ချစ်စရာ မုန်းစရာ အေဗီတာ အပိုင်း ( ၃ ) By Spring Flowers

  •                  အကြောင်းကတော့ အစိုးရသစ်ဟာ အေဗီတာကို အာဂျင်တီးနား မြေပေါ်မှာ မထားရဲလို့ပါဘဲ ။ အေဗီတာရှိမယ့်နေရာဟာ မလွဲမသွေ လူထုစည်းဝေးရာ နေရာတစ်ခု ဖြစ်လာမယ်။ ပေရွန်းကို ထောက်ခံသူတွေရဲ့ တွေ့ဆုံရာ နေရာဖြစ်လာမယ် ။ ဒါကြောင့် အီတလီကို တိတ်တဆိတ်သယ်သွားပြီး သာမန်သင်္ချိုင်းတစ်ခုမှာ မြုပ်ထားခဲ့တာပါ ။ ဒီလိုနဲ့ အေဗီတာရဲ့ အလောင်းဟာ မီလန်မှာ ၁၆ နှစ်ကြာ လူမသိသူမသိ ရှိခဲ့တယ်။  ၁၉၅၅ ကနေ ၁၉၇၁ အတွင်းမှာ ပေရွန်း၊ အေဗီတာတို့နဲ့ ပတ်သက်တာအကုန်လုံးကို စစ်အစိုးရသစ်က တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့တယ်။ ဓါတ်ပုံဆောင်ထားဖို့ မပြောနဲ့ သူတို့ နာမည်ကို တောင် မပြောရ။ ဒါပေမယ့် အေဗီတာရဲ့ လွှမ်းမိုးမှုဟာ ဆုံးခန်းမတိုင်ခဲ့ပါ။ အေဗီတာဆုံးပြီးတဲ့နောက် ရောမမြို့က ပုပ်ရဟန်းမင်းဆီကို စာတွေ တဖွဲဖွဲရောက်လာသတဲ့ ။ အေဗီတာကို သူတော်စင် Saint အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတဲ့ စာတွေ ။  Saint အဖြစ် သတ်မှတ်ခြင်း မခံရပေမယ့် အာဂျင်တီနားတ၀ှမ်းမှာ ယနေ့အထိ အေဗီတာအတွက် ရည်စူးပြီးလုပ်တဲ့ ဆုတောင်းပွဲတွေရှိနေပါသေးတယ် ။ သူ့ပုံကို အိမ်ခေါင်းရင်ခန်းမှာ ချိတ်ပြီးကိုးကွယ်သူတွေလည်း တပုံတပင်။ အဲဒီလူတွေဟာ ပေရွန်းကို ဆက်ပြီး ထောက်ခံခဲ့ကြလို့ ပေရွန်းဟာ နိုင်ငံခြားကနေ အာဂျင်တီနားရဲ့ နိုင်ငံရေးကို အနှစ် ၂၀ ကျော် လွှမ်းမိုးခဲ့တယ်။

  •                ၁၉၇၁ မှာ အာဂျင်တိုင်းအစိုးရဟာ ပေရွန်းနဲ့ရန်စတွေ ကြေအေးဖို့အတွက် အေဗီတာရဲ့ အလောင်းမြုပ်ထားရာနေရာကို ထုတ်ပြောခဲ့သတဲ့။ ပေရွန်းဟာ ချက်ချင်းဆိုသလို အလောင်းကို သွားဖော်ခိုင်းပြီး စပိန်က သူ့အိမ်ကို သယ်လာခိုင်းတယ်။ အဲဒီအချိန်မှာ ပေရွန်းက အသက် ၇၅ နှစ်ရှိနေပြီ ။ နောက်မိန်းမရထားတာလည်း ကြာလှပေါ့ ။ သူ့နောက်မိန်းမ အစ္စဘယ် Isabel ကလည်း အေဗီတာလို ခပ်ငယ်ငယ်။ သူတို့ဟာ အေဗီတာအလာင်းကို ထမင်းစားခန်းထဲမှာ ကျကျနန ထားခဲ့ပြီး အစ္စဘယ်က နေ့စဉ် ခေါင်းဖြီးပေးတယ်ဆိုဘဲ ။ အေဗီတာလို လူချစ်လူခင်များတဲ့ဓာတ်ကူးအောင် အလောင်းဘေးမှာ ၀င်လှဲအိပ်နေတတ်တယ်ဆိုတဲ့ ကောလဟာလတွေတောင် ထွက်လာသေး ။ ( အစ္စဘယ်ဟာ နောက်ပိုင်းမှာ အာဂျင်တီးနားရဲ့ သမ္မတဖြစ်လာပြီး သူ့ရဲ့ အယူသီးမှု၊ ဗေဒင်ရတယာတွေ ယုံကြည်ကိုးစားမှုက လူသိရှင်ကြား ဖြစ်လာတော့ အေဗီတာနဲ့ ကိစ္စကိုလည်း  လူတွေက ချဲ့ကားပြောတာ ဖြစ်နိုင်တယ်။ )

