့ စစ်ဗိုလ်တစ်ယောက်ယူတယ်ဆိုတာ အာဂျင်တိုင်း စစ်အသိုင်းအ၀ိုင်းအတွက်တော့ လက်မခံနိုင်စရာ ကိစ္စတစ်ခု။ ဘယ်သူကဘာပြောပြော ပေရွန်းဟာ အားလုံးကို ဆန့်ကျင်ပြီး အေဗီတာကို လူရာသွင်း ရှေ့တန်းတင်ခဲ့တာ၊ တရားဝင်ယူတာဟာ တော်ရုံစေတနာနဲ့တော့ မဟုတ်နိုင်ဘူးလို့  ဆိုကြတယ် ။ အဲဒီနောက်တော့ အသက်ထက်ဝက်တိတိကွာပေမယ့်  အချစ်လို့ဘဲ ခေါ်ခေါ် တစ်ယောက်ကို တစ်ယောက်အသုံးချနေခြင်းလို့ဘဲ ပြောပြော ညီမလေးနဲ့အိုပါး တို့ သံယောဇဉ်ဟာ အတော်လေး ခိုင်မာခဲ့ပါသတဲ့ ။
 
  •                ၁၉၄၆ မှာ ပေရွန်းဟာ သမ္မတရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အေဗီတာရဲ့ အခန်းကဏ္ဍဟာ ပိုအရေးပါမယ့် အချိန်ကို ရောက်လာပါပြီ။ သူဟာ ကိုယ်တိုင်က ရေဒီယိုမင်းသမီးဆိုတော့ ရေဒီယိုကနေ အင်မတန် စိတ်အားတက်ကြွစရာကောင်းတဲ့ မိန့်ခွန်းတွေကို ပြောခဲ့တယ်။ သူပြောတာတွေက သူဌေးခရိုနီတွေမလိုလားတဲ့အခြေခံလူတန်းစားဘ၀ကို မြှင့်တင်ရေးတွေလုပ်ဖို့၊ အလုပ်သမားအခွင့်အရေးတွေ ရအောင်လုပ်ဖို့တွေပါ ။ တိုတိုပြောရရင်တော့ အဲဒါတွေကို လုပ်ဖို့ ပေရွန်းကို မဲပေးကြပါပေါ့။  အေဗီတာဟာ သူကိုယ်တိုင်က ဆင်းရဲသား နင်းပြားဘ၀က လာရတာကို အမြဲတမ်း ထည့်ပြောခဲ့ခြင်းအားဖြင့် သာမန်လူထုနဲ့ တစ်သားတည်းရှိကြောင်း ပြခဲ့တယ်။  သူ့ယောက်ျားနဲ့ အတူ အာဂျင်တီးနား တနံတလျားကို ခရီးသွားပြီး အကြီးအကျယ် မဲဆွယ်ပေးခဲ့တယ်။ သူတို့ မဲဆွယ်ခရီး အတွက် သုံးခဲ့တဲ့ ရထားကိုလည်း el Descamisado ( the shirtless ) လို့ နာမည်ပေးပြီး ဆင်းရဲသားတွေကို အလေးထားချစ်ခင်ကြောင်း ပြခဲ့ကြတယ်။
El Descamisado ( the Shirtless ) ဟု နာမည်ပေးထားတဲ့ ရထားပေါ်မှ အေဗီတာ
El Descamisado ( the Shirtless ) ဟု နာမည်ပေးထားတဲ့ ရထားပေါ်မှ အေဗီတာ
 
  •               အာဂျင်တီးနားရဲ့ အာဏာရ ခရိုနီတွေ ၊ အိုလီဂါခ် Oligarch တွေဟာ ပေရွန်းနဲ့ တပူးတွဲတွဲ ဖြစ်နေတဲ့၊ လူထုကြားထဲမှာ ပေါ်ပြူလာ ဖြစ်နေတဲ့ အေဗီတာကို ကြည့်ပြီး မခံစားနိုင် ဖြစ်နေခဲ့ကြ..........။

                    အဲဒီမဲဆွယ်ပွဲတွေကနေစပြီး အေဗီတာ ဆိုတဲ့ နာမည်ကို ရခဲ့တာပါဘဲ ။ ငယ်နာမည်က Eva Duarte ။ ပေရွန်းယူပြီးတဲ့နောက် သူ့နာမည်က Eva Peron ။ ဒါပေမယ့်မဲဆွယ်ပွဲတွေလုပ်တော့ အေဗီတာက သူ့ကို Eva Peron လို့ မခေါ်ဘဲ Evita လို့ ခေါ်ပါ လို့ လူထုကို ပြောခဲ့တယ်။ Evita ဆိုတာ စပိန်လို Little Eva ပါ ။ ကိုယ်ချစ်ခင်နှစ်သက် လိုလားသူတွေဆိုရင် နာမည်ကို '' လေး '' ဆိုတာ ထည့်ခေါ်သလိုပေါ့ ။ အဲဒီကတည်းက သူဟာ Evita သို့မဟုတ် အေဗာကလေး လို့ ဆိုတဲ့ ချစ်စနိုး နာမည်ရသွားခဲ့တယ်။ ချောမောလှပတဲ့ အေဗီတာ ၊ အပြောကောင်းတဲ့ အေဗီတာ ၊ သာမန်ပြည်သူတွေဘက်က ရပ်တည်တဲ့ အေဗီတာ ၊ ခရိုနီတွေကလွဲလို့ အားလုံး အေဗီတာ ဖြစ်ခဲ့ပြီ ။ ရွေးကောက်ပွဲမှာ ပေရွန်းနိုင်ခဲ့တဲ့ အတွက် အေဗီတာဟာ  အသက်က ၂၇ နှစ်မှာ အာဂျင်တိုင်းတွေရဲ့ သမ္မတကတော် First Lady  ဖြစ်ခဲ့ပြီ ။


                    သမ္မတကတော် ဖြစ်ပြီး တစ်နှစ်အကြာမှာတော့ အေဗီတာဟာ အရှက်ကွဲမယ့် ဥရောပခရီးကြီးကို တက်ကြွစွာ စတင်ထွက်ခဲ့ပါတော့တယ်။

                                         ***********************************
  •                 အေဗီတာ ဥရောပမှာ ဘာကြောင့်အရှက်ကွဲရသလဲဆိုတာ ပြောဖို့ ပေရွန်းအစိုးရဟာ ဘယ်လိုအစိုးရမျိုးလဲဆိုတာ သိမှ ဖြစ်မှာမို့ နည်းနည်းပြောပါရစေ။                  
                 သူသမ္မတဖြစ်ချိန်မှာ ကမ္ဘာပေါ်မှာ နိုင်ငံရေးဝါဒတွေ အမျိုးမျိုး ကွဲနေချိန် ..အထူးသဖြင့် အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးဟာ ကမ္ဘာ့နိုင်ငံရေးမှာ ငပွကြီးအပြိုင်လုပ်ချိန် ။ အဲဒီ နှစ်နိုင်ငံကြား စစ်သာမဖြစ်တာ ဘယ်အချိန်ထသတ်ကြမလဲ မသိနိုင်တဲ့ စစ်အေးကာလ Cold War ဆိုတာကြီး ဖြစ်နေချိန် ။ ဒါနဲ့ဘဲ အဲဒီ ၂ နိုင်ငံကြား ၀င်မပါချင်တဲ့ အာဂျင်တီးနားကဲ့သို့ တိုင်းပြည်တစ်ချို့ဟာ Third Position ဆိုတဲ့ လမ်းကို လိုက်ကြတယ်။ Third Position ဆိုတာ ကွန်မြူနစ်ဝါဒ ( လက်ဝဲ ) နဲ့ အရင်းရှင်ဝါဒ ( လက်ယာ ) ရဲ့ အစွန်းနှစ်ဖက်ကို ရှောင်ပြီး လက်ဝဲနဲ့လက်ယာကြားက လမ်း ။ ပေရွန်းအစိုးရဟာ ဆိုဗီယက်ပြည်ထောင်စုကြီးက ကျင့်သုံးတဲ့ အထက်က ချုပ်ကိုင် ပြည်သူပိုင်စနစ်နဲ့ ကွန်မြူနစ်လုံးလုံးလည်း မဟုတ် ။ အမေရိကန်ရဲ့ အကျိုးအမြတ်ရှေ့တင် အရင်းရှင်ပုံစံမျိုးလည်း အပြည့်အ၀မဟုတ် ။ သူ့ဝါဒက ရှိသမျှစနစ်တွေကနေ သူကြိုက်တာကို နည်းနည်းချင်းစီယူ သူစိတ်ကြိုက်လုပ်ခဲ့တယ်။  ဒါကြောင့် သူ့ဝါဒကို ပေရွန်းဝါဒ Peronism လို့ ခေါ်တယ်။
 