  •                        နောက်ဆုံးမှာတော့ ပေရွန်းလက်သပ်မွေးထားတဲ့ သူ့တပည့် Jose Campora ဆိုသူက အာဂျင်တီးနားမှာ သမ္မတဖြစ်ပြီး ပေရွန်းလည်း ပြည်တော်ပြန်ဝင်လာခဲ့။ ၁၉၇၃ မှာ ပေရွန်းသမ္မတပြန်ဖြစ်ပြီး သူ့မိန်းက အစ္စဘယ်က ဒုသမ္မဖြစ်လာခဲ့တယ်။ ဒီတစ်ကြိမ်သမ္မတရာထူးမှာ ပေရွန်းဟာ ၉ လသာ ခံခဲ့တယ်။ အကြောင်းကတော့ နှလုံးရောဂါဖောက်ပြီး အေဗီတာနောက်ကောက်ကောက်ပါအောင် လိုက်သွားလို့ပါဘဲ။ သမ္မတဖြစ်လာတဲ့ အစ္စဘယ်ဟာ စပိန်မှာ ကျန်ခဲ့တဲ့ အေဗီတာကို အာဂျင်တီးနားကို သယ်လာခိုင်းပြီး အာဂျင်တီးနားပြည်သူတွေကြည့်လို့ရအောင် ပေရွန်းရဲ့ အလောင်းနဲ့ ယှဉ်တွဲပြထားပေးခဲ့တယ် ။
  
  •                       နိဂုံးချုပ်ရရင်တော့ အေဗီတာဟာ ဒီနေ့အထိ Buonos Aires မြို့ရဲ့ လူချမ်းသာရပ်ကွက် Recoleta က သင်္ချိုင်းမှာ ရှိနေဆဲ။ Buonos Aires မြို့ရောက်တဲ့တိုးရစ်စ်တိုင်းရဲ့ တကူးတက သွားကြည့်ရာနေရာ။ လူတန်းစားမညီမျှမှုကို ရေကုန်ရေခန်းတိုက်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ဘ၀ဇာတ်ကြောင်းကို စဉ်းစားခန်းဖွင့်စရာနေရာ ဖြစ်ပါတယ်။ 

  •             ဝေဖန်သူများကတော့ အေဗီတာရဲ့ ဂူဟာ ဗုံးထိရင်အောင် မပျက်စီးအောင် ခိုင်ခန့်ပါသတဲ့ ။ ဘာကြောင့်လည်းဆိုတော့ အာဂျင်တိုင်း အစိုးရတွေဟာ အလောင်းပျောက်သွားပြီး အေဗီတာ ပြန်ရှင်လာတယ်ဆိုတဲ့ ဇာတ်လမ်းတွေပေါ်လာမှာစိုးတယ်။ အေဗီတာကိုးကွယ်မှု သို့မဟုတ် မိန်းမတစ်ယောက်ကို အသည်းအသန်ကိုးကွယ်မှုတစ်ခု ပြန်ပေါ်လာမှာကို ကြောက်ကြတယ်လို့ ဆိုပါတယ်။ ပေရွန်းကတော့ တမြို့ထဲပေမယ့် သူ့မိသားစုဝင်တွေကို မြုပ်ထားတဲ့နေရာမှာမို့ ၂ ယောက်သားအတူတကွတော့ မဟုတ်။ ဒါပေမယ့် သူတို့လွှမ်းမိုးမှုဟာ ဒီနေ့အထိ မပျောက်သေးပါ။ ပေရွန်းဝါဒ Peronism ဟာ ရှုပ်ထွေးလှတဲ့အာဂျင်တိုင်းနိုင်ငံရေးမှာ ပုံစံအသစ်တွေနဲ့ ရှင်သန်ဆဲ။ သူတို့ ၂ ယောက်တည်ထောင်ခဲ့တဲ့ Justicialist Party ဟာ ဒီနေ့မှာ အာဂျင်တီးနားရဲ့ အာဏာရပါတီလည်း ဖြစ်တယ်။ ပေရွန်းပါတီဝင်ဖြစ်တဲ့ လက်ရှိသမ္မတ Cristina Fernandez ကို ထောက်ခံသူတွေက အေဗီတာလက်သစ်လို့ ခိုင်းနှိုင်းတိုင်း Cristina က သူဟာ အေဗီတာနဲ့ အနှိုင်းခံရဖို့ မ၀န့်ရဲ့ကြောင်း၊ အေဗီတာဟာ အင်မတန်စံပြုစရာကောင်းတဲ့ ရှာမှရှားတဲ့ အမျိုးသမီးဖြစ်ကြောင်း ပြောတတ်ပါတယ်။ ( တကယ် အနှိုင်းမခံချင်တာလား ဂျီးတော် )
Buonos Aires မြို့ Ministry of Social development အဆောက်အဦးမှာ သံဖြင့်ဆောက်ထားသော အေဗီတာပုံ
Buonos Aires မြို့ Ministry of Social development အဆောက်အဦးမှာ သံဖြင့်ဆောက်ထားသော အေဗီတာပုံ
  • ဒီပုံကြီးကို လက်ရှိသမ္မတ Cristina Fernandez က အေဗီတာသေတဲ့ နှစ်ပတ်လည် အချိန်အတိအကျ၂၀၁၁ ခုနှစ် ဂျူလိုင်၂၆ ရက်  ည ၈.၂၅ မိနစ်တိတိမှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တယ်။
    ဒီပုံကြီးကို လက်ရှိသမ္မတ Cristina Fernandez က အေဗီတာသေတဲ့ နှစ်ပတ်လည် အချိန်အတိအကျ၂၀၁၁ ခုနှစ် ဂျူလိုင်၂၆ ရက် ည ၈.၂၅ မိနစ်တိတိမှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့တယ်။