  •                  ပေရွန်းက ၀ါဒစွဲမရှိသူလို့သူ့ကိုယ်သူ ခံယူတယ်။  ဒါကြောင့် သူဟာ နာဇီဂျာမန်တွေလက်ချက်နဲ့ ထွက်ပြေးလာရတဲ့ ဂျူးတွေကို ကူညီခဲ့တယ်။ ခိုလှုံခွင့်ပေးခဲ့တယ်။ သူ့အစိုးရအဖွဲ့ထဲမှာ ရာထူးကြီးရထားတဲ့ ဂျူးတွေ ရှိခဲ့တယ်။ အာဂျင်တိုင်း လူ့အဖွဲ့အစည်းမှာလည်း ဂျူးယဉ်ကျေးမှုကို အားပေးလိုက်လျောခဲ့တယ် ။ ဒါကြောင့်ဘဲ ယနေ့မှာလည်း အာဂျင်တိုင်းနိုင်ငံသား ခံယူထားတဲ့ ဂျူးတွေ ၂ သိန်းလောက်ရှိပြီး အာဂျင်တီးနားဟာ လက်တင်အမေရိကမှာ ဂျူးလူဦးရေ အများဆုံးရှိတဲ့ နိုင်ငံအဖြစ် စံချိန်တင်ဆဲ ။ လက်ရှိ ကမ္ဘာပေါ်မှာ ဂျူးလူဦးရေ အများဆုံး နိုင်ငံတွေထဲက နံပါတ် ၆ နေရာမှာ ရှိတယ်။

  •                  ဒါပေမယ့် တစ်ဖက်ကလည်း ပေရွန်းဟာ ဂျူး ၆ သန်းလောက်ကို ရက်ရက်ရက်စက်သတ်ခဲ့ရာမှာ ပါဝင်တဲ့ ဂျာမန်နာဇီ ရာဇ၀တ်ကောင်တွေကို အာဂျင်တီးနားမှာ ခိုလှုံခွင့်ပေးခဲ့ပြန်တယ်။ သူတို့ကို Passport အသစ်လုပ်ပေး၊ နာမည်အတုလုပ်ပေး ၊ ခိုလှုံခွင့်ပေးရုံမကဘဲ တခြားနိုင်ငံတွေကို သွားခိုလှုံမယ့် နာဇီတွေကိုလည်း အဆင်ပြေပြေ ရောက်သွားအောင် ကမကထ လုပ်ပေးခဲ့တယ် ။အဲလို ၂ ဖက်ချွန်လုပ်တာကြောင့် သူသမ္မတဖြစ်တဲ့ နောက်ပိုင်းစပြီး အာဂျင်တီးနားက ဂျူး ၄ သောင်းခွဲလောက် အစ္စရေးကို ပြောင်းသွားခဲ့တယ်။


မီဒီယာကို လက်ဝါးကြီးအုပ်ပြီး ၀ါဒဖြန့်တဲ့ ပေရွန်းအစိုးရ
  •                  ပေရွန်းဟာ သမ္မတဖြစ်ဖြစ်ချင်း အာဂျင်တီးနားရဲ့ လူတန်းစားကွာဟမှုကို ပပျောက်အောင်ဆိုပြီး အလုပ်အကိုင်ပေါများရေးနဲ့ အလုပ်သမားတွေ လုပ်ခတိုးရေးကို အားတက်သရော လုပ်ပေးခဲ့တယ်။ သူက တချိန်ချိန်မှာ တတိယကမ္ဘာစစ်ဖြစ်နိုင်တယ်လို့ ယူဆတဲ့အတွက် စစ်တပ်ကို ပိုခေတ်မှီအောင် လက်နတ်တပ်ဆင်တယ်။ စစ်ဖြစ်သည်ရှိသော် ကိုယ့်ပစ္စည်းနဲ့ကိုယ် ဖူလုံအောင်ဆိုပြီး  ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးကို ကြိုးပမ်းခဲ့တယ်။ နိုင်ငံခြားသွင်းကုန်တွေ လျှော့ချပြီး စက်ရုံအလုပ်ရုံများစွာကို ပြည်သူပိုင်သိမ်းခဲ့တယ် ။ ခရိုနီတွေကို ထိန်းချုပ်တဲ့အနေနဲ့နိုင်ငံခြားဈေးကွက်များစွာကို အစိုးရက ချုပ်ကိုင်ခဲ့တယ်။ ဘဏ်တွေကို ပြည်သူပိုင်သိမ်းခဲ့တယ်။ သွင်းကုန်တွေ လျှော့ချတာကြောင့် အစပိုင်းမှာ သူ့ရဲ့ စီးပွားရေး ပေါ်လစီတွေ အောင်မြင်သလိုရှိခဲ့တယ်။ ဒုတိယကမ္ဘာစစ်ပြီးစမှာ ကုန်ပစ္စည်းတွေရှားပါးမှုကြောင့် အာဂျင်တိုင်း ထုတ်ကုန်တွေ နိုင်ငံခြားမှာ ဈေးကောင်းရတဲ့အတွက် ပိုလျံလာတဲ့ အမြတ်ငွေနဲ့ တိုင်းပြည် လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်၊ စွမ်းအင်နဲ့ လောင်စာကဏ္ဍတိုးတက်အောင် စတာတွေကို လုပ်ပေးခဲ့ပါတယ်။
  •                     ဒါပေမယ့် သုံးလေးနှစ်အကြာမှာတော့ နိုင်ငံခြား သွင်းကုန်တွေ ကန့်သတ်လိုက်တဲ့ဒဏ်ကို ကျော့ကော့အောင် ခံရပါတော့တယ်။ သွင်းကုန်ဈေးတွေ မိုးပေါ်တက်သွားပြီး အရင်ရထားတဲ့ အမြတ်တွေကို ပြောင်သွားတဲ့အပြင် ပြည်ပနိုင်ငံတွေနဲ့ ဖြစ်တဲ့ တခြားသော စီပွားရေးပြသာနာတွေကြောင့် အေဗီတာသေတဲ့ ၁၉၅၂ နောက်ပိုင်းမှာ ပေရွန်းအစိုးရဟာ ကြွေးလည်ပင်းနစ်နေပါပြီ။ ဒါပေမယ့်အဲဒီထိရောက်ဖို့က နည်းနည်းလိုသေးတော့ ဒီလောက်ဘဲ ထားလိုက်ပါ့မယ်။ အခုတော့ အေဗီတာလည်း မသေသေး ။ အခုမှ အသစ်စက်စက် သမ္မတကတော် ဖြစ်တဲ့ဟာကို။
  •                     ပေရွန်းက အလုပ်ရှင်နဲ့ အလုပ်သမား ကြားထဲက ဆက်ဆံရေးတင်းမာမှုတွေ ပြသာနာတွေကို အစိုးရက ကြားဝင်စေ့စပ်ပေးရမယ် လို့ ခံယူထားတယ်။ ဒီပေါ်လစီက အလုပ်သမားလူတန်းစားရဲ့ သည်းခြေကြိုက် ။ အလုပ်သမားအသင်းအဖွဲ့တွေလည်း ပိုဖွဲ့ပေးခဲ့တယ်။  ပေရွန်းလက်ထက် အာဂျင်တီးနားမှာ  သမ္မဂ၀င်အလုပ်သမားပေါင်း ၅ သန်းလောက်ရှိတာမို့ လက်တင်အမေရိကတိုင်းပြည်တွေမှာ သမဂ၀င်အလုပ်သမား အများဆုံး ရှိတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလုပ်သမားတွေဟာ ပေရွန်းရဲ့ ကျောထောက်နောက်ခံ ....။

  •                   တဖက်ကလည်း ပျံလန်နေတဲ့ ပေါ်လစီတွေနဲ့ ပေရွန်းကို အာဏာရှင်လို့ တခြားနိုင်ငံတွေကရော အာဂျင်တီးနားက အတိုက်အခံတွေကရော သတ်မှတ်ကြတယ်။ အကြောင်းကတော့ လုပ်ငန်းတွေကို သူကြိုက်သလို ပြည်သူပိုင် သိမ်းရုံမက သူ့ကို ဆန့်ကျင်သူမှန်သမျကို နည်းမျိုးစုံနဲ့ နှိမ်နင်းခဲ့လို့ဘဲ ဖြစ်တယ်။ သူက မူဆိုလီနီရဲ့ ဖက်ဆစ်ဝါဒကို ပေါ်ပေါ်ထင်ထင် သဘောကျသူပီပီ ဖက်ဆစ်ဆန်ဆန် အုပ်ချုပ်ခဲ့တယ်။ ဖက်ဆစ်ဝါဒရဲ့ သဘောအတိုင်း သူ့ကိုယ့်သူ အားလုံးထက် ကြီးမြတ်တဲ့ခေါင်းဆောင်ကြီး Supreme Leader လို့ ခံယူတယ်။ သူသာလျင် တိုင်းပြည်ရဲ့ ပြယုဂ်၊ သူသာလျင် လူထုကို စည်းလုံးညီညွတ်အောင်လုပ်နိုင်သူလို့ ခံယူထားတယ်။
   

******အပိုင်း ( ၂ ) ကို Note  မှာ ဆက်ဖတ်ပါရန် *******

Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်