သမ္မတ Cristina Fernandez ဟာ အခမ်းအနားတွေမှာ အေဗီတာရဲ့ ပုံတွေ ရုပ်တုတွေကို နောက်ခံထားပြီး စကားပြောခြင်းအားဖြင့်မိမိရဲ့ လုပ်ဆောင်ချက်တွေကို အေဗီတာလုပ်ပေးခဲ့တာတွေနဲ့ နှိုင်းလေ့ရှိတယ်။ (ခုနက ပြောတော့ အနှိုင်းမခံဝံ့ပါဘူးဆို )
သမ္မတ Cristina Fernandez ဟာ အခမ်းအနားတွေမှာ အေဗီတာရဲ့ ပုံတွေ ရုပ်တုတွေကို နောက်ခံထားပြီး စကားပြောခြင်းအားဖြင့်မိမိရဲ့ လုပ်ဆောင်ချက်တွေကို အေဗီတာလုပ်ပေးခဲ့တာတွေနဲ့ နှိုင်းလေ့ရှိတယ်။ (ခုနက ပြောတော့ အနှိုင်းမခံဝံ့ပါဘူးဆို )
  •                      သူတို့ကို ဆန့်ကျင်သူတွေ ဝေဖန်သလို မညှာမတာပြောရရင် တကယ်တမ်းတော့ အေဗီတာလုပ်ခဲ့တာဟာ သူ့ယောက်ျားပေရွန်းအာဏာတည်မြဲရေးကို အဓိကရှေ့ရှုခဲ့တာပါ။ အဲဒီအတွက် နည်းမျိုးစုံသုံးခဲ့တယ်။ ပြည်သူအတွက် သူလုပ်ပေးခဲ့တယ်ဆိုတာတွေဟာ ကြာရှည်တည်မြဲမယ့် အစိုးရကောင်းတစ်ရပ်၊ ပညာရှိတဲ့ အစိုးရကောင်းတစ်ရပ်ရဲ့ လုပ်ရပ်မျိုးနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး ။ ပိုက်ဆံနဲ့ အာဏာကို ထင်သလိုသုံးပြီး စိတ်ထဲရှိရာ စိတ်ကြိုက်ကြဲခဲ့တဲ့ လုပ်ရပ်တစ်ခုသာပါ။ ဒါပေမယ့် ငြင်းလို့မရတာတစ်ချက်ကတော့ အဲသလို လုပ်တဲ့နေရာမှာ သူထားခဲ့တဲ့ စေတနာပါဘဲ ။ အခြေခံလူတန်းစားကလာတဲ့သူဟာ ဆင်းရဲသားကျောမွဲတွေရဲ့ ဒုက္ခကို နှလုံးသားနဲ့ ခံစားနားလည်ပြီး သူတတ်နိုင်သလောက် မီးကုန်ယမ်းကုန်လုပ်ပေးခဲ့တယ်။ သူ့ကြောင့်ဆင်းရဲသားတွေရဲ့ ဘ၀များစွာတိုးတက်ကောင်းမွန်သွားခဲ့တယ်။ ကိုယ်ကျိုးအတွက်လုပ်တဲ့ ရောင်စုံစေတနာတွေကြားက အားကောင်းထင်ရှားလှတဲ့ အဖြူရောင်စေတနာတစ်ခုကို ပြည်သူတွေ ခံစားမိခဲ့တယ်။ ဒီစေတနာရဲ့ ရောင်ပြန်ဟပ်မှုကြောင့်ဘဲ သူ့နာမည်မသေခဲ့။ ဒါကြောင့်ဘဲ သူဟာ အီမဲဒါးမားကို့စ်လို အများပြည်သူရဲ့ ချဉ်ဖတ်နေရာကို ရောက်မသွားခဲ့။

  •                 အသက် ၃၃ နှစ်နဲ့ အေဗီတာ လွန်ခဲ့တဲ့ အနှစ် ၆၀ ကျော်က သေခဲ့တယ်။ ဒါပေမယ့် အာဂျင်တိုင်းပြည်သူ သန်းပေါင်းများစွာရဲ့ နှလုံးသားမှာ ယနေ့ထိ အေဗီတာ ရှင်သန်ဆဲ..........။





 









Comments

Popular posts from this blog

သံဘယ်လိုချမလဲ

သံကောင် တုတ်ကောင် လျှော့မတွက်စေလို

စကော့ဈေးမှာ ချာလည်လည်